ထိုင်းလယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမ ဒု ဝန်ကြီး သမာနတ် ပရွန်ပိုး၏ ပါရဂူဘွဲ့မှာ အတုဖြစ်နိုင် သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာပြီး နောက် အထောက်အထား၊ ပါရဂူဘွဲ့စာတမ်းနှင့် လက်ရေး စာမူများကို ပြသကာ သတင်းထောက်များကို ရှင်းလင်းကြောင်း Bangkok Post သတင်းကဆိုသည်။
ယင်းပြဿနာနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝမ်ဆူဝေါင်၏ တန်ဖိုးကြီး လက်ပတ် နာရီများ အကြောင်း ဖေါ်ထုတ်ခဲ့သော CSI LA ဖေစ်ဘွခ် အကောင့်ကပင် လွှတ်တော်အင်တာနက် စာမျက်နှာမှ ဒု ဝန်ကြီး သမာနတ် ပရွန်ပိုး၏ ပညာအရည်အချင်းကို သိရှိပြီးနောက် တင်ပြလိုက်ခြင်း ဖြစ်သည်။
ဒု ဝန်ကြီး သမာနတ်က “ ကျနော်ကဒီဘွဲ့ကို အမေရိကန်အခြေစိုက် ကယ်လီဖိုးနီးယားတက္ကသိုလ် လော့စ်အိန်ဂျယ်လိစ်က ရခဲ့တာ၊ ဖိလစ်ပိုင်က ရတာမဟုတ်ဘူး” ပြောသည်။
CSILA၏ Facebook စာမျက်နှာအရ သူသည် ချူလာချမ့်လောင် တော်ဝင်စစ်တက္ကသိုလ်မှ ရိုးရိုးဘွဲ့ ရပြီး မဟာချူလာ လောင်ကွန်တက္ကသိုလ်မှ ဗုဒ္ဓဘာသာမဟာဘွဲ့နှင့် ရမ်ခမ်ဟန်တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံမဟာဘွဲ့ရသည်ဟု သာ သိရသည်။
သို့သော် ယခုပြဿနာဖြစ်နေသောကိစ္စမှာ သူ၏ မဟာဘွဲ့ဖြစ်သည်။ သူသည် ကာလာမတ်စ် နိုင်ငံ တကာ တက္ကသိုလ်မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ရကြောင်း လွှတ်တော်အင်တာနက် စာမျက်နှာ တွင် ခဏတာဖေါ်ပြခဲ့ဖူးသည်။
ထိုတက္ကသိုလ်သည် အသိအမှတ်ပြုတက္ကသိုလ်မဟုတ်ဘဲ အမှန်တကယ်လည်းမရှိကြောင်း CSL LA က ထောက်ပြသည်။
ထို့အပြင် သူသည် ကယ်လီဖိုးနီးယားတက္ကသိုလ် FCE မှ အလားတူဘွဲ့ရကြောင်း သတင်းများ ထွက်လာပြီးနောက် လွှတ်တော်အင်တာနက် စာမျက်နှာက လည်းလိုက်လံပြင်ဆင်ခဲ့သည်။
ထိုတက္ကသိုလ်ကလည်း ၎င်းတို့၏ အလားတူ အမည်ဖြင် ဖိလစ်ပိုင်တွင် အွန်လိုင်းတက္ကသိုလ် တခုရှိနေကြောင်း သတိပေးထားသည်။
သို့သော် ဒုဝန်ကြီး သမာနတ်ကမူ တစုံတဦးက လွှတ်တော်အင်တာနက်စာမျက်နှာသို့ ခိုးဝင်ရောက်ပြီး သူ၏ကိုယ်ရေး အချက်အလက်များကို ပြင်ဆင်ခဲ့သည်ဟုဆိုပြီး၊ ကယ်လီဖိုးနီးယားတက္ကသိုလ် FCE သည် အသိအမှတ်ပြု တက္ကသိုလ် ဖြစ်ပြီး နိုင်ငံတကာကွန်ရက်လည်းရှိသည်ဟုပြောသည်။
