ဒဂုံမြို့သစ်တောင်ပိုင်း ၁၄ဝ ရပ်ကွက်ရှိ အသက် ၉ နှစ်အရွယ် မသန်စွမ်း ၃ တန်းကျောင်းသူကို အဓမ္မ ပြုကျင့်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း ရဲစခန်းမှ အတည်ပြုသည်။
အဓမ္မ ပြုကျင့်ခံရသည့် မိန်းကလေးငယ် နှင့်အတူ စွပ်စွဲခံထားရသူ ၂ ဦးလုံးကို ဆေးစစ်ထားပြီး ဆေးစာ အဖြေထွက် သည်နှင့် ဥပဒေ အကြံတောင်းတာ တရားရုံးသို့ တရားစွဲဆို တင်ပို့သွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စွပ်စွဲ ခံထားရသူကို အသက်မပြည့်သေးသူ ဖြစ်သည့်အတွက် သန်လျင်မြို့နယ်ရှိ လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်း ထားသည်ဟု အဆိုပါ စခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
ထို့အပြင် အဆိုပါ အမှုကို ကိုင်တွယ်စစ်ဆေးသည့် ဒုရဲအုပ် ဆွေးကျုံးနုံက “ကျနော်တို့က ဥပဒေ လမ်းကြောင်းအတိုင်း လုပ်နေပါတယ်။ ရဲလက်စွဲ၊ ရဲကျင့်ထုံးတွေအတိုင်း အမှုကို လာတိုင်တိုင်ချင်း ဖမ်းဆီးတယ်၊ လုပ်စရာရှိတဲ့ဟာတွေ အကုန်လုံး လုပ်ထားပါတယ်။ မှန်မှန်ကန်ကန် ဖြစ်အောင်ပဲ လုပ်မှာပါ။ ဆေးစာရတဲ့အခါ အဖြေထွက်လာမှာပါ” ဟု ဆိုသည်။
အဆိုပါ အမှုကို မုဒိမ်းမှု ကျူးလွန်ရန် ကြိုးပမ်းအားထုတ်မှု ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့်ထားပြီဖြစ်သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်နေ့၊ ညနေ ၆ နာရီကျော်တွင် အဖွားဖြစ်သူက ဖုန်းဘေလ် ဝယ်ခိုင်းသည်ကို အိမ်မှ ၁၅ မိနစ်ကျော် လမ်းလျှောက်ရသည့် ဆိုင်တွင်ဝယ်ပြီးအပြန် အိမ်နီးနားချင်းဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှိ ကုလား(ခ) ထိန်လင်းကျော်မှ မသင်းသင်းကို လမ်းဘေးရှိ ဓမ္မာရုံတခုသို့ ပွေ့ချီသွားပြီး အဓမ္မကျင့်ရန် ကြိုးစားခဲ့ရာ လူမိသဖြင့် မသင်းသင်းမှာ လွတ်မြောက်သွားကြောင်း သိရသည်။
ကျူးလွန်ခံရသူ မသင်းသင်း(အမည်လွဲှ)သည် ငယ်စဉ်ကတည်းက အဖွားဖြစ်သူနှင့်အတူ ၁၄ဝ ရပ်ကွက်ရှိ ကျူးကျော် နေအိမ်တွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည့်အပြင် ၁ နှစ်သားကျော်အရွယ်က မိခင်နှင့်အတူ အိပ်နေစဉ် ခြင်ထောင် မီးလောင်မှုကြောင့် ခြေထောက်မှစပြီး ခြေသလုံး၊ ပေါင်၊ ခါးနှင့် ရင်ဘတ်အထိ မီးလောင်ဒဏ်ရာ ရရှိကာ အမာရွတ်များ တင်ကျန်ရစ်နေသူဖြစ်သည်။
လမ်းကို ကောင်းစွာလျှောက်နိုင်သော်လည်း ခြေချောင်းများက မညီမညာ ကွေးကောက်နေပြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ သုခစာရီ သီလရှင် ပညာရေးကျောင်းတွင် တတိယတန်း တက်ရောက်နေသူ ဖြစ်သည်။
