ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြ ကျေးရွာတွင် တပ်မတော် စစ်မှုထမ်းဟောင်း ၁ ဦး စက်တင်ဘာလ ၁၄ ရက် ည ၇ နာရီ ကျော်က သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရကြောင်း သတင်း ရရှိသည်။
အသတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ် ဦးမျိုးနိုင်ဖြစ်ပြီး နေအိမ်အတွင်း ရှိနေစဉ် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံ သတ်ဖြတ် ခံရခြင်း ဖြစ်ကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောပြသည်။
ဦးကိုကိုမြတ်က“မနေ့က ၇ နာရီ ၄၅ မိနှစ်လောက်မှာ သူ့အိမ်ကို လူ ၃ ဦးက အိမ်သာ တက်ချင်တယ်ဆိုပြီး ခြံစည်းရိုးကို လာခေါက်တယ်လို့ ပြောတယ်။ အဲဒီမှာ ခြံတံခါး ဖွင့်ပေးလိုက်တဲ့ အချိန် သေနတ်နဲ့ ပစ်သွားတာလို့ ပြောတယ်။ မိုးမှောင် ကလည်း ကျနေတော့ ဘယ်သူတွေ သတ်သွားတယ်ဆိုတာ တိတိကျကျ မပြောနိုင်ကြဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဦးမျိုးနိုင် လုပ်ကြံခံရသည့် အချိန်တွင် မိသားစုဝင်များ နေအိမ်အတွင်း ရှိနေသော်လည်း နေအိမ်နှင့် ခြံစည်းရိုးတံခါး အနည်းငယ် လှမ်းသည့်အတွက် ကျုးလွန်သူများကို တိတိကျကျ မမြင်လိုက်ကြောင်းလည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ စုံစမ်း သိရှိရသည်။
ထိုလုပ်ကြံ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အမှုဖွင့်လှစ်ကာ တရားခံအား စုံစမ်း ရှာဖွေနေကြောင်း လည်း သိရသည်။
ရှုးစံပြကျေးရွာနေ အမျိုးသမီး တဦးက“သူတို့အိမ်က အထက်တန်း ကျောင်းနားမှာပါ ။ မနေ့က ရွာသားတွေက အဲဒီနားက ဗြောက်အိုးဖောက်သံလိုလို အသံ ၁ ချက် ၂ ချက်လောက်တော့ ကြားရတယ်။ ကျမတို့က သီတင်းကျွတ်လည်း မရောက် သေး ဘူး။ ကလေးတွေ ဘာကြောင့် ဗြောက်အိုးတွေ ဖောက်နေရလဲဆိုပြီး တွေးသေးတယ်။ နောက်ပိုင်းမှာ သေနတ်နဲ့ လူ ၂ ယောက် ဝင်ပစ်သွားတယ် ဆိုတာ ကြားရတာ”ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ ဦးမျိုးနိုင်၏ ရုပ်အလောင်းကို ရှုးတိုက်နယ် ဆေးရုံတွင် ရင်ခွဲ ဆေးစစ်ချက်များ ရယူပြီး ယနေ့ ညနေပိုင်းတွင် သဂြိုဟ်မည် ဖြစ်ကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။
အမ်းမြို့နယ် မဲလက်မောင်း ကျေးရွာတွင် စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းကလည်း ဦးခိုင်ဆိုသည့် ကျေးရွာသား ၁ ဦး နေအိမ်တွင် ရှိနေစဉ် အမည်မသိ လူတစု၏ ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့သေးသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ဈေးလယ်တည့်တည့်တွင် ခေါင်းဖြတ် သတ်ထားသည့် ရခိုင်တိုင်းရင်းသား ၂ ဦး၏ အလောင်းများကို လူမြင်ကွင်းတွင် တွေ့ရှိမှု ဖြစ်ပွားခဲ့သည်။
ခေါင်းဖြတ်အသတ်ခံရသည့် ရခိုင်တိုင်းရင်းသား ၂ ဦးမှာ ကမ်းထောင်းကြီးမြို့ တောင်ပိုင်း ရပ်ကွက်နေ အသက် ၄၀ အရွယ် ဦးညီညီထွေး နှင့် အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာနေ ဦးမောင်လုံးတို့ ဖြစ်သည်။
စက်တင်ဘာလ ၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ကန်စောက်ရဲကင်းစခန်း အနီးတွင် ကုန်စုံဆိုင် ရောင်းချသူ ဦးရဲလွင်နှင့် ဇနီး ဒေါ်တင်တင်ထွေတို့သည် ဈေးဆိုင်အတွင်း၌ပင် ဓားထိုးပြီး အသတ်ခံရသည်။
သြဂုတ်လ ၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်အတွင်း ဆင်အိုးချိုင်ကျေးရွာအုပ်စု ခေတ္တ အုပ်ချုုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးဦး သန်းမောင်နှင့် ၎င်းကျေးရွာအုပ်စု သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး အသက် ၃၄ နှစ်အရွယ် ဦးမောင်ဝင်းနိုင် သည် ဆင်အိုး ဘင်္ဂါလီကျေးရွာက အပြန်လမ်းတွင် အမည်အသိ အဖွဲ့အစည်းတခု၏ ဖမ်းဆီးခြင်းကို ခံရပြီး နောက်နေ့ တွင် သတ်ဖြတ်ခံထားရသည့် အလောင်းများကို တွေ့ရှိခဲ့ရသည်။
မြေပုံမြို့နယ် ပေါက်တူးတောင် ကျေးရွာတွင်လည်း ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က အသက် ၆၀ အရွယ် ဦးမောင်ဘကျန်နှင့် သားမက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုဆန်းဝင်းထွန်း ဆိုသူတို့ကို အမည်မသိ လက်နက် ကိုင် ၃ ဦး က နေအိမ်ထဲသို့ ဝင်ရောက်ကာ ပစ်သတ်သွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာနေ အလယ်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦး ဖြစ်သူ ဦးသန်းမောင်ချေသည် နေအိမ်အတွင်း တီဗီ ထိုင်ကြည့်နေစဉ်တွင် အမည်မသိ သေနတ်သမားတဦး၏ လုပ်ကြံမှု ကြောင့် သေဆုံးသွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ကျေးရွာတချို့တွင် ယခုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ခပ်စိတ်စိတ် ဖြစ်ပွား နေပြီး လုပ်ကြံ သတ်ဖြတ်သည့် အကြောင်းရင်းများနှင့်အတူ သတ်ဖြတ်သွားသည့် တရားခံများကို လက်ရှိ အချိန်အထိ သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သော မတ်လ ၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာတွင် ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဦးဘစောမှာ ရွာအနီး ကားလမ်းမဘေးတွင် ဆောက်လုပ်ထားသော ၎င်း၏ ဆိုင်ခန်းထဲ ရှိနေစဉ် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
မင်းပြားမြို့နယ် သာယာကုန်း ကျေးရွာအုပ်စုအတွင်း ရာအိမ်မှူး အဖွဲ့ဝင်တဦး ဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးမောင် ကျော်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက အမည် မသိသေနတ်သမား၏ ပစ်သတ်ခြင်းခံရပြီး သေဆုံးသွားခဲ့သည်။
ဇန်နဝါရီလ ၂၂ ရက် ည ၉နာရီ ကျော်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသား ဦးမောင်အေးသိန်း (၅၆)နှစ်မှာ အမည်မသိသေနတ်သမား ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း မြေပုံမြို့နယ် ကြာအင်းတောင် ကျေးရွာတွင်နေထိုင် သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဦးခင်သန်းမောင်မှာ နေအိမ်တွင် တဦးတည်း တီဗီ ထိုင်ကြည့် နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။