ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ နမ့်ခေးဘုရားကုန်းရှိ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တပ်စခန်းတခုကို ထိန်းချုပ် လိုက်ကြောင်း တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
နမ့်ခေးဘုရားကုန်းသည် နမ့်ဆန်မြို့ ဇယန်းမြောက်ရွာနှင့် ဟိုချောင်းရွာအနီးတွင် ရှိပြီး မြို့နှင့် မီတာ ၄၀၀ အကွာ၌ တည် ရှိကြောင်း၊ ထိုနေရာတွင် တပ်စွဲထားသော TNLA ၏ စခန်းကို စက်တင်ဘာလ ၁၆ ရက်က တပ်မတော်မှ ထိန်းချုပ်လိုက် ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ နမ့်ခေးဘုရားကုန်း နေရာကို မနေ့က ဝင်သိမ်းလိုက်တယ်။ သူတို့ဘက် က အခိုင်အမာ လုပ် ထားတယ်။ ပစ်ကျင်းတွေ တူးထားတယ်။ မြို့နဲ့ ဆိုရင် အဲဒီနေရာက မီတာ ၄၀၀၀ လောက်ပဲ ကွာတယ်” ဟု ပြောသည်။
နမ့်ဆန်မြို့နယ် တောင်ရိုးဘုရား တောင်ပေါ်တွင် TNLA နှင့် တပ်မတော်တို့ စက်တင်ဘာလ ၁၃ ရက်မှ ၁၅ ရက်နေ့ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စက်တင်ဘာလ ၁၆ ရက်တွင် တောင်ရိုးဘုရား အောက်ဘက် နမ့်ဆန်မြို့၏ မီတာ ၄၀၀၀ အကွာ က နမ့်ခေးဘုရားကုန်းမှ TNLA တပ်စခန်းတခုကို တပ်မတော်က ထိန်းချုပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်မဲဒေသခံတဦးက TNLA တပ်စခန်းတချို့ကို တပ်မတော်က ထိန်းချုပ်လိုက်သည်ဟု ကြားနေရကြောင်း ဆိုသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး TNLA မှ တာဝန်ရှိသူ တချို့ကို ဖုန်းဆက်သွယ်သော်လည်း အဆက်အသွယ် မရခြင်း ကြောင့် ဧရာဝတီမှ သီးခြား အတည်ပြုချက် မရပေ။
TNLA သတင်းနှင့် ပြန်ကြားရေး ဌာနကတော့ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၊ လွယ်ပတ် အထက်ဘက်တွင် နံနက် ဝရး ၁၅ နာရီအချိန်က TNLA တပ်ရင်း ၆၆၆ နှင့် တပ်မတော် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆ ဖြင့် စက်တင် ဘာလ ၁၇ ရက်၌ တိုက်ပွဲ ဖြစ်ပွားကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် TNLA အပါအဝင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာ မိတ် တပ် မတော်(MNDAA)၊ ရက္ခိုစစ်တပ်(AA)မှ ကိုယ်စားလှယ်များနှင့် အစိုးရ-တပ်မတော် ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)မှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ်( အရှေ့ပိုင်း) ကျိုင်းတုံမြို့မှာ စက်တင် ဘာလ ၁၇ ရက်က ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ်(Bilateral) ထိုးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
You may also like these stories:
နမ့်ဆန် တိုက်ပွဲကြား ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင်နေရ
နမ့်ဆန်တွင် TNLA နှင့် တပ်မတော်တိုက်ပွဲဖြစ်
ကျောက်မဲ အနီး RCSS နှင့် TNLA တိုက်ပွဲဖြစ်
ဘုရားတွင် TNLA တပ်စွဲ၍ တိုက်ပွဲဖြစ်ရဟု တပ်မတော် ပြော