ချင်းပြည်နယ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရန် တရုတ်ကုမ္ပဏီ၂ ခု ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် ဖြစ်ကြောင်း ချင်းပြည် နယ် အစိုးရ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုးထက်က ဧရာဝတီသို့ ပြောသည်။
ဦးစိုးထက်က“ချင်းပြည်နယ်မှာ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးအတွက် ရေအားလျှပ်စစ် ထုတ်ဖို့ တရုတ် ကုမ္ပဏီ ၂ ခုနဲ့ လက်မှတ်ထိုးပါတယ်”ဟု ပြောပြသည်။
ယင်းသို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် နေပြည်တော်ရှိ MICC 2 တွင် စက်တင်ဘာ ၁၀ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဟောင်ကောင် အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်း ကျင်းပသည့် Myanmar Global Investment Forum ပွဲတွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လက်မှတ်ရေးထိုးခဲ့သည့် တရုတ်ကုမ္ပဏီ ၂ ခုမှာ Yunnan YEIG ကုမ္ပဏီနှင့် Yuanta Construction Group ကုမ္ပဏီတို့ ဖြစ်ပြီး ရေအားလျှပ်စစ် စီမံကိန်း အလတ်စား ၃ ခုနှင့် အသေးစား ၈ ခု စုစုပေါင်း ၁၁ ခု တည်ဆောက်နိုင်ရန် အတွက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးစိုးထက်က“အခု MOU ထိုးတာ ကျနော်တို့က ၁ နှစ် အချိန် ပေးထားတယ် ခင်ဗျ။ ၁ နှစ်ပြည့်တဲ့ အချိန်မှာ စီမံကိန်း အသေးစိတ် Report ပြန်တင်ရမှာပါ။ နေရာတွေကတော့ ထန်တလန်၊ တီးတိန်၊ တွန်းဇံ မြို့နယ် ၃ ခုလောက် ပါတယ်။ ၃၀ မဂ္ဂါဝပ် အောက်က ထန်တလန် မှာ ၂ ခု၊ တီးတိန်မှာ ၁ ခု ပါမယ်။ ထန်တလန်မှာ ဆိုရင် ဘွေနူးမြစ်ပေါ် ဆောက် မှာ ဖြစ် ပါတယ်။ အဲဒီမြစ်ပေါ်မှာ မဂ္ဂါဝပ် ၃၀၊ တချို့ကျတော့လည်း ၂ ခုလောက်ပဲ ရှိတယ်။ တချို့ကျတော့လည်း ၁၀ မဂ္ဂါဝပ် လောက်ပေါ့။ ကျနော်တို့က အသေးစားနှင့် အလတ်စားပဲ လုပ်ခွင့် ရှိပါတယ်”ဟု ပြောဆိုသည်။
လက်ရှိအချိန်မှာ မိုးရာသီ ဖြစ်နေသည့် အတွက် လာမည့် ပွင့်လင်းရာသီ အောက်တိုဘာ၊ နိုဝင်ဘာလတွင် စီမံကိန်း အတွက် ကွင်းဆင်း လေ့လာမှုများ စတင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တည်ဆောက်ရေး လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမည့် တန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာ ၅၇ သန်းဖြစ်ကြောင်း ဦးစိုးထက်က ပြောသည်။
ရေအားလျှပ်စစ် ထုတ်လုပ်ရာတွင် သုည မှ ၁၀ မဂ္ဂါဝပ်အထိကို အသေးစား ထုတ်လုပ်မှုဟု သတ်မှတ်ထားပြီး ၁၀ မဂ္ဂါဝပ် မှ ၃၀ မဂ္ဂါဝပ်အထိကို အလတ်စား သတ်မှတ်ထားကြောင်း ၎င်းက ရှင်းပြသည်။
