၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက် နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် နိုင်ငံရေးခေါင်းဆောင်များက ဒီမိုကရေစီကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြပြီး တပြိုင်နက် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်ရန် လိုပြီး လူကြားကောင်းရုံ “ပရမ်းပတာ ဒီမိုကရေစီ”မျိုး ဖြစ်လို့ မရကြောင်း ပြောခဲ့သည်။
သမ္မတ ဦးဝင်းမြင့်က ဒီမိုကရေစီ သဘောသဘာဝအရ အမြင်မတူ အယူအဆ ကွဲပြားမှုများ ရှိသော်လည်း ယင်းကွဲပြားမှုများကို နိုင်ငံ၏ ရေရှည်အကျိုးအတွက် ရှေ့ ရှုပြီး စေ့စပ်ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြမှသာလျှင် ဒီမိုကရေစီ ကျင့်စဉ် ဖွံ့ ဖြိုးတိုး တက်လာမည်ဟု အခမ်းအနားတွင် ပြောသည်။
“ကျနေ်ာတို့အားလုံး ဒီမိုကရေစီကို အမှန်တကယ် သက်ဝင်ယုံကြည်ပါက အမုန်းစကားများကို ရှောင်ရှား၊ အမုန်းတရားများကို ကျော်လွှားပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေ့ ရှုကြရန် လိုအပ်ပါတယ်”ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီကို တန်ဖိုးထား ရှင်သန်စေချင်ပါက ပရဟိတနှင့် အတ္တဟိတ နှစ်ခုကို ချိန်ခွင်လျှာ ညီမျှမှု ရှိအောင်လုပ်ရမည် ဖြစ် ကြောင်း၊ နိုင်ငံအများက ဒီမိုကရေစီကို လက်ခံခြင်းသည် အများက လုပ်ဆောင်ခြင်းအားဖြင့် အများအကျိုးကို ထိထိ ရောက် ရောက်ပိုပြီး ထမ်းဆောင်နိုင်မည်ဟု ယုံကြည်၍ ဖြစ်ကြောင်း ပြောသည်။
“အဲဒီတော့ ဒီလို အများအကျိုး အတွက် လုပ်ဖို့ဆိုလို့ရှိရင် ချိန်ခွင်လျှာ ညီမျှဖို့ လိုပါတယ်။ လူတိုင်း လူတိုင်းဟာ ကျမတို့ လူသား တိုင်းဟာ ကိုယ်ကျိုးအတွက်ပဲ လုပ်ချင်ကြတာ ဖြစ်ပါတယ်။ ဒီဟာကို လျစ်လျူရှုထားမယ်ဆိုရင် ဒီစနစ်တခုကို အောင်မြင်အောင် လုပ်လို့ရမှာ မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး ကျော်မိုးအောင်ကမူ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပဲ ဖြစ်ရမှာပေါ့။ ဥပဒေပြဌာန်းချက် လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပဲ ဖြစ်ရမှာပဲ။ ဥပဒေကို လုပ်ချင်သလို လုပ်မယ်ဆိုရင်တော့ ပရမ်းပတာ ဖြစ်သွားနိုင်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း တပ်မတော်က အာဏာရယူခဲ့ပြီး ၂၀၁၁ ခုနှစ်ရောက်မှသာ အထွေထွေ ရွေးကောက်ပွဲများမှ တဆင့် တင်မြှောက်သော အရပ်သား ဒီမိုကရေစီ အစိုးရ ပြန်ဖြစ်လာခဲ့သည်။
လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမာန် ဒီမိုကရေစီ စနစ် ကျင့်သုံးနိုင်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာသိမ်းယူခဲ့သဖြင့် တိုင်းပြည်မှာ ဒီမိုကရေစီ စနစ် ဆိတ်သုန်းသွားခဲ့ရသည်။
အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သူ ဒေါ်ယဉ်မင်းမြင့်ဆွေက “မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲမှုအစ ပြည်ခိုင်ဖြိုးက”လို့ ဆိုရလောက်အောင် ပြည်သူများ လိုလားသည့် ဒီမိုကရေစီ နိုင်ငံစနစ်ကို စတင်ပြောင်းလဲပေးခဲ့ကြောင်း ယနေ့ အခမ်းအနားတွင် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်ထိ တာဝန်ယူခဲ့ရသည့် ဦးသိန်းစိန်အစိုးရလက်ထက် လုပ်ဆောင်ခဲ့သည်များအား ရည်ညွှန်းပြောဆိုသည်။
တပ်မတော်ကမူ ဒီမိုကရေစီ ရှင်သန်အောင် ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်ဟု အကြီးအကဲများက ပြောဆိုထားပြီး ဖြစ် ကြောင်း၊ ဒီမိုကရေစီ စနစ်သို့ သွားနိုင်ရန် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို တပ်မတော် အစိုးရက ကမကထ လုပ်ပေး၊ ကြိုး စားပေးခဲ့ခြင်း ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး ကျော်မိုးအောင်က ပြောသည်။
“လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ အနေအထားအရ လက်ရှိ နိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခ အနေအထားအရ တပ်မတော်က ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားမှပဲ အဆင်ပြေနိုင်မယ် ချောမွေ့ နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး ကျော်မိုးအောင်က ပြောသည်။ “တပ်မတော်ဆိုတာ အစိုးရရဲ့ လက်အောက်ကပါ။ အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း၊ အစိုးရရဲ့ မူဝါဒအတိုင်း တပ်မတော်က လိုက်နာ ဆောင်ရွက်နေပါတယ်”ဟုလည်း ပြောသည်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တိုင်းရင်းသားပါတီ ကိုယ်စားပြု ပြောဆိုသူများကမူ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား ခေါင်းဆောင်များကြား တွေ့ ဆုံညှိနှိုင်းခြင်းဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရှေ့ဆက်နိုင်ရန် တိုက်တွန်းကြသည်။
You may also like these stories:
ရခိုင်ပြည်နယ် အခြေအနေ မင်းမဲ့စရိုက်ဆန်နေပြီဟု တပ်မတော် ပြော
မန္တလေးက ဘာသာရေး ကျောင်းများထံ တပ်ချုပ် သွားရောက်လှူဒါန်း
ငြိမ်းချမ်းရေး အမြန်ရချင်ကြောင်း တပ်ချုပ်က KBC ကို ပြော