ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သစ်ရောင်းကျေးရွာအုပ်စုနှင့် တင်းချောင်း ကျေးရွာအုပ်စုအတွင်း တောဆင် ရိုင်းများ ဝင်ရောက်ကာ နေအိမ်များ ဖျက်ဆီးခြင်း၊ စိုက်ပျိုးသီးနှံများ ဝင်ရောက် စားသောက်ခြင်းများ ဖြစ်ပွားနေသည့် အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းရရှိသည်။
ငပုတောမြို့နယ် သစ်ရောင်းကျေးရွာအုပ်စ မိချောင်းဂေါင်းကျေးရွာအတွင်း စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက တော ဆင်ရိုင်း ၃ ကောင် ဝင်ရောက် အစာရှာရင်း နေအိမ်တစ်လုံး ဖျက်ဆီးခဲ့သလို တင်းချောင်းကျေးရွာအုပ်စု၊ သရက်စမ်း ကျေးရွာ တွင်လည်း တောဆင်ရိုင်းတကောင် ဝင်ရောက် စားသောက်ဖျက်ဆီးမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
သစ်ရောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးဌာန စာရေးဖြစ်သူ ဦးကျော်ထိန်က “ရွာထိပ်က အိမ် ၂ လုံးရှိရာမှာ တောဆင်ရိုင်း တွေက ဒုတိယ အိမ်ရဲ့ မီးဖိုချောင်ကို ဝင်ဖျက်သွားတာ။ သူတို့ကတော့ အစာရှာရင်း ဖျက်သွားတဲ့ ပုံစံပါပဲ။ လက်ရှိတော့ တောဆင်ရိုင်းတွေက ရွာနားမှာပဲရှိနေသေးတော့ ဒေသခံတွေက အပြင်ထွက်ဖို့တောင် လန့်နေကြတယ်”ဟု ဧရာဝတီကို ပြောသည်။
တောဆင်ရိုင်း ၃ ကောင် ဝင်ရောက် ဖျက်ဆီးမှုကြောင့် မိချောင်းဂေါင်းကျေးရွာမှ ဦးမြင့်ဌေး၏နေအိမ် မီးဖိုချောင် ပျက်စီးခဲ့ပြီး လူများသေကြေထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
သရက်စမ်းကျေးရွာမှ လယ်သမား ဦးတောင်လုံးကျော်က “ကျနော်တို့ သရက်စမ်းရွာနားမှာ တောဆင် ရိုင်းတစ်ကောင် ဝင်နေတာက ၁၀ ရက်လောက် ရှိပြီ။ ညဘက်ဆို ငှက်ပျောပင်တွေ၊ ဝါးပင်တွေ၊ အုန်းပင်၊ စပါးပင် သူစားလို့ရသမျှ အပင်တွေ ဝင်စားတယ်။ သံပုံးတီး အော်ဟစ် ခြောက်ထုတ်လည်း မသွားဘူး။ ပေကပ်ကပ်နဲ့ ရွာနားတဝိုက်မှာပဲ ကပ်နေ တယ်။ အဲတော့ သူဘယ်အချိန်လာပြီး စားသောက်ဖျက်ဆီးမလဲ အမြဲတမ် းစိုးရိမ်နေရတယ်”ဟု ပြောသည်။
တောဆင်ရိုင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အတွင်းရှိ ပုသိမ်၊ ငပုတောနှင့် သာပေါင်းမြို့ နယ်များရှိ သစ်တော ကြိုးဝိုင်းများအတွင်း ကျင်လည်ကျက်စားကြပြီး တရားမဝင် သစ်ခုတ်မှုများ ကြောင့် သစ်တောများ ပြုန်းတီးခြင်း၊ သစ် တောများအတွင်း လူများ ဝင်ရောက်နေထိုင်ခြင်းနှင့် စိုက်ပျိုးရေးလုပ်ကိုင်ခြင်းများကြောင့် တောဆင်ရိုင်းများ၏ စားကျက် များ တဖြည်းဖြည်း ပျောက်ဆုံးလာသဖြင့် လူနေကျေးရွာများအနီး လာရောက် အစာရှာရင်း ဆင်နှင့်လူ ပဋိပက္ခများ ဖြစ်ပွား နေခြင်းဖြစ်ကြောင်း သိရသည်။
