မကွေးတိုင်း ဒေသကြီးရှိ ပိတ်ထားသည့် ဗလီတချို့ကို ဝတ်ပြုခွင့် ပြန်ပေးလိုက်ပြီ ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဧရာဝတီသို့ ယနေ့ပြောသည်။
ဒေါက်တာ အောင်မိုးညိုက“ယာယီ ဝတ်ပြုခွင့်ပေးထားတဲ့ နေရာတွေက ကျဉ်းနေလို့ အဆင်မပြေလို့ နဂိုတုန်းက ပိတ်ထားတဲ့ ဗလီနေရာတွေမှာ ဝတ်ပြုခွင့် တောင်းတာကို အစိုးရက ဝတ်ပြုခွင့် ပြန်ပေးလိုက်တာပါ”ဟု ပြောသည်။
မကွေးတိုင်းအတွင်း အပိတ်ခံထားရသည့် ဗလီများစွာ ရှိသော်လည်း လတ်တလောတွင် ပြန်လည် ဝတ်ပြုခွင့်ပေးသည့် ဗလီအရေအတွက်အား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် ချောက်မြို့ရှိ ဗလီ ၂ လုံး ခွင့်ပြုသည့် စာရင်းတွင် ပါဝင်ကြောင်း ချောက်မြို့နယ် မဲဆန္ဒနယ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းကလည်း ပြောပြသည်။
ဦးစိုးဝင်းက“နဂိုက ကန့်သတ်နယ်မြေဆိုပြီး ရပ်ထားခဲ့တာ၊ အခုကျတော့ ဝတ်ပြုခွင့် ပြန်ခွင့်ပြုတာပေါ့၊ လက်ရှိ အနေ အထား အတိုင်းပဲပေါ့။ ဗလီ ပြန်ဆောက်တာ တို့လိုတော့ မဟုတ်ပါဘူး၊ အစိုးရက သွားနေတဲ့ တန်းတူ ညီမျှမှု ရှိရမယ် ဆိုတဲ့ မူအရ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့် အတွက် ဆောင်ရွက်တာပါပဲ၊ ဒီနေ့ အသိပေး ပြောရတာပေါ့”ဟု ပြောသည်။
ချောက်မြို့ ၉ ရပ်ကွက်နှင့် ၁၁ ရပ်ကွက်တို့ရှိ ဗလီ ၂ လုံးမှာ ၂၀၀၆ ခုနှစ်က စလင်းမြို့နယ် ဥသျှစ်ကုန်း ကျေးရွာမှ အမျိုးသမီးတဦးအား အဓမ္မကျင့်မှုဖြစ်ပွားရာက ပဋိပက္ခများ ပျံ့နှံ့လာကာ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး တားမြစ် နယ်မြေ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ဗလီနှင့် ဘာသာရေး ကျောင်းများအား ငွေနှင့်ပစ္စည်းများ လှူဒါန်းမှု ပြုလုပ်လာသည့်နောက်ပိုင်း ၁၀ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် အဆိုပါ ဗလီ ၂ လုံးအား မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ဝတ်ပြုခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ပိတ်ထားသည့် ဗလီနှစ်လုံးနှင့် ပတ်သက်ပြီး ဒေသခံအစ္စလာမ် ဘာသာဝင်များ၏ တောင်းဆိုချက်အရ ပြန်လည် ဝတ်ပြု ခွင့် ပေးရန် မတ်လနှင့် ဇူလိုင်လတို့တွင် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားများက ရပ်ကွက်အတွင်း ဆန္ဒမဲ ကောက်ခံ ခြင်းနှင့် သံဃာတော်များထံ လျှောက်ထား တင်ပြခဲ့သော်လည်း ကန့်ကွက်သူတချို့ကြောင့် ထိုစဉ်က ပြန်လည် ဖွင့်လှစ် နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ ဟာဂျီဦးအေးလွင်က“ပုဂံခေတ် ကတည်းက ရှိနေတဲ့ မြန်မာ မွတ်စ လင် တွေက အခု ၂၀၁၉ အထိဆို လူဦးရေက တိုးလာပြီ၊ ဗလီတွေဟာ မေတ္တာပို့တဲ့ နေရာတွေပါ၊ သာသနိက အဆောက် အအုံ တွေ ပိတ်နေရင် ထောင်တံခါးတွေ ပွင့်မယ်၊ ထောင်တံခါးတွေ ပိတ်ချင်ရင် သာသနိက အဆောက် အအုံ တွေ ဖွင့်ပေးပါလို့ ပြောခဲ့တယ်”ဟု ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ယနေ့တွင် ရန်ကုန်မြို့ရှိ ညောင်တုန်း ကျောင်းတိုက်နှင့် ဇီဝိတဒါန သံဃ ဆေးရုံ၊ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်း၊ သျှရီသျှရီ စန္ဒီ မယ်တော် ဟိန္ဒူဘုရားကျောင်း၊ ဇဖရ်ရှား ဗလီ၊ ကက်သလစ် သီလရှင်များ ဘိုးဘွားရိပ်သာ စသည့် ဘာသာရေး ကျောင်းများသို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ ကိုယ်စား ၎င်းကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့သည်။