“ ဒါပေမယ့်ကျနော်က အမေရိကန်ပြည်ထောင်စုကိုလူကိုယ်တိုင်ရောက်ခဲ့တာမဟုတ်ဘူး။ ကျောင်း တက်စရာမလိုတဲ့ ဒီက ဆူခိုထိုင်း၊ သမ်မာသီရတ်လို၊ ရန်ခမ်ဟန်တက္ကသိုလ်တို့လိုနဲ့ လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်” ဟုသူပြောသည်။
“အချိန်တန်ရင် ကထိကတွေက စာမေးပွဲတွေ စာတမ်းတွေနဲ့စစ်ဆေးတယ်။ ကျနော့်ရဲ့စာတမ်းက European Journal လို့ခေါ်တဲ့အရေးပါတဲ့စာစောင်မှာ ပါဝင်ခဲ့တယ်” ဟုသူပြောသည်။
ဖယောင်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲဖြစ်ခဲ့ပြီး ယခုအခါ ဖလမ်ပရာချာရက်ပါတီ မှစာရင်းဝင် လွှတ်တော် ကိုယ်စားလှယ်ဖြစ်သော ပွန်ဆင်ဝါရင်ရက်သည် သူ၏စာတမ်းအတွက် အဓိကအချက် အလက်ရင်းမြစ် ဖြစ်သည် ဟုသူပြောသည်။
သို့သော် “ တန်ဖိုးမြင့်နှင့် တန်ဖိုးဖန်တီးရေး အတွက် ပုံရိပ်နှင့် ဝိသေသလက္ခဏာ အသုံးပြု ဒေသ စွမ်းဆောင်ရည် တိုးတက်ရေးနှင့် မြှင့်တင်ရေး- ဖယောင်ဒေသ လေ့လာမှု စစ်တမ်းကိုမူ ကာလာမတ် နိုင်ငံတကာ တက္ကသိုလ်နှင့် ကယ်လီဖိုးနီးယား တက္ကသိုလ် (CUFCE) သို့တင်သွင်းခဲ့ကြောင်း ထိုစာတမ်း၏ မျက်နှာဖုံးအရသိရသည်။
အတိုက်အခံ ဆရီရမ်ထိုင်းပါတီ ခေါင်းဆောင် ဆရီပစ်ဆုသ် တီမီယာဗက်ကမူ အတိုက်အခံများအနေ ဖြင့် ထိုအချက် အလက်များကိုစစ်ဆေးမည်ဟု ကြာသပတေးနေ့ကပြောသည်။
ထို့အပြင် ဒုဝန်ကြီး သမာနတ်သည် သြစတြေးလျတွင် ပြစ်ဒဏ်ကျခံဖူးသူဖြစ်ပြီး၊ ယင်းအဖြစ်အပျက် နှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးရာ သူသည် မှောင်ခိုကူးခြင်း၊ မူးယစ်ဆေး တင်သွင်းခြင်း နှင့် ပတ်သက်သည်ဟု ဝန်ခံခြင်းမရှိဘဲ ထိုသို့မဟုတ်ဟု ပြောသူများ အားလုံးကို အထောက်အထား ပြရန် စိန်ခေါ်ခဲ့ကြောင်း သူပြောသည်။
“ ကျနော်က အသေးအဖွဲပြစ်မှုအတွက် အယူခံတာကလွဲပြီး စုံစမ်းစစ်ဆေးတောင်မှ မခံဖူးဘူး” ဟု သူပြောသည်။
Sydney Morning Herald သတင်းစာတွင် တရားရုံးစာရွက်စာတမ်းများကို ကိုးကားပြီး ဖေါ်ပြသကဲ့ သို့ သူ့ကို ၄ နှစ် ဖမ်းဆီးထားခြင်းမရှိဘဲ ၈ လသာချုပ်နှောင်ထားကြောင်းသူပြောသည်။
“အသေးစားပြစ်မှုအတွက် အယူခံဝင်တဲ့အခါ ဆိုးသွမ်းကလေးအကျဉ်းသားတွေကို ထိန်းဖို့စေလွှတ် ခံဖူးတယ်” ဟုသူပြောသည်။
သို့သော် ယင်းသတင်းစာတွင်မူ သူသည် ဟီးရိုအင်းခေါ် ဘိန်းဖြူ စီးပွားဖြစ် တင်သွင်းရာတွင် ပါဝင် ပတ်သက်ကြောင်း တရားရုံး အထောက်အထားကို ကိုးကား၍ ဖော်ပြသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကမူ သမာနတ်သည် လွှတ်တော်သို့ ကောင်းစွာ ရှင်းလင်းတင်ပြ ပြီးကြောင်းနှင့် ဝန်ကြီးတဦး၏ အရည်အချင်းကို စစ်ဆေးခဲ့သောအဖွဲ့သည် ထိုစဉ်ကပင် သူ့ထံအစီရင် ခံပြီးဖြစ်သောကြောင့် အခြားအချက်များကို သိရန် မျှော်လင့်မထားကြောင်းပြောသည်။
