သတင်း

အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီရှိရန် လိုဟု မြောက်ပိုင်း မဟာမိတ် ပြော

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်များကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် ပတ်သက်၍ ၂ ဖက်စလုံး ပါဝင် သော အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု ကော်မတီတခု ရှိရန် လိုအပ်နေပြီ ဖြစ်ကြောင်း မြောက်ပိုင်း မဟာမိတ် များ ဘက်က ဧရာဝတီ သို့ ပြောသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)မှ ဗိုလ်မှူးချုပ် တာဘုန်းကျော် က“အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး ကော်မတီ ရှိဖို့တော့ လိုတယ်။ ကျနော်တို့ FPNCC ရော၊ တရုတ်နိုင်ငံရော အဲဒီမှာ ပါဝင်မှ ကျနော်တို့ ပစ်ခတ်ကြပြီ ဆိုရင် ဘယ်သူမှားလဲ၊ မှန်လဲဆိုတာ လက်တွေ့ကျကျ ဆောင်ရွက်လို့ ရတာပေါ့။ ကျနော်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို NRPC ရော တပ်မတော်ဘက်က ကိုယ်စား လှယ်ရော လက်ခံလိုက်ရင် အကောင်းဆုံးပဲ”ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် မည့်သည့်အချက်များ ပါဝင်သည်ကိုမူ အသေး စိတ် ပြောဆိုခြင်း မရှိသော်လည်း ၎င်းတို့၏ အဆိုပြုချက်သည် တပ်များ ရောက်ရှိနေသည့်နေရာမှ စ၍ ညှိနှိုင်းကြခြင်း ဖြစ်ကြောင်း၊ ကြိုတင် ကန့်သတ်ချက်မထားဘဲ ၂ ဖက် အပစ်ရပ်နိုင်ပါက အကောင်းဆုံး ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် တာဘုန်းကျော် က ဆိုသည်။

အပစ်ရပ်စဲရေး ကော်မတီဆိုသည်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးပြီးမှသာ နိုင်ငံရေးသဘောအရ စဉ်းစားရမည့် ကိစ္စတခု ဖြစ်သည်ဟု သိရသော်လည်း တိုက်ပွဲများ ဖြစ်နေဆဲ အချိန်တွင် မြောက်ပိုင်း မဟာမိတ်များက ယခုလို စတင် တောင်းဆိုလာခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ ပြုလုပ်မည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော် တို့ကြား တွေ့ဆုံပွဲတွင် အထက်ပါ ကိစ္စရပ်များ ဆွေးနွေးနိုင်ဖွယ် ရှိပြီး အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များ ယနေ့ ကျိုင်းတုံမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ TNLA၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် (AA)တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)မှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ် သည်။

ပထမအကြိမ် သြဂုတ်လ ၃၁ ရက်က တွေ့ဆုံခဲ့စဉ်ကလည်း ၂ ဖက် ဆက်လက် တွေ့ဆုံရန်သာ သဘောတူနိုင်ခဲ့ပြီး တပ်မတော် က စက်တင်ဘာလ ၂၁ ရက် အထိ အပစ်ရပ် သက်တမ်း တိုးပေးခဲ့သလို မြောက်ပိုင်း မဟာမိတ်များဘက် ကလည်း တလကြာ အပစ်ရပ်ကြောင်း ကြေညာပေးခဲ့သည်။ သို့သော် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၃၁ ရက် ကျိုင်းတုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စု လမ်းမကြီးကို တိုက်ခိုက်မှုများ မလုပ်ရန်၊ အရပ် သား ပစ်မှတ်များအား တိုက်ခိုက်ခြင်း မပြုရန်နှင့် ဖြစ်နိုင်ပါက မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များဘက်က အပစ်ရပ် ကြေညာပေးရန် အစိုးရ ဘက်က တောင်းဆိုခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော်က“ဆွေးနွေးပွဲက ခန့်မှန်းရ တော်တော်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ မြန်မာ စစ်တပ်က တိုက်ပွဲ တအား ဖြစ်ချင်နေတယ်။ ကျနော်တို့ဘက်က တဖက်သတ် အပစ်အခတ်ရပ်စဲရေး လုပ်ထား လည်း သူက ကျနော်တို့ကို လေယာဉ်နဲ့တောင် လာပစ်တယ်။ အောက်ခြေမှာလည်း ထိုးစစ်တွေ အများကြီး တက်လာ တယ်”ဟု ပြောသည်။