ထိုသို့ လက်မှတ်ရေးထိုးပြီးသော်လည်း လုပ်ငန်း စတင်နိုင်ရန်အတွက် အချိန်ယူ၍ ဆောင်ရွက်မှုများ ပြုလုပ်ရကြောင်း၊ ချင်း ပြည်နယ်သည် တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် ရေအားမှာ မိုးတွင်းနှင့် နွေရာသီ၊ ဆောင်းရာသီ မတူညီ ကြောင်း မြေပြင်စစ်ဆေးသည့် ဆောင်ရွက်ချက်များ အတွက် ဆောက်လုပ်ရေး အင်ဂျင်နီယာများ စမ်းသပ်ရန်အတွက် အချိန်ပေး ရကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က ဧရာဝတီသို့ ပြောသည်။
ဝန်ကြီးချုပ်က“ဒီလို မတူညီတာကြောင့် မြေပြင်စစ်ဆေးမှုတွေကို ၁ နှစ်လုံး လိုက်လျောပေးရတာလည်းရှိပါတယ်။ ခွင့်ပြု ပေးရပါတယ်”ဟု ပြောပြသည်။
မဂ္ဂါဝပ် ၃၀ ထက်ကျော်ပြီး ထုတ်လုပ်မည်ဆိုပါက ပြည်နယ်၏ ဆုံးဖြတ်၍ မရသဖြင့် ပြည်ထောင်စု အဆင့်သို့ တင်ပြရ ကြောင်း ဦးဆလိုင်းလျန်လွယ်က ဆက်လက် ပြောဆိုသည်။
လက်ရှိမှာ ချင်းပြည်နယ်တွင် လျှပ်စစ်ဓာတ်အား လွှမ်းခြုံမှု ၂၈ ရာခိုင်နှုန်းသာ လွှမ်းခြုံနိုင်သေးကြောင်း ယခု စာချုပ် ချုပ် ထားသည့် နေရာ ၁၁ ခုမှ လျှပ်စစ် မဂ္ဂါဝပ် ၁၅၀ နီးပါး ထွက်ရှိမည် ဖြစ်ကြောင်း ဦးစိုးထက်က ပြောသည်။
ချင်းပြည်နယ်တွင် မြို့နယ် ၉ ခု ရှိသည့်အနက် ဟားခါး ၊ ဖလမ်း၊ ထန်တလန်၊ ကန်ပက်လက်နှင့် မင်းတပ်မြို့များသာ လျှပ်စစ်မီး ရရှိသေးကြောင်း သိရသည်။
တီးတိန်၊ တွန်းဇံ၊ မတူပီနှင့် ပလက်ဝ မြို့များတွင် လျှပ်စစ်မီး မရောက်ရှိသေးသဖြင့် ဒီဇယ်ဖြင့် ည ၇ နာရီမှ ၉ နာရီ အထိ အချိန်ပိုင်း စနစ်ဖြင့် လျှပ်စစ်မီးပေးနေကြောင်း ချင်းပြည်နယ် အစိုးရထံက သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့ ဒေသခံ တဦး ဖြစ်သူ ဦးဇထန်း က“မဟာဓာတ်အားလိုင်းနဲ့ ဝေးတဲ့ ဒေသဆိုရင် လျှပ်စစ်မီး မရ တာတွေ ရှိတယ်။ လျှပ်စစ်မီး မရသေးတဲ့ နေရာတွေဆိုရင် ဒီဇယ်နဲ့ မောင်းပေးရတယ်။ ဒါတောင် အစိုးရ ဝန်ထမ်း တွေကို အဓိက ထားပေးတာပေါ့။ အကုန်လုံးတော့ မရဘူး”ဟု ဧရာဝတီကို ပြောသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အခက်အခဲနှင့် လျှပ်စစ်မီး အပြည့်အဝ မရရှိခြင်းတို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံနှင့် စီးပွားရေး လုပ်ငန်းများတွင် ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေသော ပြည်နယ်တခု ဖြစ်သည်။
ချင်းပြည်နယ် အစိုးရအနေဖြင့် စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာစဉ် ချင်းပြည်နယ် လျှပ်စစ်မီး ရရှိရေးအပြင် နိုင်ငံ တကာသို့ ထိုးဖောက်နိုင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများပါ ဆွေးနွေးခဲ့ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် လက်ရှိတွင် ၄၄ ရာခိုင်နှုန်းကျော် လျှပ်စစ်မီး ရရှိနေပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး လျှပ်စစ်မီး လွှမ်းခြုံနိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနက လစဉ် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။