ယင်းသို့ လှူဒါန်းမှုသည် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်အနေဖြင့် ၂ လအတွင်း ၃ ကြိမ်မြောက် လှူဒါန်းခြင်းဖြစ်သည်။
ယနေ့ မွန်းလွဲပိုင်းက ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ဇဖရ်ရှားဗလီသို့ ရောက်ရှိစဉ်လည်း စစ်မှန်သည့် နိုင်ငံသားများ အပေါ် ဘာသာနှင့်လူမျိုး လုံးဝခွဲခြားဆက်မှုများ မရှိစေကြောင်း ထူးခြားချက်အနေဖြင့် ထပ်ကာထပ်ကာ ပြောကြားခဲ့သည်ဟု တွေ့ဆုံခဲ့သည့် ဟာဂျီဦးအေးလွင်က ပြောပြသည်။
ဟာဂျီဦးအေးလွင်က“ဒီလိုလှူတာတွေက အကြောင်းတော့ အမျိုးမျိုးရှိမှာပဲ။ ကျနော့်အမြင်ကတော့ သူတို့ တွေးခေါ်ပုံ လေး နည်းနည်းပြောင်းပြီးတော့ ဗျူဟာလေးတခု ပြောင်းလိုက်တယ်လို့ ထင်တယ်၊ မှန်ကန်တဲ့လမ်းကြောင်းမှာ ပထမ ခြေလှမ်းပေါ့။ ကျနော်တို့ကတော့ အပြုသဘော ဘက်ကကြည့်ပြီး မလာတာထက်စာရင် လာတာ ကြိုဆိုရမှာပေါ့”ဟု လည်း ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားရှိ ခရစ်ယာန် ဘာသာရေး ကျောင်း ၁၁ ကျောင်း နှင့် အစ္စလာမ် အာရဗီ အထက်တန်းကျောင်းနှင့် ဗလီ ၁၃ ခုကိုလည်းကောင်း၊ စက်တင်ဘာ ၁၁ ရက်နေ့က မန္တလေး တိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဂျွန်းဗလီ အခြေခံ ဘာသာ ရေး စာသင်ကျောင်းနှင့် ရွှေနှလုံးတော် ကက်သလစ် ဘုရားရှိခိုးကျောင်းနှင့် မစိုးရိမ်တိုက်သစ် တို့ကိုလည်းကောင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဘာသာရေးကျောင်းများသို့ လိုက်လံ လှူဒါန်းမှုများသည် နိုင်ငံတကာ ဖိအားများ ကြောင့်ဖြစ်ကြောင်း ဝေဖန် သုံးသပ်မှုရှိသော်လည်း တပ်မတော်ဘက်က ယင်းသို့ သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုထား သည်။
ဘာသာရေး အကြောင်းပြကာ နိုင်ငံရေးမတည်ငြိမ်မှုများ၊ ပဋိပက္ခများ စသည့် မလိုလားအပ်သည်များ မဖြစ်စေလို ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် စည်းလုံးညီညွတ်စွာ အတူတကွ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးမြို့တွင် လှူဒါန်းစဉ် တိုက်တွန်းခဲ့သည်။
တပ်မတော်အနေဖြင့် တိုင်းရင်းသားများအပေါ် ဘာသာရေးအရ ဖိနှိပ်မှုများရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ်(KBC) ဥက္ကဋ္ဌ ဒေါက်တာခလွမ်ဆမ်ဆွန်က ဇူလိုင် ၁၈ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူ တော် တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ရာ ယင်းအတွက်ကြောင့်ပင် တပ်မတော်၏ တရားစွဲဆို ခံခဲ့ရသော်လည်း နောက်ပိုင်း တွင် တပ်မတော်က အမှုရုပ်သိမ်းကာ ဒေါက်တာ ခလွမ်ဆမ်ဆွန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံခဲ့သည်။
You may also like these stories:
မန္တလေးက ဘာသာရေး ကျောင်းများထံ တပ်ချုပ် သွားရောက်လှူဒါန်း
စည်းလုံးညီညွှတ်မှုကို ပြသရန် ခရစ်ယာန်နှင့် အစ္စလာမ် အသိုင်းအဝိုင်းသို့ တပ်ချုပ် လှူဒါန်း
ဗလီ တိုက်ခိုက်မှုပြီးနောက် နယူးဇီလန် ရုပ်ရှင်ရုံများမှ “Hotel Mumbai” ရုပ်ရှင်ကို ဖယ်ရှား