ထို့ကြောင့် ကျိုင်းတုံဆွေးနွေးပွဲ လက်တွေ့ကျကျ မည်မျှ ပြေလည်နိုင်မည် ဆိုသည်မှာ ခန့်မှန်းရ ခက်နေကြောင်းလည်း TNLA ဘက်က ပြောဆိုသည်။

တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ“အပြုသဘော မျှော်လင့်လို့ အပစ်ရပ်ကာလကို ၂၁ ရက် နေ့အထိ တိုးပေးထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ အခြေအနေတွေကတော့ မနက်ဖြန် ကျိုင်းတုံ ဆွေးနွေးပွဲ အပေါ် မှာပဲ မူတည်ပါလိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။

စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်မည့် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ကြား ကျိုင်းတုံ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲသည် ရလဒ်ကောင်းမွန်ရန် လိုအပ်ပြီး ရလဒ်မကောင်းပါက စိုးရိမ်ရသည့် အလားအလာရှိကြောင်း အစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူ သမ္မတရုံး ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်တွင် သတင်းထောက်များကို ပြောဆို ထားသည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော်က“ကျနော်တို့က ကျိုင်းတုံ ဆွေးနွေပွဲမှ မဟုတ်ပါဘူး။ ဟိုတုန်းက တွေ့ခဲ့တဲ့ မူဆယ် ဆွေးနွေးပွဲကအစ တွေ့ခဲ့တဲ့ဟာတွေလည်း မြန်မာ့ တပ်မတော်က အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းပြီးတော့ လုပ်မယ် ဆိုရင်၊ လုပ်ချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် အဲဒီကတည်းက သဘောတူညီချက်တွေ ရပြီးပါပြီ။ ကျနော်တို့ သဘောထားတွေ အပြန်အလှန်ပေးပြီး ဖြစ်တယ်။ အခု ကျိုင်းတုံမှာ ဘယ်လောက်အထိ သေသေချာချာ ပြေလည်မလဲ ပြောရခက်ပါ တယ်”ဟု ပြောသည်။

၂ ဖက် အပစ်ရပ်ထားသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် တွင် TNLA နှင့် တပ်မတော်တို့ ယမန်နေ့က အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး TNLA အဖွဲ့ တပ်စွဲထားသည့် တောင်ရိုး ဘုရားတောင်ပေါ်သို့ မည်သည့် အဖွဲ့အစည်းကိုမျှ ခွင့်ပြုမည် မဟုတ်ကြောင်း တပ်မတော်ဘက်က ပြောဆိုသည်။

တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ စစ်တိုင်း ၅ တိုင်းကို တဖက်သတ် အပစ်အခတ် ရပ်စဲ ထားသည်။

တပ်မတော် အပစ်အခတ် ရပ်စဲမှုသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ စတင် ကြေညာ ပြီးနောက် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက် အထိ တကြိမ်၊ သြဂုတ်လ ၃၁ ရက်အထိ တကြိမ်၊ ယခု စက်တင်ဘာလ ၂၁ ရက် အထိ တကြိမ် ၃ ကြိမ်မြောက် သက်တမ်း တိုးထားသည်။

ယခု အပစ်အခတ် ရပ်စဲထားသည့် စက်တင်ဘာ ၂၁ ရက်အတွင်း တပ်မတော်နှင့် TNLA တို့ ရှမ်းပြည်နယ် မြောက်ပိုင်း တွင် စက်တင်ဘာလ ၁၃ ရက်အထိ တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားထားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနက် TNLA၊ MNDAA၊ AA တို့ ၃ ဖွဲ့သည် ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် နှင့် တိုးဂိတ် အပါအဝင် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးဂိတ်၊ ရဲစခန်းနှင့် မြို့ရှောင်လမ်း တိုးဂိတ် စသည့် နေရာ ၆ နေရာကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်က တပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။

ထိုတိုက်ခိုက်မှုကြောင့် တပ်မတော် အရာရှိ စစ်သည် အပါအဝင် ရဲနှင့် အရပ်သား စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၈၂၁ သိန်းဖိုး ပျက်စီး ဆုံးရှုံးသွားခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားမှု အပြီး မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တို့ကြား အပစ်ရပ်စာချုပ် အတွက် ကျိုင်းတုံမြို့တွင် ဆွေးနွေးသည့် ဩဂုတ်လ ၃၁ ရက် နံနက်တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် မော်ဟစ်ကျေးရွာ အတွင်း တိုက်ပွဲကြောင့် လက်နက်ကြီးကျည်များကျပြီး ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သေးသည်။

ယခု ကျိုင်းတုံ ဆွေးနွေးပွဲသည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ပေါ်ပေါက်လာရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲ တခု ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading