မန္တလေးမြို့တွင် အိမ်အကူမိန်းကလေးကို မျက်လုံးတဖက် ကွယ်ကာ မျက်နှာတခြမ်းလုံး ပျက်စီးသည် အထိ အက်စစ် ဖြင့် ပက်ခြင်း၊ ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်း တို့ပြုလုပ်ခဲ့သူ တရားခံ ၂ ဦးအား လူကုန်ကူးမှုဖြင့် စက်တင်ဘာ ၁၆ ရက်နေ့က မန္တလေး ခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။
“လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄နဲ့ တရားခံ ၂ ဦးစလုံး အပေါ်ကို စွဲချက်တင်ခဲ့ပြီး ဒီအပတ်မှာ အပြီး သတ် အမိန့်၊ လူကုန်ကူးမှုနဲ့ ၁၅နှစ်စီ ကျခံစေဖို့ ချမှတ်ခဲ့တာဖြစ်ပါတယ်”ဟု မန္တ္တလေးခရိုင် တရားရုံးမှ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းဝင်းက ပြောသည်။
တရားခံ ၂ ဦးမှာ ဒေါ်နီနီနုနွယ် နှင့် ဒေါ်မိုးမိုးတို့ဖြစ်ပြီး ဒေါ်နီနီနုနွယ်သည် ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်လည်း ထောင်ဒဏ် ၇ နှစ် ကျခံရန် ချမ်းမြသာစည်မြို့နယ်တရားရုံးက အမိန့်ချမှတ်ပြီး ဖြစ်သောကြောင့် ချုပ်ရက် ခံစားခွင့်မရှိဘဲ ဒေါ်မိုးမိုး မှာ ချုပ်ရက် ခံစားခွင့်ရှိကြောင်း တရားရုံးက အမိန့်ချသည်။
ကျူးလွန်ခံရသူမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာတွင် နေထိုင်သည့် နန်းမေဇင်ဦးဆိုသူ ဖြစ်သည်။
ဖြစ်စဉ်မှာ ၂၀၀၈ ခုနှစ်ခန့်က အသက် ၁၄နှစ်အရွယ်ရှိ နန်းမေဇင်ဦးအား ဒေါ်မိုးမိုးဆိုသူက မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် တလလျှင် ငွေ တသောင်းကျပ် ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ ကြောင်း သိရသည်။
ဒေါ်မိုးမိုး၏ ကုန်စုံဆိုင်ဆိုင်ခန်း ဆက်ငှား၍ မရတော့သဖြင့် ကုန်စုံဆိုင် ပိတ်လိုက်ကာ ၎င်း၏ အစ်ကို ဖြစ်သူ ကုန်စုံဆိုင်တွင် ထပ်မံ အလုပ်လုပ်ခဲ့ရပြီး ထိုသို့ အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ မနီနီနုနွယ်၏ သူငယ်ချင်းများနှင့် သြင်္ကန်လည်ခဲ့ရာတွင် မနီနီနုနွယ်၏ မောင်က မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေးဆိုခဲ့ကြောင်း သိရသည်။
၂၀၁၀ သြင်္ကန်နှစ်ဆန်း ၁ ရက်နေ့ နေ့လယ်တွင် မနီနီနုနွယ်က မောင်ဖြစ်သူ၏ ချစ်ရေးဆိုခဲ့မှုကြောင့်ဟုဆိုကာ အိမ်အကူ နန်းမေဇင်ဦးအား အက်စစ်ဖြင့် ပက်ခဲ့ရာ ဝဲဘက် ဦးခေါင်းမှစကာ တခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်နှာတခြမ်း ပျက်စီးခဲ့ကာ ဝဲဘက်မျက်လုံး ကွယ်ခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို ဒဏ်ရာများကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်း၊ နန်းမေဇင်ဦး၏ ဖခင်ဖြစ်သူ ရောက်လာချိန်တွင် ဆေးကုသပေးမည် ဖြစ်သဖြင့် အမှုမဖွင့်ရန် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ပြီး လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း၊ နန်းမေဇင်ဦး၏ ဖခင်ဖြစ်သူကို ကျပ် ၁ သိန်း ၁ ကြိမ်၊ သုံးလခန့်အကြာတွင် ကျပ် ၂ သိန်း ၁ ကြိမ် ပေးခဲ့ကြောင်း သိရသည်။
