သတင်း

မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရ ကျိုင်းတုံတွင်ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့မှ ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးနေကြသည်။

ယနေ့ဆွေးနွေးပွဲသို့ တပ်မတော်သားကိုယ်စားလှယ်များလည်း တက်ရောက်သဖြင့် ဆွေးနွေးပွဲရလဒ်အပေါ် စိတ်ဝင်တစားစောင့်ကြည့်နေမှုများလည်းရှိသည်။

တိုင်းရင်းသားအရေး စောင့်ကြည့်လေ့လာသူ ဦးမောင်မောင်စိုး က “တပ်မတော်က ဘယ်လို သဘောထားမလဲ။ အဖြေဘယ်လိုပေးမလဲဆိုတဲ့ အပေါ်မှာ အဖြေထွက်မှာပေါ့။ မျှော်လင့်ချက် ကတော့ ၅၀-၅၀ ပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ကျိုင်းတုံမြို့ပေါ်ရှိ Amezing ကျိုင်းတုံဟိုတယ်တွင် တွေ့ဆုံနေကြသည့် ၂ ဘက်ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

၎င်းက ဆက်၍ “ဆွေးနွေးပွဲမတိုင်ခင်မှာပြောနေတဲ့ အဓိက အချက်ကတော့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး အဖွဲ့ထဲမှာ တရုတ်ပါဝင်ရေး၊ မပါဝင်ရေးကိစ္စကလည်း ပြဿနာ တခုဖြစ်လိမ့်မယ် ထင်တယ်။ တပ်နေရာချထားရေး ကိစ္စကတော့ အဓိကကျလိမ့်မယ်ထင်ပါတယ်” ဟု ပြောသည်။

ကျိုင်းတုံဆွေးနွေးပွဲ၌ ပြေလည်မှုရခဲ့လျှင် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များအကြား ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး နောက်တကြိမ် အနီးကပ်ဆုံး တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ဦးမောင်မောင်စိုး က သုံးသပ်သည်။

ယနေ့ ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး တို့တက်ရောက် ကြသည်။

ယနေ့ ကျိုင်းတုံမြို့ပေါ်ရှိ Amezing ကျိုင်းတုံဟိုတယ်တွင် တွေ့ဆုံနေကြသည့် ၂ ဘက်ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

ထို့အတူ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့မှ ကိုယ်စားလှယ်များလည်း တွေ့ရသည်။

ယခုဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ်များ ပါဝင်လာသည့် အတွက် တပ်နေရာ ချထားရေး၊ စစ်ရှိန်လျှော့ချရေး ကိစ္စများကို ရလဒ်မထွက်ခဲ့လျှင်ပင် မြန်မြန်ဆန်ဆန် ဆွေးနွေးနိုင်လိမ့်မည်ဟု ယူဆကြောင်း တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တဦးဖြစ်သည့် ဦးသန်းစိုးနိုင်က ပြောသည်။

ဦးသန်းစိုးနိုင်က “ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချိန်မှာ တိုက်ပွဲတွေဖြစ်နေတာတွေက မကောင်းဘူးဗျ။ ဒီကိစ္စက ငြိမ်းချမ်းရေး အတွက် တကယ်သွားကြမယ်ဆိုလို့ရှိရင် လက်တွေ့ စစ်ရှိန် လျှော့ပေးဖို့လိုတယ်။ ဒါပေမယ့် အခုအခြေအနေကြည့်ရတာက တချို့သော လက်နက်ကိုင် အဖွဲ့အစည်းတွေက ဆွေးနွေးနေကြတယ်ဆိုတဲ့ အချက်ကို အကြောင်းပြုပြီးတော့ လက်ဦးမှုယူဖို့ ကြိုးပမ်းတာတွေ တွေ့နေတယ်ဗျ။ ငြိမ်းချမ်းရေး အတွက် တော်တော် မကောင်းတဲ့ လက္ခဏာတွေပဲဗျာ” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ကျိုင်းတုံမြို့ပေါ်ရှိ Amezing ကျိုင်းတုံဟိုတယ်တွင် တွေ့ဆုံနေကြသည့် ၂ ဘက်ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

၎င်းကဆက်၍ “ဘာပဲဖြစ်ဖြစ် ဒီမှာဆွေးနွေး ညှိနှိုင်းပြီးရင်တော့ ပထမဆုံး Bilateral လက်မှတ် ထိုးကြဖို့ပဲ။ Bilateral ထိုးပြီးတဲ့နောက်မှာ တပ်တွေ ရွှေ့ပြောင်းမှုတွေနဲ့ ပတ်သက်လို့ တပ်မတော်အရာရှိတွေ တခါတည်း ပါဝင်ဆွေးနွေးတယ်ဆိုတော့ ဆွေးနွေးပွဲက ဘာပဲဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မြန်မြန်ဆန်ဆန် တော့ အဖြေသိရမယ်လို့ထင်ပါတယ်” ဟု ပြောသည်။

တပ်မတော်က စက်တင်ဘာ ၂၁ ရက်နေ့အထိ အပစ်ရပ်မည်ဟု သြဂုတ် ၃၁ ရက်နေ့က ထုတ်ပြန် ကြေညာထားသလို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ်(AA) တို့ကလည်း ယခုလ ၉ ရက်မှ အောက်တိုဘာ ၈ ရက်နေ့ထိ တလ အပစ်ရပ်ကြောင်း ကြေညာ ထား သည်။

ထိုသို့ အပစ်ရပ်ထားသော်လည်း တပ်မတော်က လေကြောင်းပစ်ကူများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု များ အပြင် စစ်အင်အား တိုးချဲ့ချထားခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ က စက်တင်ဘာ ၁၄ ရက်နေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်သည်။

You may also like these stories:

အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီရှိရန် လိုဟု မြောက်ပိုင်း မဟာမိတ် ပြော

ကျိုင်းတုံ ဆွေးနွေးပွဲ ရလဒ်မကောင်းပါက စိုးရိမ်ရဟု အစိုးရပြော

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံမှာ ဘာတွေညှိနှိုင်းမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading