နိုင်ငံတော် အစိုးရအဖွဲ့ဝင် အကြီးအကဲ ခေါင်းဆောင်များ မိမိနိုင်ငံ အပေါ် သစ္စာမဖောက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ထပ်မံ ဖြည့်စွက်မည် ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် အဖြစ် ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၂၆၁ (က) တို့ကို ထပ်မံ ဖြည့်စွက်ထားသည့် ဥပဒေကြမ်းတခုကို ဗိုလ်မှူးချုပ် မောင်မောင်က တင်သွင်းသည်။
ယခု ဥပဒေကြမ်း တင်သွင်းရသည့် ရည်ရွယ်ချက်သည် ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ သည် နိုင်ငံတော်၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် တိုင်းရင်းသား အရေး စသည့် အရေးအရာများတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ္စာစောင့်သိ ရိုသေပြီး အနာဂတ် ယုံကြည်စိတ်ချရမှု ရှိစေရန် ဖြစ်ကြောင်း တပ် မတော်၏ တင်ပြချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များသည် နိုင်ငံခြား ဆက်စပ်မှု၊ နိုင်ငံခြား လွှမ်းမိုး မှု မရှိစေရန်၊ ၎င်းတို့ ကိုယ်တိုင်နှင့် ၎င်းတို့၏ ဇနီး၊ သားသမီး တဦးဦးနှင့် နိုင်ငံခြားသား တဦးဦး ဆွေးမျိုး တော်စပ်မှုကို အကြောင်းပြု၍ မိမိနိုင်ငံကို သူလျှို အလုပ်မခံရရန်၊ နိုင်ငံသစ္စာဖောက်မှု မခံရရန်၊ မိမိတို့၏ ပြည်တွင်းရေး ကိစ္စများတွင် ပြည်ပနိုင်ငံများက ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်စေရန် ရည်ရွယ်သည်ဟုလည်း ဆိုသည်။
ဗိုလ်မှူးချုပ် မောင်မောင်က“ငါတို့ လူကြီးကတော့၊ ငါတို့နိုင်ငံအပေါ်၊ ငါတို့ လူမျိုးအပေါ် သစ္စာဖောက်မှာ မဟုတ်ပါဘူး။ သစ္စာမဖောက်ပါဘူး။ ဒီလို၊ ဒီလို စည်းကမ်းချက်တွေနဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်ဆိုတဲ့ အချက်တွေအတွက် ယုံကြည် စိတ်ချရမှုရှိဖို့ အတွက်ကို ဒီလို ပြင်ဆင်ချက်ကို ဖြည့်စွက်ချက်အဖြစ် တင်သွင်းခြင်း ဖြစ်ပါတယ်”ဟု သတင်း ထောက်များကို ပြောသည်။
ဖြည့်စွက်ချက်မှာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ နှစ်ပါးသော်လည်းကောင်း၊ မိမိဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦး သော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်သိရိုသေသူ၊ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်စေရ။
ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသား သော်လည်း ကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ ဟူ၍ ဖြစ်သည်။
တပ်မတော်က ယခုလို ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၏ အရည်အချင်း သတ်မှတ် ချက် ထပ်ဖြည့်ခြင်းသည် ပုဒ်မ ၅၉ (စ)ကို ထပ်မံ ချဲ့ထွင်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတွင် ရှိခဲ့ဖူးသည့် ၁၉၄၇ ဖွဲ့စည်းပုံနှင့် ၁၉၇၄ ဖွဲ့စည်းပုံ ၂ ခုလုံးတွင် ယခုလို နိုင်ငံ အကြီးအကဲပေါ် ကန့်သတ်ချက်မျိုး မပါဝင်ကြောင်း လွှတ်တော်တွင် ဖွဲ့စည်း ထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
ထို့ပြင် ယခု ဥပဒေကြမ်း၏ ထူးခြားချက်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်များ မပါဘဲ တပ်မတော်သား ကိုယ်စားလှယ် များကပင် တင်သွင်းခြင်း ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်၏ ၂၀ ရာခိုင်နှုန်း ဖြစ်သည့် တပ်မတော်သား ကိုယ် စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုး တင်ပြလာခြင်း ဖြစ်၍ ဥပဒေကြမ်း ကော်မတီက သုံးသပ် စိစစ်ဆောင်ရွက် မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
“ကိုယ့်နိုင်ငံ တနိုင်ငံကပဲ ထူးထူးခြားခြား ဖြစ်နေတဲ့ ကန့်သတ်ချက်မျိုး၊ နောက် ဒီကန့်သတ်ချက်ကလည်း ပုဂ္ဂိုလ်တဦး တယောက်ကိုများ ရည်ရွယ်ပြီး ကန့်သတ်ထားတဲ့ ကန့်သတ်ချက် ဖြစ်နေမလား ဆိုတဲ့ဟာကလည်း အများကြီး စဉ်းစား စရာ ရှိပါတယ်။ ဒါက ကျနော် လွှတ်တော်ကိုယ်စားလှယ် တဦးတည်းရဲ့အမြင်နဲ့ ပြောတာပါ”ဟု အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ် (NLD) ပါတီဝင်လည်း ဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက“အခုလို ထပ်ထည့်တာမျိုးက မလိုအပ်ဘူးဗျ။ ပြည် နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ဆိုတာမျိုးက အဓိပ္ပာယ် ရှိတယ်။ NLD ကလည်း သဘောတူသင့်တဲ့ ဟာမျိုး၊ အခုလို ၅၉ (စ)လိုမျိုး ထပ်ထည့်တာကတော့ အောင်မြင်မှာလည်း မဟုတ်တဲ့ အပြင် နည်းနည်း ရွဲ့သလို ဖြစ်နေတယ်”ဟု ပြောဆိုသည်။
တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ယခင် အစိုးရ လက်ထက်ကပင် အစီအစဉ် မရှိခဲ့ကြောင်း၊ သို့သော် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ လွှတ်တော်ထဲသို့ ရောက်လာချိန် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နီးစပ်မှုကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေး စတင် ကြိုးပမ်းသည့် အခါတွင်လည်း တပ်မတော်က သဘောမတူခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက“လွှတ်တော်ပြင်ပမှာ အရပ်ဘက် ခေါင်းဆောင်တွေနဲ့ စစ်ဘက် ခေါင်း ဆောင်တွေကြားမှာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်တွေ ရယူနိုင်ဖို့ လိုအပ်နေသေးတယ်။ အဲဒီလို ရယူနိုင်မှ လတ်တလော ကြုံတွေ့နေရတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကြပ်အတည်းကို ကျော်လွှားနိုင်မှာ၊ ဒီမိုက ရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ လမ်းပွင့်သွားနိုင် တယ်”ဟု ပြောဆိုသည်။
ယနေ့ လွှတ်တော်တွင် သတင်းထောက်များနှင့် လာရောက် တွေ့ဆုံသည့် ဗိုလ်မှူးချုပ် မောင်မောင်ကို ဧရာဝတီက မည်သည့် အတွက်ကြောင့် ယခင် အစိုးရ လက်ထက်တွင် မဖြည့်စွက်ဘဲ လက်ရှိ အစိုးရ လက်ထက်ရောက်မှ ယခုလို ပုဒ်မ မျိုးကို ထပ်မံ ဖြည့်စွက်ရပါသလဲဟု မေးမြန်းရာ အဖြေတိတိကျကျ ပေးနိုင်ခြင်း မရှိပါ။
“အဓိကကတော့ ကိုယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ ပြည်ထောင်စုဝန်ကြီး အဆင့်၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီး အဆင့်တွေ၊ နိုင်ငံခြားရဲ့ ဝင်ရောက်စွက်ဖက်မှု၊ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်း ဝင်ရောက် စွက်ဖက်မှု မခံရစေဖို့ အတွက်၊ မရှိစေဖို့ အတွက်ကို ထည့်သွင်းခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် မောင်မောင်က ဆိုသည်။
NLD ကမူ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်နေသည့် ပုဒ်မ ၅၉ (စ)ကိုပင် ဖျက်သိမ်းရန် လွှတ်တော်တွင်း ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အဆိုပြုထားပြီး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ပုဒ်မ ၅၉ (စ)ကို ပြီးခဲ့သည့် လွှတ်တော်တွင် မပြင်ဆင်နိုင်ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီး အစိုးရ ဖွဲ့စည်းလာနိုင်သည့် အချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး တာဝန် ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်း၍ ဒေါ်အောင်ဆန်းစုကြည်ကို ထိုရာထူး ခန့်အပ်ပြီး နိုင်ငံတွင် နံပါတ်၂ နေရာကို ရယူနိုင်ခဲ့ သည်။
ယင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းစဉ်ကလည်း တပ်မတော်က လွှတ်တော်တွင် အပြင်း အထန် ကန့်ကွက်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်၍ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ကမူ လွှတ်တော်တွင် အခွင့်ကြုံတိုင်း ယင်းဥပဒေကြမ်းကို ဥပမာပေး၍ ကန့်ကွက်ပြောဆိုလေ့ ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားသည် ဆိုသော ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးကို လုံးဝ လက်မခံ ကြောင်း အမျိုးသားရေး အင်အားစုများက ရန်ကုန်နှင့် မြို့ကြီးတချို့ အပါအဝင် တနိုင်ငံလုံးတွင် ကန့်ကွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။
တပ်မတော်သား ကိုယ်စားလှယ် တဦးကလည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် NLD အစိုးရ ရပ်တည် နေနိုင်ခြင်းကို မမေ့ရန်လိုကြောင်း ပြီးခဲ့သည့် သြဂုတ်လက သတိပေး ပြောဆိုထားသည်။