ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရ တရုတ် Sino Great wall ကုမ္ပဏီက နုတ်ထွက် သွားသောကြောင့် ဂျပန် Sumitomo ကော်ပိုရေးရှင်းက ဝင်ရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့ မီးရထား လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ စီမံကိန်း တင်ဒါကို စင်ကာပူ Oxley Holding၊ မြန်မာမင်းဓမ္မ ကုမ္ပဏီနှင့် တရုတ် Sino Great wall ကုမ္ပဏီတို့ ပူး ပေါင်းထားသည့် Central Transport Development Consortium (CTDC) ကုမ္ပဏီ အုပ်စုက တင်ဒါ အောင်မြင်ခဲ့ ခြင်း ဖြစ်သော်လည်း လက်ရှိတွင် တရုတ် Sino Great wall ကုမ္ပဏီက နုတ်ထွက်သွား၍ ယင်းနေရာတွင် ဂျပန် ကုမ္ပဏီ က ဝင်ရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
ဦးဘမြင့်က“အခု အကြမ်းဖျင်းကတော့ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ သူတို့ လုပ်ငန်း ဒုက္ခရောက်သွား တယ်။ ဒါကြောင့် ထွက်သွားတဲ့အတွက် ဂျပန်ကုမ္ပဏီက အစားဝင်ဖို့ နိုင်ငံတော်ကို တင်ပြတဲ့အခါမှာ ဆက်လက် ဆောင်ရွက်ဖို့ သဘောတူတယ်။ ကျနော်တို့ စာချုပ်ကတော့ ဒီနှစ်မကုန်ခင် ချုပ်ဆိုနိုင်ဖို့ ကြိုစားနေတယ်”ဟု ရှင်းပြ သည်။
လက်ရှိတွင် ဂျပန် Sumitomo ကော်ပိုရေးရှင်းက စီမံကိန်း တင်ဒါနှင့်ပတ်သက်၍ ၎င်းတု့ိလုပ်ငန်းမှ တင်ပြရမည့် ဇယား များကို လုပ်ဆောင်နေပြီး ယခုနှစ် မကုန်ခင် ပြီးစီးနိုင်ရန် ဆောင်ရွက်နေကြောင်း ဦးဘမြင့်က ပြောသည်။
“ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပြီးမှပဲ အခြား စီမံကိန်းတွေ ဖြစ်တဲ့ ဘူတာကြီးနားက စက်ရုံတို့ ဘာတို့ကို ရွှေ့သွားမှာ ဖြစ်ပါတယ်”ဟုလည်း ဦးဘမြင့်က ပြောဆိုသည်။
စီမံကိန်း ဒီဇိုင်းပုံစံကို CTDC ကုမ္ပဏီအုပ်စုက တင်ပြထားပြီး ယင်းဒီဇိုင်းပုံစံ ပြောင်းလဲမည် မဟုတ်ကြောင်းလည်း မြန်မာ့ မီးရထားမှ သိရသည်။
ထိုစီမံကိန်းကြီး ၁ ခုလုံးသည် အမေရိကန်ဒေါ်လာ၂ ဒသမ ၅ ဘီလီယံခန့် အကုန်ကျခံကာ ရထားနှင့် အများသုံး သယ်ယူ ပို့ဆောင်ရေး စနစ်များ ပေါင်းစည်းထားသည့် ပို့ဆောင်ရေး ဗဟိုဌာနသစ် တခု အပါအဝင် အိမ်ရာနှင့် စီးပွားရေး လုပ်ငန်းများအတွက် နေရာများ ပါဝင်မည်ဟု ဆိုသည်။
အဆိုပါ ဘက်စုံစီမံကိန်း (Mix-use development) တခုလုံးတွင် ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၀၉ သန်း ကျယ်ဝန်းမည် ဖြစ်ပြီး ဇုန် ၆ ခု ပါဝင်ကာ၊ စီမံကိန်းမှ ပြည်တွင်း အလုပ်အကိုင် ၁ သိန်းခန့် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်က CTDC ကုမ္ပဏီအုပ်စုက သတင်း ထုတ်ပြန်ထားသည်။
စီမံကိန်း၏ အကျိုးအမြတ်အနေဖြင့် ကုမ္ပဏီက နှစ် ၅၀ ခံစားခွင့် ရရှိမည်ဖြစ်ပြီး အစိုးရက ယင်းနှစ် ၅၀ ပြီးလျှင် နိုင်ငံပိုင် အဖြစ် ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုထားသည်။
ရန်ကုန်ဘူတာကြီး ဧရိယာအတွင်း မြန်မာ့ မီးရထားပိုင်မြေ ၆၃ ဧကပေါ်တွင် ၃၆ ဧက ကိုသာ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ် ကိုင်နိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ဧကများကို တင်ဒါရ ကုမ္ပဏီက အသုံးပြုမည်ဆိုလျှင် အသုံးပြုခကို မြန်မာ့ မီးရထားသို့ ပေးဆောင်ရမည် ဖြစ်ကြောင်း မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း က အဆိုပါ စီမံကိန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ် ပြောဆိုထားသည်။
မြန်မာ့မီးရထားသို့ အသုံးပြုသည့် ပမာဏအလိုက် ၁ နှစ်လျှင် ၁ ဧကမြေ အသုံးချခွင့်ကို အမေရိကန် ဒေါ်လာ ၃ သန်း အနည်းဆုံး ပေးရမည်ဖြစ်ပြီး မီးရထား ဝန်ထမ်းများအတွက် ကုမ္ပဏီက အနည်းဆုံး ဒေါ်လာ သန်း ၃၀ ခန့် တန်ဖိုးရှိ အိမ်ရာတည်ဆောက် ပေးရမည်ဆိုသည့် အချက်တို့ ပါဝင်ကြောင်း ၎င်းက ပြီးခဲ့သည့် စီမံကိန်း မိတ်ဆက် အခမ်းအနား တွင် ပြောသည်။
စီမံကိန်း အကောင်ထည်ဖော်မှုကို အစိုးရက မိတ်ဆက်ထားသည့် ၂၀၁၄ ခုနှစ်မှ စ၍ ၈ နှစ်အတွင်း အကောင်အထည် ဖော်ရန်း စီစဉ်နေကြောင်းလည်း သိရသည်။
နှစ်ပေါင်း ၁၄၀ ကျော်သက်တမ်းရှိ ရန်ကုန်ဘူတာကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရှေးဟောင်း ကိုလိုနီခေတ် အဆောက်အအုံ ၁ ခု အဖြစ် ၂၀၀၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍ ရန်ကုန် ဘူတာကြီး ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
You may also like these stories:
ရေနက်ဆိပ်ကမ်းသစ် တခု တည်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်
ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး ၈နှစ် အတွင်း အပြီးဆောင်ရွက်မည်ဟု ဆို
ရန်ကုန် မြို့ပတ် ရထားလမ်း အဆင့်မြှင့် စီမံကိန်း ၂၀၂၃ တွင် အပြီးသတ်ရန် ခန့်မှန်း
ရန်ကုန် မိုးပျံ ရထားလမ်းစီမံကိန်း အတွက် သိမ်းဆည်းခံ မြေများ လျော်ကြေးပေးရန် စီစဉ်