၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ ကျင်းပမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသည့် နော်အုန်းလှအား အမြန်ဆုံး လွတ်ပေးရေး စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
နော်အုန်းလှ ဦးဆောင်သော အဖွဲ့သည် သြဂုတ်လ ၁၂ ရက်နေ့က ကရင်အမျိုးသားခေါင်ဆောင် စောဘဦးကြီးအား ဂုဏ်ပြုသည့် အနေဖြင့် “ကရင့် အာဇာနည်နေ့” အသုံးအနှုန်းဖြင့် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ပွဲကျင်းပခဲ့ပြီး နောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ (ငြိမ်းစုစည်း) ဥပဒေ ပုဒ်မ ၂၀ ဖြင့် ကျောက်တံတား ရဲစခန်းတွင် အရေးယူခံရခြင်း ဖြစ်သည်။
“တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ဒီအချိန်မှာ သိပ်တော့ အထိအခိုက်အဖြစ်မခံစေချင်ဘူး၊ ဒီလို အသေးအဖွဲ လေးတွေကို အရေးယူတာမျိုးတွေ ရှောင်စေချင်တယ်၊ ဗိုလ်ချုပ်ရုပ်ထုတွေ ကိစ္စဆိုရင်လဲ ကယားမှာမပြီးသေးဘူး အခုချင်းဘက်မှာ စလာပြန်ပြီ၊ တင်မားမှုတွေ မဖြစ်ဖို့ကိုပဲ လိုလားပါတယ်”ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့် လွင်က ပြောသည်။
ကရင့်အာဇာနည်နေ့ မပြုလုပ်မီ သြဂုတ် ၉ ရက်နေ့က သက်ဆိုင်ရာသို့တင်ပြရာတွင် “အာဇာနည်”ဆို သည့် စကားလုံး အသုံးမပြုရန် တားမြစ်ပိတ်ပင်မှုများ ရှိခဲ့သော်လည်း ဆက်လက် ကျင်းပမှုကြောင့် နော်အုန်းလှအား စက်တင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးကာ အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်ထား သည်။
ယခုကဲ့သို့ ပိတ်ပင်မှု၊ တရားစွဲဆိုမှုများသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအား လေးစား အသိ အမှတ်ပြုရေး အပေါ် အာဏာပိုင်များက အတိအလင်းချိုးဖောက်လိုက်ခြင်း ဖြစ်ကြောင်းလည်း UNA က ဝေဖန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် နော်အုန်းလှအား အာဇာနည်နေ့ကျင်းပခြင်းကြောင်း အရေးယူခြင်း မဟုတ်ဘဲ ငြိမ်းစုစည်းဥပဒေအရ အညီမလုပ်၍ အရေးယူခြင်း ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကရင့်အာဇာနည်နေ့ ကျင်းပမှု ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်မောင်နှင့် ကရင်အမျိုးသား ပါ တီမှ စောကျော်ကြီး တို့အပါအဝင် အမှုဖွင့် အရေးယူခံရမှုလည်း ဖြစ်ပွားခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေချိန် တိုင်းရင်းသား လူမျိုးများအကြား အထင်အမြင် လွဲမှားစေသည့် အရေးယူ လုပ်ဆောင်မှုကို ရှောင်ကျဉ်ရန် လိုအပ်ပြီး နော်အုန်းလှအပေါ် တရားစွဲဆိုထား မှုကိုလည်း ရုတ်သိမ်းပေးရန် ပြည်ပရောက် ကရင်များနှင့် ဖွဲ့စည်းထားသည့် KUN Concerned Group နှင့် အရပ်ဘက်အဖွဲ့အစည်း၂၈၉ ဖွဲ့တို့ကလည်း တောင်းဆိုထား သည်။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးသည် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ကရင် ပြည်နယ်၊ ဖာပွန်မြို့ နယ်၊ ထော့ကော့ကိုးဒေသ၌ တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားစဉ် ကျဆုံးခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့အား ကရင့်အာဇာနည်နေ့ အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပလာခဲ့ ခြင်းဖြစ်သည်။
နော်အုန်းလှအား စွဲဆိုထားသည့် ငြိမ်းစုစည်းပုဒ်မ ၂၀ သည် ပြစ်မှုထင်ရှားပါက ၆ လထက်မပိုသည့် ထောင် ဒဏ်ဖြစ်စေ၊ ကျပ် ၁ သောင်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထား သည်။
UNA အဖွဲ့တွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင်အမျိုး သား ပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်း အမျိုးသားပါတီ၊ ခူမီး(ခမီး)အမျိုး သားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ မြိုအမျိုး သားဒီမိုကရေစီပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက် တစ်ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီနှင့် ဒိုင်းနက်လူမျိုးတိုးတက်ရေးပါတီတို့ ပါဝင်သည်။
ဆက်စပ်ဖတ်ရှု့ရန် –
ငြိမ်းစုစီ ပုဒ်မဖြင့် တရားစွဲခံရသူ ဒေါ်နော်အုန်းလှ အင်းစိန်ထောင်သို့ ပို့
ကရင့်အာဇာနည် အသုံးအနှုန်း မသုံးရန် အစိုးရ တားမြစ်
ကရင့်အာဇာနည်နေ့ ကျင်းပသူ ၅ ဦးကို တရားစွဲရန် ပြင်ဆင်နေ
ကရင့် အာဇာနည်နေ့ ကျင်းပ၍ ပဒိုမန်းငြိမ်းမောင် အပါအဝင် ၆ ဦး တရားစွဲခံရ