ဒဏ်ရာများဖြင့် ၎င်းကို အခန်း ၁ ခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး ဒဏ်ရာများ သက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေဘဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ကာ ဆယ်နှစ်တာ အလုပ်လုပ်ခဲ့သည့် လုပ်အားခများလည်း ပေးခြင်း မရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထိုသို့ နေထိုင်စဉ် နန်းမေဇင်ဦးသည် အမှိုက်ပုံးသွန်ရာ မနိုင်သဖြင့် မှောက်ကျခဲ့ရာ မနီနီနုနွယ်က နံရံနှင့် တွန်းကန် ဆောင့်လှဲခြင်း၊ ဝက်စာပုံးထဲသို့ မျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့ အလစ်တွင် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ရခြင်းဟု သိရသည်။
အဆိုပါကဲ့သို့ နန်းမေဇင်ဦးအား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ် နှင့် အိမ်ရှင်ဖြစ်သူဒေါ်မိုးမိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၀၁/ ၂၀၁၈ဖြင့် အမှုဖွင့်ကာ ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် တရားစွဲဆို တင်ပို့ခဲ့ရာ ကျုးလွန်သူ ဒေါ်နီနီနုနွယ်အား ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံရန် အမိန့်ချမှတ်ပြီးဖြစ်သည်။
ထို့အပြင် ဒေါ်နီနီနုနွယ်နှင့် ဒေါ်မိုးမိုးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်၍ အမှုဖွင့်ဖမ်းဆီး အရေးယူခဲ့ပြီး ၂၀၁၉ မတ်လ ၃၀ ရက်က ခရိုင်တရားရုံး၌ တရားစွဲတင်ခဲ့ရာ မနန်းမေဇင်ဦးကို မျက်လုံး တဖက်ကွယ်ကာ မျက်နှာတခြမ်း ပျက်စီးသည်အထိ အက်စစ်ဖြင့် ပက်ခြင်း၊ ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သောကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄ ဖြင့် နိုဝင်ဘာ ၁၉ရက်နေ့က စွဲချက်တင် အမိန့်ချမှတ်ခဲ့သည်။
နန်းမေဇင်ဦးသည် စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေရာ ကျန်းမာရေးအတွက် အကူအညီများ လိုအပ်နေမှုကြောင့် မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က လုံခြုံ စိတ်ချရသည့် နေရာတွင် စောင့်ရှောက်ထားပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင် ရးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ယခုအခါ နန်းမေဇင်ဦးသည် သူမ၏ဇာတိရွာတွင် ပြန်လည် ရောက်ရှိနေပြီ ဟု သိရသည်။
လူကုန်ကူးမှု ကျူးလွန်မှုများ အနက် အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှု ကျုးလွန်လျှင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်တကျွန်းအထိ ကျခံရနိုင်သလို လူကုန်ကူးမှုနှင့် အတူ ကြီးလေးသော ပြစ်မှု များကိုပါ ထပ်ဆင့် ကျူးလွန်လျှင် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ကျခံရနိုင်ကြောင်း၊ အလားတူ အမျိုးသားအား လူကုန်ကူးမှု ကျုးလွန်လျှင် ထောင်ဒဏ် ၅နှစ်မှ ၁၀နှစ်အထိ ကျခံစေရန် သတ်မှတ်ထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
အက်စစ်ဖြင့် ပက်ခံရပြီး ၈ နှစ်ကြာ ပိတ်လှောင်ခံခဲ့ရသည့် အိမ်အကူအမှု လူကုန်ကူးမှုဖြင့်သာ စွဲချက်တင်