ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အနီးရှိ တောင်ရိုး စေတီကုန်း အနီးတွင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည်။
အဆိုပါ ဘုရားကုန်းပေါ်တွင် TNLA က တပ်စွဲမှုပြုလုပ်လာရာမှ စက်တင်ဘာ ၁၃ ရက်နေ့က စပြီး တပ်မတော်က ရဟတ်ယာဉ်နှင့် လက်နက်ကြီးများကို အသုံးပြု၍ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပြသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က“အဓိကကတော့ အဲဒီနေရာဟာ နမ့်ဆန်မြို့ကို ခြိမ်းခြောက်နိုင်တဲ့ နေရာ ယူထားသလိုဖြစ် တယ်။ (တိုက်ပွဲကြောင့်) ဟိုဘက်ကတော့ မသိရသေးဘူး။ တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို စေတီ ဘုရားကုန်းသည် ယခင်က တပ်မတော်က တပ်စွဲခြင်း မရှိသလို TNLA တပ်စွဲခဲ့ခြင်းလည်း မရှိကြောင်း ယခု လို TNLA က တပ်စွဲလာသဖြင့် နမ့်ဆန်မြို့အန္တရာယ် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း လည်း တပ်မတော်ဘက်က ပြောဆိုသည်။
ယင်း စေတီကုန်းနေရာသည် နမ့်ဆန်မြို့ တမြို့လုံးကို အပေါ်စီးမှ မြင်ရပြီး TNLA အဖွဲ့ အနေဖြင့် ထိုကုန်းကို ခြေကုတ် ယူ၍ နမ့်ဆန်မြို့တွင်းရှိ အစိုးရ အဆောက်အအုံများကို လက်နက်ကြီး လက်နက်လတ်များဖြင့် နှောင့်ယှက် ဖျက်ဆီး နိုင်ခြေ ရှိကြောင်း တပ်မတော်ဘက်က တွက်ဆသည်။
နမ့်ဆန်မြို့ခံ လွေးအေးမိုင် က“ဒီမနက်အထိ လက်နက်ကြီး လက်နက်ငယ်ပစ်သံ နည်းနည်း ကြားလိုက်ရသေးတယ်။ အခုလောလောဆယ်တော့ ငြိမ်သွားပါပြီ။ မြို့ပေါ်မှာလည်း အရင်ရက်က ဈေးဆိုင်တွေပိတ်ထားကြတယ်။ ဒီမနက်တော့ ပြန်ဖွင့်ကြပါပြီ”ဟု ဧရာဝတီသို့ ပြောသည်။
စက်တင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ပွဲကြောင့် အနီးရှိ ဟိုချောင်း ကျေးရွာ အပါအဝင် ဒေသခံ ကျေးရွာ ၃ ရွာမှ ရွာသူရွာသား ၁ ထောင်ကျော် နမ့်ဆန်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် စစ်ဘေး ရှောင် အဖြစ် သွားရော ခိုလှုံနေကြရသည်။
ယမန်နေ့က ဖြစ်ပွားသော နှစ်ဘက်တိုက်ပွဲကြားတွင် လက်နက်ကြီးစ ထိမှန်ခဲ့သော အသက် ၆၁ နှစ်အရွယ် ပန်တူအူ ရွာခံတဦး သေဆုံးခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ TNLA ထံ ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်း မရှိပါ။
တပ်မတော်က စက်တင်ဘာ ၂၁ ရက်နေ့အထိ အပစ်ရပ်မည်ဟု သြဂုတ် ၃၁ ရက်နေ့က ထုတ်ပြန် ကြေညာထားသလို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ်(AA) တို့ကလည်း ယခုလ ၉ ရက်မှ အောက်တိုဘာ ၈ ရက်နေ့ထိ တလ အပစ်ရပ်ကြောင်း ကြေညာ ထား သည်။
ထိုသို့ အပစ်ရပ်ထားသော်လည်း တပ်မတော်က လေကြောင်းပစ်ကူများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု များ အပြင် စစ်အင်အား တိုးချဲ့ချထားခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ က စက်တင်ဘာ ၁၄ ရက်နေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်သည်။
တပ်မတော်ကလည်း အပစ်အခတ် ရပ်စဲထားချိန်ကာလ အတွင်း နယ်မြေတိုးချဲ့ခြင်း၊ အင်အား တိုးချဲ့ခြင်း မလုပ်ရန် ပြောဆို ထားကြောင်း သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ အနေဖြင့် ထိုအချက်ကို ချိုးဖောက် လုပ်ဆောင်သဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များသည် ယခုလ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ပေါ်တွင် တွေ့ဆုံ ဆွေးနွေးကြ မည် ဖြစ်သည်။
ထိုဆွေးနွေးပွဲ ရလဒ်သည် တိုက်ပွဲများ ထပ်မံဆိုးရွားလာနိုင်ခြေ ရှိမရှိအပေါ် အများအားဖြင့် မူတည်လျက်ရှိကြောင်း တိုင်းရင်းသား အရေး စောင့်ကြည့်လေ့လာနေသူများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူများက သုံးသပ် နေကြသည်။