ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ အကြမ်ဖက်မှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် ဖမ်းဆီးခံနေရသော အသက် (၁၉) နှစ်အရွယ် ကိုစည်သူအောင်မှာ သွေးအန်သည့်အတွက် ဆေးကုသမှုကို ခံယူနေရကြောင်း သတင်း ရရှိသည်။
ကိုစည်သူအောင်သည် လက်ရှိ အချိန်တွင် စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရပြီး ပါးစပ်က သွေးအန်သည့်အတွက် အကျဉ်းထောင်မှနေ ထုတ်ယူပြီး စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုကို ခံယူနေရကြောင်း ဖခင်ဖြစ်သူ ဦးမောင်သောင်းအေး က ပြောသည်။
ကိုစည်သူအောင်၏ ဖခင် ဦးမောင်သောင်းအေး က “ဖြစ်တာက ပါးစပ်က သွေးအန်တာပါ။ ကျောကုန်းတွေလည်း အောင့်တယ်လို့ ပြောတယ်။ ကျနော့် သားကို မေးကြည့်တော့ စစ်ကြောရေးမှာ အရိုက်ခံရတဲ့ ဒဏ်ရာကြောင့်လို့ ပြောပါတယ်။ ရက်ပေါင်း ၄၀ လောက် အရိုက်ခံခဲ့ရတာလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “ထောင်ဝန်ထမ်းတွေက မနေ့က တကြိမ် ဆေးရုံကို ယူပြီး ပြပါတယ်။ ပြီးတာနဲ့ ထောင်ကို ပြန်ယူသွားပါတယ်။ ဒီနေ့ တကြိမ် သူ့ကိုဆေးရုံကို ယူလာပြီး ဓာတ်မှန် ရိုက်တယ်။ ဓာတ်မှန်အဖြေကတော့ မသိရသေးဘူး” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးတရားစွဲခံနေရသော ကိုစည်သူအောင်တို့သည် မတ်လ ၁၂ ရက် ညနေ ၉ နာရီ အချိန်ခန့်က ငှက်ဖျားရောဂါကြောင့် အပြင်းဖျားနေသော မင်းပြားမြို့နယ်၊ ပန်းပြောင်းကျေးရွာနေ ဦးကျော်လှသိန်း၏သား ကို လှမောင်ဝင်း (၂၃) နှစ်ကို ကားဖြင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်စဉ် မြောက်ဦးနှင့် ဆင်းအိုးကျေးရွကြား ချောင်းသစ် ကျေးရွာအနီးတွင် တပ်မတော်သားများထံ လူနာ အပါအဝင် လူနာပို့ဆောင်သည့် ရွာသားများအားလုံး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
စစ်တွေဆေးရုံသို့ ရောက်ရှိနေသည့် ကိုစည်သူကို သွားရောက်ကြည့်ရှုှုခဲ့သူ ရက္ခိုင့်အလင်းတံခါး အမျိုးသမီးအဖွဲ့မှ ဒေါ်ကျော့စိန်က “မနေ့က ကျမတို့ ဆေးရုံ အချုပ်သား လူနာဆောင်ထဲကို သွားကြည့်တော့ စည်သူအောင် အခြေအနေက လမ်းတော့လျှောက်နိုင်တယ်။ စကားလည်း ပြောနိုင်တယ်။ ပါးစပ်ကတော့ ချောင်းဆိုးရင် သွေးတွေ ပါတယ်လို့ ပြောတယ်။ ထမင်းလည်း ဝအောင် မစားနိုင်ဘူးတဲ့ ၊ အရိုက်ခံရတဲ့ ဒဏ်ရာကြောင့် ကျောကုန်းတွေ လည်း အောင့်တယ်လို့ ပြောပြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ စစ်ကြောရေးကာလတွင်း ဥပဒေ ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် တခြား နဂိုအခံ ရောဂါတခု ကြောင့် သွေးအန်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “ကျနော် ပြောချင်တာကဗျာ။ သူအဖမ်းခံခဲ့ရတာ ဘယ်နှစ်လ ရှိပြီလဲဆိုတာ မေးချင်ပါတယ်။ စစ်ကြောရေးမှာ ရိုက်နှက်လို့ ဒဏ်ရာ ရရင် အဲဒီကတည်းက ဖြစ်မှာပေါ့။ အခုမှ ဘာကြောင့် သွေးအန်မှာလဲ။ ကျနော်ထင်တာ အထဲမှာ နေရတဲ့ စိတ်ကျရောဂါလည်း ဖြစ်ကောင်း ဖြစ်မယ်ပြီးတော့ သူ့မှာ နဂိုအခံ ရောဂါ အခံတခုကြောင့် ဖြစ်တာ ဖြစ်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ပြောသည်။
ထိုသို့ ကိုစည်အောင်တို့ တပ်မတော်သားများထံ ဖမ်းဆီးခံလိုက်ရသည့် ဖြစ်စဉ်တွင် လူနာ ဖြစ်သူ ကိုလှမောင်ဝင်းမှာလည်း ဆေးကုသမှု မခံလိုက်ရဘဲ စစ်ကြောချိန် ကာလအတွင်း သေဆုံးခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
လူနာလိုက်ပို့စဉ် အဖမ်းခံလိုက်ရသည့် ကျေးရွာသားများမှာ ဦးစိုးစိုးနိုင် (၃၃) နှစ်၊ ထွန်းစိုးလင်း (၂၉) နှစ်၊ ဦးမောင်ထွန်း (၄၂) နှစ်၊ စည်သူအောင် (၁၉) နှစ်၊ ဇော်မင်းထွန်း (၂၀) နှစ်၊ ဇော်နိုင်ဌေး (၂၈) နှစ်တို့ဖြစ်ပြီး ကားသမား ၃ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး ဖမ်းဆီးခံလိုက်ရကာ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) တရားစွဲဆိုထားသည်။
You may also like these stories:
အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသားများ အမှု ကြန့်ကြာနေဟုဆို
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံမှာ ဘာတွေညှိနှိုင်းမလဲ
AA အဖွဲ့ ၏ နည်းပညာသုံး တိုက်ခိုက်မှုများကြောင့် လုံခြုံရေး ပိုဂရုစိုက်ရမည်ဟု တပ်မတော် ပြော
နည်းပညာသုံး ဖောက်ခွဲလာနေသော AA ကို အိန္ဒိယလည်း စောင့်ကြည့်နေ