၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပမှုနှင့် ပတ်သက်၍ နော်အုန်းလှ နှင့်အတူ အမှုဖွင့်ခံရသည့် စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ ၂ ဦး ယနေ့မွန်းလွဲပိုင်းက ကျောက်တံတား မြို့နယ် တရားရုံးတွင် လာရောက် အဖမ်းခံကာ တရားရင်ဆိုင်သည်။
၎င်းတို့ ၃ ဦးမှာ သြဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ၆၉ နှစ်မြောက် ကရင့်အာဇာ နည်နေ့ ကျင်းပပြီးနောက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့် ခံရခြင်း ဖြစ်သည်။
အမှုဖွင့်ခံရသူ ကရင်အမျိုးသမီး အစည်းအရုံး(KWU) ဥက္ကဋ္ဌ နော်အုန်းလှအား စက်တင်ဘာ ၉ ရက်နေ့ ညက တည်းက ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင် ရုံးထုတ် စစ်ဆေးခဲ့သည်။
နော်အုန်းလှက “ဒီကိစ္စက တိုင်းရင်းသား အခွင့်အရေးကို ပိတ်ပင်တာပါပဲ။ ဥပဒေအရ ရင်ဆိုင်သွား မယ်၊ အန်တီတို့ မမှားတဲ့ အတွက် တရားရုံးက ညှိနှိုင်းဖို့ ပြောတာကိုလည်း မပူးပေါင်းနိုင်ဘူး ပြောခဲ့ တယ်။ အခုလည်း သုံးယောက်လုံး အာမခံ မယူပါဘူး”ဟု ဧရာဝတီသို့ပြောသည်။
အမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၄ ရက်နေ့တွင် ထပ်မံ ရုံးထုတ်ရန် ချိန်းဆိုထားပြီး တရားလို နှင့်တရားလိုပြ သက်သေ များအား စတင် စစ်ဆေးမည့် အနေအထားတွင် ရှိသည်။
နော်အုန်းလှ ဦးဆောင်သည့်အဖွဲ့ အနေဖြင့် အခမ်းအနား ကျင်းပရန် အာဏာပိုင်များထံသို့ ကြိုတင် အသိပေး တင်ပြခဲ့ ရာတွင် “ကရင့်အာဇာနည်နေ့”စကားလုံး ပါဝင်သည့် အတွက် ခွင့်မပြုကြောင်းနှင့် စကားလုံး ပြောင်းလဲ သုံးစွဲရန် အာဏာပိုင်များဘက်က ပြန်လည် ပြောကြားခဲ့သော်လည်း ဆက်လက် ကျင်းပခဲ့၍ အမှုဖွင့်ခံရခြင်း ဖြစ်သည်။
ယခုအမှုမှာ ကရင့်အာဇာနည်နေ့ ကျင်းပခြင်းကြောင့် အရေးယူခြင်း မဟုတ်ဘဲ ငြိမ်းစုစီ ဥပဒေအရ လုပ် ဆောင်ခြင်း မရှိသည့်အတွက် အရေးယူခြင်း ဖြစ်ကြောင်းနှင့် အခမ်းအနားများ ကျင်းပမည် ဆိုပါ က ပြဋ္ဌာန်း ထားသည့် ဥပဒေများ အတိုင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယခုအမှု ဖွင့်ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အမြန်ဆုံး အမှုရုတ်သိမ်းကာ ပြန်လွှတ်ပေးရန် ကရင်အမျိုးသား အစည်း အရုံး(KNU)၊ နိုင်ငံရေးပါတီ ၁၂ ပါတီဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မ ဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့ပေါင်း ၂၀၀ ကျော်က တောင်းဆိုထားကြသည်။
ယခုကဲ့သို့ ပိတ်ပင်မှု၊ တရားစွဲဆိုမှုများသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအား လေးစား အသိအမှတ်ပြုရေး အပေါ် အာဏာပိုင်များက အတိအလင်း ချိုးဖောက်လိုက်ခြင်း ဖြစ်ကြောင်းလည်း UNA က ဝေဖန်ထားသည်။
အစိုးရအနေဖြင့် NCA စာချုပ်တွင် ပါဝင်သည့် “နိုင်ငံတော်အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ မတူကွဲပြားသော နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုး သား လက္ခဏာများကို အသိအမှတ်ပြု၍ ပြည်ထောင်စု လက္ခဏာ တရပ်ကို နိုင်ငံသားအားလုံး စုပေါင်း ဖော်ဆောင်ရန်”၊ တာဝန်ခံရန်နှင့် မတူညီသည့် အမျိုးသားလက္ခဏာများအား အသိအမှတ်ပြု ကာ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အမှန်တကယ် တည်ဆောက်လိုသည့် ဆန္ဒမှန် ဖော်ထုတ်ပြသရန် KNU က တိုက်တွန်း ထားသည်။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးသည် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ထို့ကော့ကိုးဒေသ၌ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် အတွင်း ကျဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့အား ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပလာခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
နော်အုန်းလှအား အမြန်ဆုံးလွှတ်ပေးရေး UNA တောင်းဆို
ငြိမ်းစုစီ ပုဒ်မဖြင့် တရားစွဲခံရသူ ဒေါ်နော်အုန်းလှ အင်းစိန်ထောင်သို့ ပို့
ကရင့်အာဇာနည် အသုံးအနှုန်း မသုံးရန် အစိုးရ တားမြစ်
ကရင့်အာဇာနည်နေ့ ကျင်းပသူ ၅ ဦးကို တရားစွဲရန် ပြင်ဆင်နေ
ကရင့် အာဇာနည်နေ့ ကျင်းပ၍ ပဒိုမန်းငြိမ်းမောင် အပါအဝင် ၆ ဦး တရားစွဲခံရ