ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာ အနီးရှိ တောင်ရိုး ဘုရား တောင်ပေါ်တွင် ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသည့် အတွက် ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင်နေရကြောင်း သိရသည်။
TNLA နှင့် တပ်မတော်တို့ နမ့်ဆန်မြို့နယ် တောင်ရိုးဘုရား တောင်ပေါ်၌ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က စတင် ၍ ၁၅ ရက် အထိ နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိသည်။
ထို တိုက်ပွဲကြောင့် ကယားလမ်း၊ ဇယန်းမြောက်၊ ပန်းစပိန်း၊ ပန်းသူဦး၊ ဟိုချောင်း၊ ကဒွတ်ခို စသည့် ကျေးရွာ ၆ ရွာမှ ဒေသခံ ၁၀၀၀ ကျော် ကယားလမ်း ရပ်ကွက် ၁ နှင့် ဇယန်းကြီး ဘုန်းကြီးကျောင်း အပါအဝင် နေရာ ၅ ခု၌ တိမ်းရှောင် နေကြရသည်ဟု နမ့်ဆန်မြို့ရှိ တအန်း အမျိုးသမီး အစည်းအရုံး (TWO)မှ မလွေးပလန်ဂျာခေး က ဧရာဝတီသို့ ပြော သည်။
“တိုက်ပွဲရှောင်က ကယားလမ်း၊ ပန်းစပိန်း၊ ဟိုချောင်း၊ ဇယန်းမြောက်၊ ပန်းသူဦး၊ ကဒွတ်ခို ၆ ရွာရှိသွားပြီ။ လူဦးရေက ၁၀၀၀ ကျော် ရှိတယ်။ စခန်း ၅ ခုမှာ ခွဲနေကြတယ်။ ဇယန်းကြီးကျောင်းက အိပ်စရာ နေရာမရှိလို့ အဲဒါကြောင့်မို့လို့ ကယား လမ်းက ရပ်ကွက် ၁ ထဲမှာ သွားခိုလှုံရတာ”ဟု ၎င်းက ပြောပြသည်။
ကယားလမ်း ကျေးရွာတွင် ရပ်ကွက် ၁၊ ၂ ၊ ၃၊ ၄ ရှိပြီး အိမ်ထောင်စု ၁၈၀ ကျော် လူဦးရေ ၇၀၀ ကျော်ရှိသည့်အနက် ရပ်ကွက် ၂၊ ၃၊ ၄ မှ လူဦးရေ ၆၀၀ ကျော်သည် နမ့်ဆန်မြို့နှင့် နီးသော ရပ်ကွက် ၁ သို့ သွားရောက် ခိုလှုံနေကြ ကြောင်း၊ သို့သော်လည်း လူဦးရေ ၂၀၀ ကျော်သာ ရောက်ရှိနေပြီး ကျန်လူများမှာ လမ်းတဝက်တွင်သာ ရှိနေသေး ကြောင်း TWO မှ မလွေးပလန်ဂျာခေးက ဆက်ပြောသည်။
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့မှ ဦးအောင်မျိုးသူက“တိုက်ပွဲရှောင်က ၈၀၀ ဝန်းကျင်လောက်ပဲ ရှိမယ်၊ ဘုန်းကြီးကျောင်းတွေမှာ အခြေစိုက်နေတယ်။ မြို့ပေါ်က ဘုန်းကြီးကျောင်းတွေပေါ်မှာနေတာ၊ ကျနော်တို့ လျာထားတာ ဘုန်းကြီးကျောင်းတွေမှာ လျာထားတာ၊ ရွာတွေမှာ မထားဘူး”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ တိုက်ပွဲရှောင်များမှာ ပန်စရီ ဘုန်းကြီးကျောင်းတွင် ၁၉၃ ဦး၊ ကယားကြီး ဘုန်းကြီးကျောင်းတွင်၂၀ဝ၊ ဇယန်း ကြီး ကျောင်းတွင် ၇၁၅ ဦး ၊ ၇၄ မိုင်တွင်၂၆၅ ဦး စုစုပေါင်း ၁၃၇၃ ဦး ရှိကြောင်း TWO က စက်တင်ဘာလ ၁၆ ရက် တွင် ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲရှောင်များကို ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံး အပါအဝင် နမ့်ဆန်မြို့နယ်အတွင်းရှိ အရပ် ဘက် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် TWO တို့မှ စားနပ်ရိက္ခာများ ကူညီ ထောက်ပံ့ပေး ထားကြောင်း သိရသည်။
ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တပ်မတော်ဘက်က ၁၁ နာရီခွဲက လက်နက်ကြီး ပစ်ခတ်မှု တကြိမ်သာ ရှိတော့ ကြောင်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ဦးအောင်မျိုးသူက ပြောသည်။
TWO ရုံးမှ မလွေးပလန်ဂျာခေး က“ဒီနေ့က တဖက်ပစ်တာပဲ ကြားရတယ်။ ဒီနေ့က နှစ်ဖက်အသံ မကြားရဘူး။ မြန်မာ့ တပ်မတော်ဘက်ကပဲ ပစ်တာ ကြားရတယ်။ ကျမတို့ ဇယန်းကြီးရွာထိပ် စေတီကုန်း ရှိတယ်။ အဲဒီစေတီကုန်းမှာ နေရာ ယူပြီးတော့ ရွာဘက်ကို သူတို့ လှမ်းပစ်တာ။ အဲဒီကနေ ဟိုချောင်း၊ ပန်းစပိန်း၊ ကယားလမ်းလည်း လှမ်းပစ်လို့ရတယ်။ ည ၁၁ နာရီခွဲ လောက်က စပစ်တာ သူတို့က ၁ နာရီကြား ပစ်နေတာ။ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ အခု (မွန်းလွဲ ၂ နာရီကျော် အထိ)လည်း ပစ်နေတုန်းပဲ”ဟု ပြောဆိုသည်။
TNLA နှင့် တပ်မတော်မှ တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း ဖုန်း အဆက်အသွယ် မရသည့်အတွက် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး တစုံတရာ မသိရပေ။
စက်တင်ဘာလ ၁၇ ရက်တွင် အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များ ပါဝင်သည့် အမျိုးသားပြန်လည်သင့် မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)နှင့် TNLA၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာ အမျိုးသား ဒီမိုကရက် တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင် စစ်တပ်(AA)မှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့တွင် တွေ့ဆုံ၍ ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ်(Bilateral) ထိုးနိုင်ရေး ဆွေးနွေးကြမည် ဖြစ်သည်။
လက်ရှိ TNLA၊ MNDAA၊ AA တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ တလ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပြီး တပ်မတော်ဘက်ကလည်း ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်တိုင်း ၅ တိုင်း တွင် စက်တင်ဘာလ ၂၁ ရက် အထိ အပစ်အခတ် ရပ်စဲကြောင်း သြဂုတ်လ ၃၁ ရက်က စတုတ္ထ အကြိမ်မြောက် ကြေညာထားသည်။
You may also like these stories:
အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီရှိရန် လိုဟု မြောက်ပိုင်း မဟာမိတ် ပြော
နမ့်ဆန်တွင် TNLA နှင့် တပ်မတော်တိုက်ပွဲဖြစ်
သွေးစွန်းသော ပယင်း နှင့် အိမ်ပြန်ချင်သူများ
အိမ်ပြန်ချိန် မျှော်လင့်ချက် မဲ့နေဆဲ မြန်မာဒုက္ခသည်များ