အတိုက်အခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သည် လာမည့် ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲ၌ မဲအနိုင်ရရှိမည်ဟု ယုံကြည်ကြောင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်က ကျင်းပသည့် ၅ ကြိမ်မြောက် ဗဟို ကော်မတီ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲ၌ သတင်း မီဒီယာများကို အထက်ပါ အတိုင်း ပြောခြင်း ဖြစ်သည်။
USDP မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက “လာမည့် အနီးစပ်ဆုံး ရွေးကောက်ပွဲမှာ ကျနော်တို့ ပါတီ ဂုဏ်သိက္ခာ ရှိ သော အနိုင်တခု ရလိမ့်မယ်လို့ ယုံကြည်နေတယ်။ အဲဒီအခြေအနေလည်းပဲ ရောက်နေပြီလို့ မျှော်လင့်ထားတယ်။ ပူးပေါင်း ချင်တဲ့သူက တို့ဆီကိုလာပြီးတော့ ကမ်းလှမ်းတဲ့ အဆင့်၊ အဲဒီလောက်အဆင့်ထိ နိုင်လိမ့်မယ်” ဟု ပြောသည်။
၂၀၂၀ တွင် မဲအနိုင်ရရှိရန်အတွက် UDDP ပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင်လည်း ပြည်သူ အပေါ် စေတနာ ရှိသူ၊ ကောင်းကျိုးအတွက် ဆောင်ရွက်မည့်သူ ဒေသခံ ပြည်သူများနှင့် တထပ်တည်း ကိုက်ညီမှု ရှိသည့်သူများကို ရွေး ချယ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် အတွက် စိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။
USDP အနေဖြင့် ပါတီဝင်အဖြစ် ဝင်ရောက်သည့် သူများကို အချိုးကျ သတ်မှတ် ထားခြင်းမျိုးမရှိဘဲ အရည်အချင်းရှိသည့် သူများကို နေရာပေးသွားမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပါတီဝင်ဦးရေ သန်းနှင့်ချီ ရှိနေပြီဖြစ်ကာ အမျိုးသမီး ပါဝင်မှုမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်း USDP မှပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကလည်း ပြောကြားသွားသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများ အတွက် အလွန်အရေးကြီးသဖြင့် ပါတီ တိုင်းက အနိုင်ရရှိရန် ပါတီအောင်နိုင်ရေးအတွက် ကြိုးစားကြမည် ဖြစ်သကဲ့သို့ အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်နေကြသည်မှာ မဆန်းကြောင်း၊ သို့သော် ကြံ့ခိုင်ရေးပါတီ အနေဖြင့် ယခုကာလမှာ ပြည်သူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအပေါ် အမှန်တကယ် နှစ်သက်မှု ရှိမရှိကို ဆန်းစစ်ရန် လိုအပ်ကြောင်း NLD မှ ဗဟို ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က ပြောသည်။
မုံရွာ အောင်ရှင်က “သူတို့ တွက်နေတာက ပြည်သူလူထုကို အ တယ်လို့ တွက်နေတာ။ ပြည်သူလူထု က မအ ပါဘူး။ နှစ် ပေါင်းများစွာ အတွေ့အကြုံတွေ ရလာပြီဆိုတော့ အာဏာရှင်စနစ်ကို ပြန်သွား မယ့် ပါတီကိုတော့ ဘယ်တော့မှ မဲ မပေးဘူး ဆိုတာ အဲဒါတော့ သေချာတယ်” ဟု ပြန်လည် တုံ့ပြန် ပြောဆိုလိုက်သည်။
USDP အနေဖြင့် အခြားသော ပါတီငယ်များကို ပေါင်းစည်းသည့် စနစ်မှာ NLD ပါတီထက် သာလွန် သည်မှာ ပြီးခဲ့သည့် ရွေးကောက်ပွဲများကို ပြန်ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း၊ NLD ပါတီက အခြားပါတီငယ်များကို စိတ်မချသည့် အနေ အထားရှိသည့်အတွက် အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ ခြင်း မပြုလုပ်ကြောင်း ပြောဆိုထားသည်ကို တွေ့ရကြောင်း၊ ပါတီ ၂ ခု၏ ကွဲလွဲချက်ကို တွေ့မြင်ရ ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းက ပြောဆိုသည်။
ဦးရဲထွန်းက “ပြည်ခိုင်ပြီး ပါတီနဲ့ သူ့ကိုထောက်ခံတဲ့ တိုင်းရင်းသား ပါတီ၂၆ ရာခိုင်နှုန်း နိုင်မလား ဆိုတာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ရလဒ် ဖြစ်တယ်။ သူတို့က အများကြီးနိုင်ဖို့ မလိုဘူး။၂၆ ရာခိုင်နှုန်းလောက်ပဲ နိုင်ရင်ကို တပ်နဲ့ ပေါင်းပြီးတော့ သူတို့က သမ္မတ ရွေးနိုင်တာကို” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီကြီး တခုက ဦးဆောင်ပြီး သောင်ပြိုကမ်းပြို အနိုင်ရ၍ အစိုးရတရပ် ဖွဲ့စည်းနိုင်ရန် မလွယ် ကူကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း သြဂုတ်လ အတွင်း ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားထားသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ အနေဖြင့် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးတရပ် ဖွဲ့စည်း နိုင်ခဲ့သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ် စားလှယ် ၁၁ ရာခိုင်နှုန်း၊ USDP ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ကြပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
NLD ပါတီ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိသည့်၂၀၁၀ ရွေးကောက်ပွဲတွင်မူ ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရတရပ် ဖွဲ့စည်းနိုင်ခဲ့သည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၌ နိုင်ငံရေး ပါတီ ၉၂ ခု ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) စာရင်းများ အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တိုင်းရင်းသားပါတီများကို လျစ်လျူရှုခြင်းက ၂၀၂၀ တွင် NLD ကို အထိနာစေမည်
၂၀၂၀ ရွေးကောက်ပွဲ ဟန်ပြမလုပ် စံပြလုပ်မည်ဟု ကော်မရှင် ဥက္ကဌ ကတိပေး
၂၀၂၀ အလွန် ပါတီတခုတည်း အစိုးရ မဖွဲ့နိုင်ဟု သူရဦးရွှေမန်း ခန့်မှန်း