မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာက မော်လဒိုက်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံ တကာ ကြက်တောင် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့နံနက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။
မော်လဒိုက်နိုင်ငံတွင် စက်တင်ဘာ ၁၇ရက်မှ ၂၂ရက်အထိ Maldives International Future Series 2019 ပွဲစဉ်များကို လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်နေ့မှ ၂၉ ရက်နေ အထိ Maldives International Challenge 2019 ပြိုင်ပွဲကို လည်ကောင်း ဆက်တိုက် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
“Futureက သူထက်နိမ့်တာမှန်ပေမယ့် အဲဒီ မော်လဒိုက်မှာက ပြိုင်ပွဲက နှစ်ခုရှိနေတာ။ တနေရာထဲဆို တော့ Futureလည်း အမှတ်ရတယ်။ Challenge က သူထက်မြင့်တယ်လေ။ နောက်ပြီး လေယာဉ်ခ လည်း သိပ်မကုန်ဘူး ဆိုတော့ နှစ်ပွဲလုံးကို စာရင်းသွင်း လိုက်တာ။ စာရင်းမှာ ပါသွားရင် ရိုက်လို့ ရပြီ”ဟု ဦးထွန်းထွန်းဇော်က ပြောသည်။
ထိုပွဲကို ကစားသမားများဖြစ်သည့် သက်ထားသူဇာ၊ လှိုင်မွန်ကြူနှင့်အတူ သက်ထားသူဇာ၏ ကိုယ်ပိုင် နည်းပြ အင်ဒိုနီးရှား မှ Mr Didit Suluhpatriaတို့လိုက်ပါသွားကြသည်။
အင်ဒိုနီးရှားနည်းပြကို အဆိုပါ မော်လဒိုက်ပြိုင်ပွဲ နှစ်ခုအတွက် သက်ထားသူဇာအား လေ့ကျင့်ပေးရန် Get Digital Store အုပ်စု ၏ အထောက်အပံ့ပေးမှု့ဖြင့် ယာယီငှားရမ်းထားခြင်းဖြစ်ကြောင်း သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော် က ပြောသည်။
သက်ထားသူဇာ၏ ကိုယ်ပိုင်နည်းပြဖြစ်သူ Mr Didit Suluhpatria သည် ၂၀၁၄ ခုနှစ်တွင် အင်ဒိုနီး ရှားကြက်တောင် အဖွဲ့ ချုပ်(PBSI) တွင် အမျိုးသား ၁ ဦးခြင်း နည်းပြအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ ပြီး အင်ဒိုနာမည်ကြီး ကစားသမားများဖြစ်သည့် Ginting နှင့် Jonatan တို့အား လေ့ကျင့်ပေးခဲ့သူ တဦးလည်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံတွင် ကျင်းပသည့် Myanmar International Series 2019 အမျိုးသမီးတဦးချင်း ပြိုင်ပွဲတွင် သက်ထားသူဇာသည် အင်ဒိုနီးရှားမှ ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီကို ဆီမီးဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်ကာ တတိယဆုဖြင့်သာ ကျေနပ်လိုက်ရသည်။
“ညီမ ဒီပွဲမှာ တတိယဆုရတယ်ပေါ့။ ဆီမီးမှာနိုင်ရင် ဖိုင်နယ်တက်ရမယ်လေ။ ရှုံးရင်တော့ တတိယ ဆုရတယ်။ နောက် ဆက်လာမယ့် ပြိုင်ပွဲတွေမှာလည်း ပိုကောင်းအောင် ထရိန်နင်တွေ ပိုလုပ်ပြီး ကြိုးစားသွားပါ့မယ်။ ပြိုင်ပွဲတွေလည်း ရှိသေးတာကြောင့် ဆက်ပြီးစောင့်ကြည့်အားပေးကြပါ”ဟု သက်ထားသူဇာက ဧရာဝတီသို့ ပြောသည်။
Myanmar International Series 2019 နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ လက်ခံ ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုပြိုင်ပွဲတွင် နိုင်ငံ ၁၂ နိုင်ငံမှ အားကစားသမားပေါင်း ၁၃၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည့် အားကစားသမား ၁၃ ဦးအနက် သက်ထားသူဇာ ၁ ဦးထဲသာ တတိယဆုရရှိခဲ့ပြီး အခြားကစားသမားများ ဆုမရှိ ခဲ့ကြပေ။
ဆက်စပ်ဖတ်ရှုရန်
သက်ထားသူဇာ အင်ဒိုကြက်တောင်မယ်ကို ရှုံးနိမ့်
ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော
သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ
စိတ်ကို အတည်ငြိမ်ဆုံး ထားတယ်ဆိုတဲ့ သက်ထားသူဇာ ယနေ့ စတင်ယှဉ်ပြိုင်မည်
မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