မသင်းသင်းက “သမီးကို ကိုကုလားက လမ်းမှာ ပွေ့ချီပြီး ဓမ္မာရုံထဲ ခေါ်သွားထဲက သမီးက မလုပ်နဲ့၊ မလုပ်နဲ့ အော်တယ်။ ဒါပေမယ့် သူက သမီးဘောင်းဘီကို အတင်းချွတ်ပြီး လုပ်တာ။ အဲဒီအချိန် လမ်းပေါ်မှာ ဦးလေးကြီးတယောက်က ဆိုင်ကယ်နဲ့ ဖြတ်အသွား သမီးအော်သံကြောင့် လာကြည့်တယ်။ ကိုကုလားက ထွက်ပြေးသွားတယ်” ဟု သူကြုံတွေ့ရပုံကို ပြောပြသည်။
၎င်းမှာ အိမ်သို့ ငိုယို ပြန်ခဲ့ကြောင်း၊ အရပ်ထဲရှိ သားဖွားဆရာမထံသို့ သွားရောက် ပြသကြည့်ရာမှ မသင်းသင်း၏ မိန်းမကိုယ် အတွင်းပိုင်းသို့ ထိုးသွင်းသည့် အနေအထား မတွေ့ရသော်လည်း မိန်းမကိုယ်၏ ထိပ်ပိုင်းတွင် ဖူးယောင်ပြီး ဒဏ်ရာရနေသည်ကို တွေ့ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားကာ ယခုလို အမှုဖွင့်တိုင်ကြားခဲ့ရခြင်း ဖြစ်သည်ဟု မသင်းသင်း၏ အဖွားဖြစ်သူ ဒေါ်ချိုက ပြောသည်။
ဒေါ်ချိုက “ကုလားရဲ့ အမေက အိမ်ကိုရောက်လာပြီး တိုင်တောတာတွေ မလုပ်ပါနဲ့။ ပြေပြေလည်လည် ညှိနှိုင်းကြတာပေါ့။ သူ့သားကိုလည်း သူ့အရှေ့မှာတင် ကြိုက်သလို ဆုံးမပါနဲ့ ၂ ခေါက် ၃ ခေါက်လောက် လာလာ ညှိသေးတယ်။ ဒါပေမယ့် ကျမက လူ့ပတ်ဝန်းကျင်မှာ လက်သင့်ခံဖွယ်မရှိတဲ့ ကျူးလွန်မှုဖြစ်လို့ အမှုဖွင့်လိုက်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မှုခင်းစာရင်းတွင် မူးယစ်ဆေးဝါးအမှုက ထိပ်ဆုံးတွင် ရှိနေပြီး မုဒိမ်းမှုသည် အဆင့် ၅ နေရာတွင် ရောက်ရှိနေသည့် အနေအထားရှိကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် မုဒိမ်းမှုပေါင်း ၂ဝ၁၇ ခုနှစ်တွင် ၁၄ဝ၅ မှု၊ ၂ဝ၁၈ ခုနှစ်တွင် ၁၅၈၃ မှုနှင့် ၂ဝ၁၉ ခုနှစ် ဇွန်လအထိ ၆၁၉ မှုတို့ရှိကြောင်း၊ ထိုအထဲတွင်မှ သက်ငယ်မုဒိမ်းမှုက ၂ဝ၁၇ ခုနှစ်တွင် ၈၉၇ မှု၊ ၂ဝ၁၈ ခုနှစ်တွင် ၁ဝ၂၈ မှုနှင့် ၂ဝ၁၉ ခုနှစ် ဇွန်လအထိ ၄၁၉ မှုတို့ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရာခိုင်နှုန်းအနေဖြင့် ယခင် ၂ နှစ်ကထက် ယခုနှစ်တွင် ပိုမိုမြင့်မားလာသည်ကို တွေ့ရသည်။
You may also like these stories:
မုဒိမ်းမှုတွေ လျော့ပါးအောင် ဘယ်လို အဖြေရှာမလဲ
ဖခင်ရင်း၏ ကာမရမက်အတွင်း ကြွေကျခဲ့ရသော ပန်းကလေးတပွင့်
စာသင်ကျောင်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူအား ထောင် နှစ် ၂၀ ချမှတ်
သက်ငယ်မုဒိမ်းမှုတွေ ဖြစ်မလာအောင် ဘယ်လို ကြိုတင် ကာကွယ်ထားသင့်သလဲ
တွန်းဇံမြို့နယ် သက်ငယ်မုဒိမ်း သံသယ တရားခံကို ဖမ်းဆီး စစ်ဆေးနေ