လူကုန်ကူးရာတွင် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက် စည်းရုံး ခေါ်ဆောင်သည်ကို သဘောတူ၍ လိုက်ပါသည်အထိ လူကုန်ကူးမှု လမ်းကြောင်းများ ပြောင်းလဲလာကြောင်း ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။
ဒု သမ္မတက “အရင်က အမျိုးသမီးတွေကို နယ်စပ်အထိ စည်းရုံး ခေါ်ဆောင်ပြီး ရောင်းစားခဲ့တာကို တွေ့ရှိရပါတယ်။ လက်ရှိမှာတော့ မိမိနိုင်ငံအတွင်း ဝင်ရောက်ပြီး တိုက်ရိုက်စည်းရုံးခေါ်ဆောင်တာကို သဘောတူ လိုက်ပါသွားတဲ့ အထိ ပြောင်းလဲ ဖြစ်ပျက်လာတာကို တွေ့ရှိရပါတယ်” ဟု ဆိုသည်။
စက်တင်ဘာလ ၁၃ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်ခဲ့သော သတ္တမ အကြိမ်မြောက် မြန်မာနိုင်ငံ လူ ကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
လူကုန်ကူးမှု ဖြစ်စဉ်များကို ကြည့်ပါက ယခင်နှင့် မတူဘဲ ပြောင်းလဲလာသည့် အခြေအနေများကို တွေ့ရကြောင်း၊ ထိုသို့ ပြောင်းလဲရခြင်းမှာ အလုပ်အကိုင် ရှားပါးမှု၊ စီးပွားရေးနှင့် စားဝတ်နေရေး ကြပ်တည်းမှုများနှင့် တိုက်ရိုက် ဆက်နွယ်နေ သည်ကို တွေ့ရှိရပြီး နှစ်စဉ် လျော့ပါးသွားခြင်း မရှိဘဲ ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း ဒု သမ္မတက ဆက် လက် ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုမှာ နှစ်စဉ် ၇၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း၊ လူကုန်ကူး ခံရသည့်အထဲမှ အဓမ္မ ထိမ်းမြားလက်ထပ်ခံရခြင်းမှာ အမြင့်ဆုံး ဖြစ်နေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နောင်က သတင်းထောက်များကို ပြောသည်။
နိုင်ငံခြားသားနှင့် ထိမ်းမြား လက်ထပ်ခြင်းကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် ခွင့်ပြုခဲ့သဖြင့် ယင်းသို့ ခွင့်ပြုထားသည့် ဥပဒေ အပေါ် လက်တလုံးခြား ထိမ်းမြားလက်ထပ်ခြင်းများလည်း များစွာရှိကြောင်းလည်း ၎င်းက ဆိုသည်။
ရဲမှူးကြီး သက်နောင် က “သူတို့က တရားဝင် လေယာဉ်နဲ့ ခေါ်ဆောင်သွားတယ်။ အဲဒီမှာ တားဖို့ ကျနော်တို့က အခက်အခဲ ဖြစ်တယ်။ ဘာတွေ ထပ်တွေ့ရလဲဆိုရင် ဒီလိုသဘောတူ ခေါ်သွားပြီးမှ ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာတောင် မရှောင် ညှဉ်း ပမ်းနှိပ်စက်တာတွေ၊ လုပ်အား ခေါင်းပုံဖြတ်တာလို့ ပြောလို့ရတယ်။ ပိုက်ဆံရှာပြီး သူ့ကို ပြန်အပ်ရတယ်” ဆက်လက် ပြော ကြားသည်။
ထိုသို့ ခေါ်ဆောင်သွားသည်ကို တာဝန်ရှိသူများက တားမြစ်၍ မရကြောင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် အမျိုး သမီးများကို တရုတ်နိုင်ငံသို့ ရောက်သည့် အခါတွင် အခန်းထဲ၌ ထည့်ထားကာ လူပေါင်းစုံ လာကြည့်၍ ကုန်ပစ္စည်း တခုကဲ့ သို့ လူမဆန်သည့် ကျူးလွန်မှုများစွာလည်း ဖြစ်ပေါ်နေကြောင်း ၎င်းက ရှင်းပြသည်။
ထိုသို့ မြန်မာ အမျိုးသမီးများ တရုတ်နိုင်ငံသို့ ခေါင်းစဉ် အမျိုးမျိုးဖြင့် လူကုန်ကူးခံနေရခြင်းမှာ တရုတ်နိုင်ငံ အစိုးရနှင့် လုပ် သားစေလွှတ်ရေးဆိုင်ရာ လက်မှတ်ရေး ထိုးထားခြင်း မရှိသည့်အတွက် အများဆုံး ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသို့ လုပ်သားစေလွှတ်ရန် အတွက် တရားဝင်လုပ်နိုင်ပါက လူကုန်ကူးမှု ပြဿနာများမှာ အထိုက်အလျှောက် လျော့ နည်းသွားနိုင်ကြောင်း အရပ်ဘက် အဖွဲ့အစည်းတခု ဖြစ်သည့် အနာဂတ် အလင်းတန်းများ ဆုံမှတ်မှ ဒါရိုက်တာ ဒေါ်သက် သက်အောင်က သုံးသပ်ပြောဆိုသည်။
ဒေါ်သက်သက်အောင်က “လူကုန်ကူးခံရသူတွေထဲမှာ သူတို့ရဲ့ ယုံကြည်စိတ်ချရတဲ့ သူတွေထဲကပဲ ရောင်းစားသွားတာ လည်း တွေ့ရတယ်။ တဖက်နိုင်ငံမှာ လူကုန်ကူး ခံနေရပြီဆိုရင် အရပ်ဘက် အဖွဲ့အစည်း အနေနဲ့ သွားရောက် လုပ်ပိုင်ခွင့် အပြည့်အဝ မရဘူး။ လူကုန်တားရဲတွေ၊ အရက်ဘက် အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး သွားကူညီရတာ ဖြစ်တယ်” ဟု ဆို သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မ ထိမ်းမြားလက်ထပ်ခြင်း၊ အဓမ္မ ပြည့်တန်ဆာ ပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ကလေးသူငယ် လူကုန်ကူးခြင်း၊ ကြွေးမြီနှင့် နှောင်ဖွဲ့ခိုင်းစေခြင်း စသည့် ပုံစံ ၅ မျိုး ရှိကြောင်း သိရသည်။
ဒုသမ္မတက အခြေခံ လူတန်းစားများသည် အလုပ်အကိုင် အခွင့်အလမ်းများ အတွက် စွန့်စား၍ သွားရောက် အလုပ် လုပ် ကိုင်ကြခြင်းကြောင့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရကြောင်း၊ ပြည်ပကို သွားရောက်ပြီး အလုပ်လုပ်ကိုင်မှု များ လျော့နည်းရန် အတွက် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရန်နှင့် စီးပွားရေး လုပ်ငန်းအသီးသီးမှ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ပြီး အလုပ်အကိုင်များ ရရှိရေးနှင့် ထိုက်တန်သည့် လုပ်ခလစာများ ရရှိရေး စီစဉ် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားသွားသည်။
ထို့ပြင် ပညာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်နေမှုနှင့် အတူ ကျောင်းသားလူငယ်များကြား လူကုန်ကူးမှု အန္တရာယ် အသိ ပညာများ ရရှိစေရန် အတွက် အခြေခံပညာ သင်ခန်းစာများတွင် ထည့်သွင်း ပို့ချရုံသာမက အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများ၊ တက္ကသိုလ်များတွင်လည်း လူကုန်ကူးမှု အန္တရာယ် အသိပညာများ ပြန့်ပွားစေရန် အဖွဲ့အစည်း အသီးသီးမှ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုသမ္မတက ပြောဆိုသည်။
မြန်မာနိုင်ငံတွင်၂၀၁၈ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုမှာ အဓမ္မထိမ်းမြားလက်ထက်မှု ၇၅ ဒသမ ၂၄ ရာခိုင်နှုန်း၊ အဓမ္မပြည့် တန်ဆာပြုမှု ၁၃ ဒသမ ၅၉ ရာခိုင်နှုန်း၊ အဓမ္မ အလုပ်ခိုင်းစေမှု ၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ အငှား ကိုယ်ဝန်ဆောင် မှု ၁ ဒသမ ၉၄ ရာခိုင်နှုန်း၊ အဓမ္မ မွေးစားမှု ၀ ဒသမ ၄၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲ တပ်ဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။
နိုင်ငံအလိုက် ဖြစ်ပွားမှုအနေဖြင့် တရုတ်နိုင်ငံ လူကုန်ကူးမှု ဖြစ်ပွားမှု ၇၉ ဒသမ ၆၁ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ ၁ ဒသမ ၄၆ ရာ ခိုင်နှုန်း ဖြစ်ပွားခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ၁၈ ဒသမ ၉၃ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
You may also like these stories:
ဘဝကို ကုန်ပစ္စည်းသဖွယ် တရုတ်လက်ထဲ ထိုးအပ်ခံနေရတဲ့ အမျိုးသမီးလေးများ
အတင်းအဓမ္မထိမ်းမြားခံရသည့် လူကုန်ကူးမှု အများဆုံးဖြစ်နေ
မြန်မာ မိန်းကလေးများကို တရုတ်ဇနီးအဖြစ် ရောင်းစားသူ ၂ ဦး ဖမ်းမိ