မြန်မာနိုင်ငံသည် အနာဂတ်အတွက် လုံခြုံစိတ်ချရသည့် အမျိုးသားရေး ခံစစ်စည်းများ၊ အမျိုးသားရေး တံတိုင်းများ တဖြုတ်ဖြုတ်နှင့် ပြိုလဲနေသည်ကို တွေ့ ကြရမည် ဖြစ်ကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ပြောသည်။
ယနေ့ စက်တင်ဘာ ၁၄၊ ၂၀၁၉ နေပြည်တော်ရှိ အတိုက်အခံ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် ပါတီ၏ ၅ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဇာတိသွေး၊ ဇာတိမာန် ထက်သန် ခိုင်မာနေဖို့ လိုအပ်ပါတယ်။ ဝံသာနု ရက္ခိတဆိုတဲ့ အမျိုးကို စောင့်ရှောက်မှု အရေးတကြီးကို လို အပ်ပါတယ်”ဟု ယင်းပါတီ ဥက္ကဌ ဦးသန်းဌေးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အခြေအနေသည့် မရေရာ မခိုင်မာသည့် နိုင်ငံ့ စီးပွားရေး၊ ကန့်သတ်၊ တုပ်နှောင်၊ ချောင်ပိတ်၊ ထောင် ချောက်ဆင်ထားခြင်း ခံနေရသည့် ကာကွယ်ရေး အင်အားစု၊ ပြည်မ၊ နယ်စပ် တောရောမြို့ပါမကျန် အသက်ခန္ဓာ ဆုံးရှုံးမှုများနှင့် လုံခြုံရေးစည်း ကျိုးပေါက်မှုကို ပြည်သူများ ရင်ဆိုင်နေရကြောင်း ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်လည်း ဖြစ်သူ ဦးသန်းဌေးက ပြောသည်။
“ဇာတိသွေးစစ်တဲ့ မြန်မာနိုင်ငံသားမှန်ရင် ပြည်ထောင်စု နိုင်ငံတော်အတွင်းမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ပဲ ယှဉ်ယှဉ် မြန်မာသာလျှင် ပထမဖြစ်ရေး ဦးစားပေး ဆောင်ရွက်ရမယ့်အချိန်ကို ရောက်ရှိနေပါပြီ”ဟု ဦးသန်းဌေးက ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၁၈ ခုနှစ်က ကျင်းပသည့် တပ်မတော်နေ့တွင် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တိုင်းရင်းသား လူမျိုးစုအားလုံးသည် အခွင့်အရေး တန်းတူညီမျှဖြစ်ပြီး လူမျိုး ဘာသာ ခွဲခြားမှု မရှိဘဲ “မြန်မာစိတ်” မွေးနိုင်မှ နိုင်ငံသည် စည်းလုံးညီညွတ်စွာဖြင့် နောက်မကျန်ဘဲ ဖြစ်လိ့မ်မည်ဟု ပြောဆိုခဲ့ဖူးသည်။
များမကြာမီ ရက်များအတွင်း တပ်ချုပ်သည် ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များနှင့် ထိတွေ့ဆက်ဆံလာမှုများကလည်း စိတ်ဝင်စားစရာ ဖြစ်သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ ဗဟို ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က “အမျိုးသားရေးဆိုတာ ဘာကို ပြောတာလဲ။ သူတို့လိုချင်တဲ့ အမျိုးသားရေးဆိုတာ ဘာလဲ။ အဲဒါကို မေးခွန်းထုတ်ရလိမ့်မယ်။ တ လျှောက်လုံး အစိုးရကို ကလန်ကဆန် လုပ်ပြီးတော့ အစိုးရလုပ်တဲ့ လုပ်ငန်းမှန်သမျှ အပေါ်မှာ ဆန့်ကျင် ကန့်ကွက်ပြီးတော့ ဘာ သာရေးဆန်ဆန်၊ လူမျိုးရေးဆန်ဆန် လုပ်နေတာ။ အဲဒါ စစ်မှန်တဲ့ အမျိုးသားရေး စိတ်ဓာတ်မဟုတ်ဘူး”ဟု အတိုက်အခံ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်၏ ပြောဆိုချက်များသည် အချက်အလက်ပေါ်တွင် အခြေမခံသဖြင့် အခြေအမြစ် မရှိ ကြောင်း ပြောသည်။