သို့သော်ရဲဗိုလ်ချုပ်ဟောင်း ဆရီပစ်က ထိုသို့ပြောကြားခြင်းသည်လိမ်ညာခြင်းဖြစ်ကြောင်းပြောသည်။ “ ဒီအမှုမှာ တရားရုံးဆုံးဖြတ်ချက်ကို ဖေါ်ထုတ်ပြီး ပြည်သူသိအောင်လုပ်ရမယ်” ဟုပြောသည်။
“ ဒါပေမယ့် ကျနော်တို့က ဒီကိစ္စကို တရားရုံးမှာ သက်သေပြတဲ့အထိ လုပ်ချင်မှလုပ်မယ်။ အစိုးရ အနေနဲ့တာဝန်ရှိတာကို တာဝန်ယူစေချင်တာပါ” ဟု သူပြောသည်။
ဒုဝန်ကြီး သမာနတ်မှာ ထိုင်းညွှန်ပေါင်း အစိုးရ ဖြစ်မြောက်ရေးအတွက် ညှိနှိုင်းပေးခဲ့သူဖြစ် ပြီး၊ သူသည် သူ့အတိတ်အဖြစ် အပျက်နှင့် ပတ်သက်၍ လိမ်ညာခဲ့သည်ဟု စွပ်စွဲသူများကို အမှုတရာ တရားစွဲဆိုမည်ဟု ဆိုသည်။
“သူတို့လုပ်ရပ်ရဲ့အကျိုးဆက်ကို သူတို့ရင်ဆိုင်ရလိမ့်မယ်။ ဒါကို အလေးအနက်ထားမယ်လို့ ကျနော် ပြောပြီးပြီ။ ကျနော်နောက်နေတာမဟုတ်ဘူး။ အမှုတရာဖွင့်ဖို့ ကျနော့်ရှေ့နေကို ကျနော်ပြောထားပြီး ပြီဟု သူပြောသည်။
သို့သော်သူက မီဒီယာများကို ပစ်မှတ်မထားကြောင်းနှင့်တသီပုဂ္ဂလများကိုရည်ရွယ် ကြောင်းလည်း ပြောသည်။
သူ့ကိုဆန့်ကျင်သူများအနေဖြင့် ဝှက်ဖဲအကုန်ထုတ်ပြရန်နှင့် ထိုနောက် ဥပဒေကြောင်းအရ ရင်ဆိုင်ရန် လည်းသူပြောသည်။
ပါရဂူဘွဲ့အတုနှင့်ပတ်သက်ပြီးပြောကြားရာတွင် ဒုတိယ ဝန်ကြီးချုပ် ဝစ်စနု ကရီယာ အန်ဂမ်းက သူ၏ ပါရဂူဘွဲ့သည် အတုဖြစ်စေကာမူ သမ်မာနတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရန် ရိုးရိုးဘွဲ့သာ လိုသောကြောင့် စစ်တပ်မှရသောဘွဲ့နှင့်ပင် လုံလောက်သည်ဟု ပြောသည်။
ပညာရေးနှင့်ပတ်သက်သော မှားယွင်းထုတ်ဖေါ် ကြေညာခြင်းသည် ပြည်သူ့ဝန်ထမ်း အရည်အချင်း မပြည်မီခြင်း ဟုတ်မဟုတ် မေးသောအခါ ဒု ဝန်ကြီးချုပ်က တိုက်ရိုက်ဖြေကြားခြင်းမရှိပေ။
“ဒီကိစ္စနှစ်ခုကိုလာမရောနဲ့။ အရည်အချင်းအရပြောရင် သူက အရည်အချင်းအားလုံးပြည့်မီတယ်။ ကျင့်ဝတ်က တခြားကိစ္စ ဖြစ်ပြီး အကြာကြီးစုံစမ်းဖို့လိုတယ်” ဟု သူပြောသည်။
You may also like these stories:
တရုတ်နဲ့ အိန္ဒိယ နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပြုမယ့်အဆို ထိုင်းဒုဝန်ကြီးချုပ် သဘောမတူ
ခရီးသွားလုပ်ငန်းကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လိုတဲ့ ထိုင်းခရီးသွားလာရေး ဝန်ကြီး