အရေးပေါ်ကွန်ဂျီဆင်မောင်းအဖွဲ့ (EERU) အဖွဲ့ဝင် ဒေါက်တာ လင်းလင်းထွန်းက “တောဆင်ရိုင်းက ရွာနားကပ်လာတယ် ဆိုတာ အကြောင်းအရင်း ၂ ခု ရှိပါတယ်။ နောက်က ဆင်သတ်မုဆိုး လိုက်လာ လို့ သူတို့အတွက် လုံခြုံမယ်ထင်လို့ လူတွေနား လာကပ်နေတာရယ်၊ နောက်တစ်ခုက တောထဲမှာ ဆင်တွေအတွက် အစာရေစာရှားပါးလာလို့ လူတွေစိုက် ထားတဲ့အပင်တွေကို ဝင်စားကြတာမျိုး ဖြစ်ပါတယ်။ တောဆင်ရိုင်း ဝင်ရောက်တဲ့ ကိစ္စကတော့ မြို့နယ် သစ်တောဌာန ကနေ ကျနော်တို့ကို အကြောင်းကြားလာတာနဲ့ ကူညီပေးသွားဖို့ ပြင်ဆင်ထားပါ တယ်”ဟု ပြောသည်။
အရေးပေါ် ကွန်ဂျီဆင်မောင်းအဖွဲ့မှာ လေ့ကျင့်ထားသည့် ကွန်ဂျီဆင်များဖြင့် ကျေးရွာများအနီး ဝင် ရောက် နေထိုင်သည့် တောဆင်ရိုင်းများကို မောင်းထုတ်ပေးခြင်း၊ ဆင်သတ်မုဆိုးများ ဖမ်းဆီး ခြင်း နှင့် တောဆင်ရိုင်း ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာ့သစ်လုပ်ငန်းဌာန လက်အောက်ရှိ အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံမှ တောဆင်ရိုင်းများမှာ ဆေးဖော်စပ်ရန် အသုံးဝင်သဖြင့် တရုတ်နိုင်ငံမှ တရားမဝင် ဝယ်ယူမှုများ ရှိနေသည့် အတွက် မကွေးတိုင်းဒေသကြီး ငဖဲ၊ မင်းဘူး၊ စေတုတ္တရာစသည့်မြို့များမှ ဆင်သတ်မုဆိုးများမှာ ဧရာဝတီတိုင်းသို့ လာရောက်၍ ဆင်များကို အမဲလိုက်သတ်ဖြတ်ကာ အရေပြား၊ အစွယ်၊ အမြီး၊ နှာမောင်းစသည် တို့ကို ယူဆောင်၍ ရောင်းချခြင်းများ လုပ်ဆောင်နေ ကြောင်း သိရသည်။
ဆင်သတ်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း တောဆင်ရိုင်း ၁၆ ကောင် သတ်ဖြတ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် အတွင်း၌ တောဆင်ရိုင်း ၈ ကောင် သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးစာရင်းများ အရ သိရသည်။
စီးပွားရေးအတွက် တောဆင်ရိုင်းများကို သတ်ဖြတ်နေသဖြင့် မြန်မာနိုင်ငံတွင် တောဆင်ရိုင်း အကောင်ရေ တဖြည်းဖြည်း လျော့နည်းလာကာ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင် မြန်မာတနိုင်ငံလုံး၌ တောဆင်ရိုင်း အကောင်ရေ ၁၆၀၀ မှ ၂၀၀၀ ကြားသာ ကျန်ရှိတော့ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီး ဌာန စာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ငပုတောမြို့နယ်တွင် တောဆင်ရိုင်း တကောင် သတ်ခံရပြန်
ဧရာဝတီတိုင်း တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ထက်ဝက်ခန့် လျော့ကျဟု ဆို