နိုင်ငံရေးစီးပွားရေးမှာလည်း တဖြည်းဖြည်း ဦးမော့လာနေသည်ကို အချက်အလက်အရ သိနိုင်ပြီး တိုင်းပြည်၏ GDP အများကြီး တိုးတက်လာသည်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောဆိုမှုသည် အချက်အလက် မပါဘဲ ပြောဆိုခြင်း မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးဖြစ်သူ ဦးရဲထွန်းကမူ NLD ပါတီသည် လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံရေးပါတီတခု ဖြစ်သဖြင့် အမျိုသားရေး၊ ဘာသာရေး စွက်ဖက်ခြင်းများနှင့် ဘာသာရေး အသုံးချခြင်းများကို တတ်နိုင်သမျှ ကင်းအောင် နေသည်ကို တွေ့ရကြောင်း ပြောသည်။
“အမျိုးသားရေး အလံကို လွှင့်ပြီးတော့ လုပ်ရင် ကောင်းကျိုး၊ ဆိုးကျိုးတွေလည်း ရှိတယ်။ ကျနော်တို့လို လူမျိုးပေါင်းစုံ၊ တိုင်းရင်း သားပေါင်းရှိတဲ့ နိုင်ငံမှာ ဗမာအမျိုးသားရေး ဝါဒကို လွှင့်မှာလား။ ဗမာ အမျိုးသားရေး အလံကို လွှင့်မှာလား။ တိုင်းရင်းသား ပေါင်းစုံ အလံကို လွှင့်မှာလား။ အဲဒီမေးခွန်း ရှိပါတယ်။ NLD အနေနဲ့ကတော့ ကျနော်တို့ နိုင်ငံရဲ့ အမျိုးသားပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရဲ့ တည်ရှိမှု ကို ခိုင်ခိုင်မာမာ ရပ်တည်သင့်တယ်လို့ ထင်တယ်”ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သူ ၎င်းက ပြောသည်။
ကြံ့ခိုင်ရေးပါတီသည် ၎င်းတို့ကိုယ် ၎င်းတို့ အမြဲ့တန်း အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်သူများဟု ကြွေးကြော်လေ့ ရှိပြီး ကြံ့ ခိုင်ရေးပါတီ ၂၀၁၀ ရွေးကောက်ပွဲ နိုင်ပြီး ဦးသိန်းစိန် သမ္မတ လက်ထက်တွင် မျိုးစောင့်ဥပဒေများ ပြဌာန်းပေးခဲ့သလို ၂၀၁၅ ရွေး ကောက်ပွဲနီးသည့်အခါ ထိုစဉ်က အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် ယင်းဥပဒေ ပြဌာန်းနိုင်ခြင်းကို ၎င်းတို့၏ အမျိုးသားရေး အောင်ပွဲအဖြစ် ဆော်သြခဲ့ကြသည်။
ဦးသိန်းစိန် ပြဋ္ဌာန်းပေးခဲ့သည့် မျိုးစောင့်ဥပဒေများ တနိုင်ငံလုံးတွင် ထောက်ခံမှု အင်တိုက်အားတိုက် ပြုလုပ်ခြင်းသည် ထိုစဉ်က ဦးသိန်းစိန် အစိုးရကို ဒုတိယ သက်တမ်းအတွက် မဲဆွယ်ပေးနေခြင်းလားဟု နိုင်ငံရေး အသိုင်းအဝိုင်းက မေးခွန်း ထုတ်ခဲ့ကြသည်။
သို့သော် NLD ပါတီ အာဏာရလာသည့်အခါ မဘသ အဖွဲ့ ဖျက်သိမ်းခံခဲ့ရသည်။
တိုင်းပြည်၏ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၄ တွင် နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစား မပြုရဟု တရားဝင်ပြဋ္ဌာန်းထားသည်။
ဧရာဝတီ သတင်းထောက် မိုးမိုး ပူးပေါင်းရေးသားသည်။
You may also like these stories:
ငြိမ်းချမ်းရေး အမြန်ရချင်ကြောင်း တပ်ချုပ်က KBC ကို ပြော
ICCPR စာချုပ် လက်မှတ်ထိုးရေးအဆို ကြံ့ခိုင်ရေးနှင့် တပ်မတော်တို့ ကန့်ကွက်
သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား