မန္တလေးမြို့ရှိ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ၃ ဦးနှင့် ဆက်စပ်သူများအား မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသော ငွေ ကျပ် သိန်း နှစ်သောင်းကျော် လွှဲပြောင်းထုတ်ယူမှုဖြင့် အမှုဖွင့်လှစ်ထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
“အမူဖွင့်ထားတာတော့ ဟုတ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကတော့ ဘာမှပြောလို့ မရသေးပါဘူး။ စစ်ဆေး နေဆဲ အခြေအနေပဲရှိပါသေးတယ်”ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူး တဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမ်းမြို့နယ်များတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ၂၀(က)၊ ၂၁၊ ၂၁(က)တို့ဖြင့် အမှုဖွင့်လှစ်ခံထားရသူ မခိုင်ခိုင်(ခ) ခိုင်ခိုင်စံသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသည့်ငွေ ကျပ် သိန်း နှစ်သောင်းကျော်အား ရန်ကုန်မြို့ရှိ ငွေလွှဲလုပ်ငန်းမှတဆင့် မန္တလေးမြို့ရှိ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်သူ ၃ ဦးထံသို့ ၁၂ ကြိမ်ခွဲ၍ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ လွှဲပြောင်းငွေများကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ရွှေတိဂုံဘုရားလမ်း၊ အမှတ် (၂၉၂/ဘီ)၊ အခန်း(၈)ရှိ အေဝမ်း ငွေလွှဲလုပ်ငန်းမှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ယင်းငွေလွှဲလုပ်ငန်းကို မြစ်ကြီးနားမြို့ မင်းရပ် ရပ်ကွက်တွင် နေထိုင်သည့် ဦးဌေးရင် ဆိုသူ ပိုင်ဆိုင်ပြီး တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေလွှဲလက်ခံ ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
မြို့နယ် ၆ ခုမှ မူးယစ်ဆေးဝါး အမှုများဖြင့် အမှုဖွင့်လှစ်ခံထားရသူ မခိုင်ခိုင်(ခ)ခိုင်ခိုင်စံ လွှဲပြောင်းပေးခဲ့သည့် ငွေကျပ် သိန်း ၂၁၇၀၀ ကို အေဝမ်း ငွေလွှဲလုပ်ငန်း (မန္တလေး) တာဝန်ခံ ခင်မီမီကျော်က လက်ခံခဲ့ပြီး မဟာအောင်မြေ မြို့နယ်၊ မဟာ အောင်မြေ အရှေ့ရပ်ကွက်၊ ၃၈ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ အကွက် ၅၂၉ ရှိ ဆင်ကမ္ဘာ ကုန်စည်ပို့ဆောင်ရေးနှင့် ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ထွေးထွေးလှိုင်မှ ငွေကျပ် သိန်း ၁၉၂၀၀ အားလည်းကောင်း၊ ချမ်းအေးသာစံ မြို့နယ်၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား၊ ၃၄လမ်း အမှတ် (၈၉)တွင် ဖွင့်လှစ်ထားသည့် ဆင်နှစ်ကောင် ငွေလွှဲလုပ်ငန်းပိုင်ရှင် ရန်နိုင်ထွေးမှ ငွေကျပ် သိန်း ၂၅၀၀ ကို ထုတ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသို့ တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ အေဝမ်း ငွေလွှဲလုပ်ငန်းမှ တာဝန်ခံ မခင်မီမီကျော်၊ ဒေါ်ထွေးထွေးလှိုင်၊ ရန်နိုင်ထွေး နှင့် ဆက်စပ်သူများအား အရေးယူပေးရန် အတွက် စက်တင်ဘာလ ၁၃ ရက်နေ့က (ငွေကြေးဆိုင်ရာ မှုခင်း တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့)မှ ဒုရဲမှူး တေဇာလွင်က ချမ်းအေးသာစံ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
တရားမဝင် ငွေများကို လွှဲပြောင်းထုတ်ယူမူဖြင့် မန္တလေးမြို့မှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ၃ ဦးနှင့် ဆက်စပ်သူများကို ချမ်းအေးသာစံ မြို့နယ် မြို့မရဲစခန်းက (ပ)၆၅၁/၂၁၁၉၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၇၁ အရ အမှု ဖွင့်လှစ်ထားကြောင်း သိရသည်။
ယခုအခါ အမူနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာ မူခင်းတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး တရားခံများ ဖမ်းဆီးနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။
ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေဖြင့် အရေးယူမှုများ အနက် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၇၁ သည် ပြစ်မူထင်ရှားပါ အနည်းဆုံးထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ် သိန်း ၅၀၀၀ ထက် မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းချက်များအရ သိရသည်။