ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ စက်တင်ဘာလ ၁၆ ရက်မှစ၍ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားကြောင်း သတင်း ရရှိသည်။
ကျောက်မဲမြို့၏ မြောက်ဘက် မိုင်းငေါ့မြို့နယ်ခွဲ ဟင်းဝိုး(ဟိန်းဝိုး) ကျေးရွာအုပ်စု၊ ခိုမ်းကောင်ဝ် (ချုံးဟောင်း)ရွာနှင့် ကွင်းစလန် ကျေးရွာအုပ်စု၊ ကွင်းစလန်ရွာနှင့် လွယ်ကျက်ရွာကြား၌ RCSS နှင့် TNLA တို့ စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်း၂ နာရီခန့်မှ စတင်ပြီး စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခန့်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြ ကြောင်း RCSS/SSA က ဧရာဝတီသို့ ပြောသည်။
RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက“ဒီနေ့လည်း ဆက်ဖြစ်နေတယ် ကြားရတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက အဲဒီတောင်ပေါ်မှာ ရှိနေတယ်။ TNLA က မနေ့က သူတို့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပြီး ဆုတ်လာပြီး အဲဒီ တောင်ပေါ်ကို တက်လာပြီးတော့ ကျနော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင် ထိတွေ့ တိုက်ပွဲဖြစ်သွားတာ”ဟု ဧရာဝတီသို့ ပြောသည်။
TNLA သတင်းနှင့် ပြန်ကြားရေးဌာနကလည်း မိုင်းငေါ့မြို့နယ်(ခွဲ) ဟင်းဝိုး(ဟိန်းဝိုး)နှင့်ချုံးဟောင်းရွာကြား၌ နေ့လယ် ၁၄း၃၀ နာရီတွင် TNLA တပ်ရင်း ၉၈၇ နှင့် RCSS တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို စက်တင်ဘာလ ၁၇ ရက်တွင် လည်း ထိုနေရာ၌ပင် နံနက် ၇ နာရီခွဲ အချိန်ခန့်က ထပ်မံ ဖြစ်ပွားကြောင်း ထုတ်ပြန်ထားသည်။
“တအန်း (တအာင်း) တပ်မတော် TNLA လှုပ်ရှား နယ်မြေဖြစ်သည့် ကျောက်မဲမြို့နယ် အတွင်း RCSS တပ်ဖွဲ့ ထိုးစစ် ဆင် တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်တယ်”ဟု စက်တင်ဘာလ ၁၇ ရက်က ထုတ်ပြန်သည့် TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်သည့် ဒု ဗိုလ်မှူးကြီး စိုင်းဦးက“မိုင်းငေါ့မြို့နယ်ခွဲ၊ ဟင်းဝိုးကျေးရွာ အုပ်စု၊ ရှမ်းလို ခိုမ်းကောင်ဝ် ရွာပေါ့။ မနေ့က မွန်းလွဲ၂ နာရီလောက်ကနေ ညနေ ၄ နာရီလောက်ထိ ဖြစ်တာ။ ညနေပိုင်းအထိ ပစ်နေ တယ် ပြောတယ်။ သူတို့က ကျနော်တို့ ရှိရာကို ထိုးစစ်ဆင်လာတိုက်လို့ ဖြစ်တာ။ တညလုံး ပစ်တယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ မနက်လည်း ဆက်ဖြစ်သေးတယ်လို့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်မဲ ဒေသခံ ကိုသားဇော်ကလည်း RCSS နှင့် TNLA တို့ ကွင်းစလန်နှင့် လွယ်ကျက်ရွာကြား၌ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်း ၉ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြသလို ဟင်းဝိုး (ဟိန်းဝိုး)ဘက်တွင်လည်း ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒါ မနေ့ညက တညလုံးဖြစ်တယ်။ ဒီနေ့မနက်ထိလည်း ဖြစ်တယ်။ မနက် ၉ နာရီလောက်မှ နားသွားတယ်လို့ ရွာသား တွေက ကျနော့်ကို လှမ်းပြောကြတယ်။ ဟင်းဝိုးနားမှာက မနေ့က စဖြစ်တယ်။ ဒီနေ့ မနက်မှပဲ နားတယ်။ ကွင်းစလန် နားက ကျနော့်လူကို မေးကြည့်တော့ မနေ့ညက တညလုံး ပစ်ခတ်မှုတွေ ဖြစ်တယ်၊ ဒီနေ့ မနက်မှ နားတယ်”ဟု ၎င်းက ပြောပြသည်။
ကျောက်မဲမြို့မှ ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကလည်း တပ်မတော်နှင့် TNLA တို့ ဖြစ်ပွား နေသော တိုက်ပွဲထက် RCSS နှင့် TNLA တို့ မိုင်းငေါ့မြို့နယ်ခွဲထဲ၌ ဖြစ်ပွားနေသော တိုက်ပွဲက ပိုမိုပြင်းထန်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျောက်မဲမြို့ရဲ့ မြောက်ဘက်ထဲမှာဗျ။ သူက တပ်မတော်နဲ့ ဖြစ်နေတာထက် ပိုပြင်းထန်တယ်လို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသကဲ့သို့ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်မှုများလည်း မရှိသေးကြောင်း ကျောက်မဲမြို့ရှိ လူမှုကူညီရေး အသင်းများက ပြောသည်။
RCSS နှင့် TNLA တို့ ခိုမ်းကောင်ဝ်(ချုံးဟောင်း)ရွာတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အနီးရှိ ခိုမ်းမိုင်(ချုံးသစ်) ရွာဘက်တွင်လည်း တပ်မတော်နှင့် TNLA တိုက်ပွဲ ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။
အဆိုပါ နေရာများတွင် တပ်မတော်၊ RCSS၊ TNLA သုံးပွင့်ဆိုင် လှုပ်ရှားလျက်ရှိပြီး နယ်မြေ အငြင်းပွားမှုများလည်း ရှိနေ ကြကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ နမ္မတူ စသည့် မြို့နယ်များတွင် နယ်မြေ အငြင်းပွား လျက်ရှိနေပြီး ယနေ့အချိန်ထိ မဖြေရှင်းနိုင်သေးပေ။
ထိုအငြင်းပွားမှုကြောင့် RCSS နှင့် TNLA တို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလက စတင်၍ ၂၀၁၈ ခုနှစ်အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး ယခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် တကျော့ပြန်လည် ဖြစ်ပွားလာနေကြောင်း သိရသည်။