လွှတ်တော်က ဖွဲ့စည်းပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ (၄၅ ဦး ကော်မတီ)၏ ဆုံးဖြတ်ချက်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ သဘောထား ဖြစ်နေကြောင်း တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ် တဦးက ဝေဖန်ပြောဆိုသည်။
တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်းက“အင်အားကြီးတဲ့ အနိုင်ရတဲ့ ပါတီ ကတော့ မဲနဲ့ ဆုံးဖြတ်တဲ့အခါကျတော့ အနိုင်ရနေတာပေါ့”ဟု ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် သတင်းထောက် များကို ပြောသည်။
ထိုသို့ ၄၅ ဦး ပူးပေါင်း ကော်မတီဝင်များ ဝိုင်းဝန်း ဆွေးနွေးသည့် အခါတွင်လည်း အင်အားနည်းသည့် တိုင်းရင်းသား ပါတီ ငယ်များ၏ ပြင်ဆင်ချက်များမှာ အရာ မရောက်ကြောင်း၊ မဲခွဲဆုံးဖြတ်ခြင်းများ ပြုလုပ်သဖြင့် အင်အားကြီးသည့် ပါတီကသာ အနိုင်ရရှိမှုများ ရှိနေကြောင်းလည်း ၄၅ ဦး ကော်မတီတွင် ပါဝင် လေ့လာနေသူ ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်း က ပြောဆိုသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ အစည်းအဝေး၌ တိုင်းရင်းသားများ ရပိုင်ခွင့် ဖြစ်သည့် သယံဇာတမှ ရရှိသည့် အခွန် အခများကို တိုင်း ရင်းသား ပါတီများက ပြင်ဆင်လိုသည့် အချက်များအဖြစ် တင်ပြသော်လည်း ငြင်းခုံမှုများ ရှိနေ ကြောင်း၊ အမှန်တကယ် ပြင်ဆင်ရန် အလွယ်ကူဆုံး ဖြစ်သည့် အချက်များကို ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း ရခိုင် အမျိုး သားပါတီ (ANP) မှ ဒေါ်ခင်စောဝေက ပြောသည်။
ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက“မဲခွဲဆုံးဖြတ်တဲ့ အခါ မှာ အန်တီတို့က လူနည်းစု ဖြစ်တဲ့အတွက် ဘယ်လိုမှ မနိုင်ဘူး။ ဖွဲ့စည်းပုံ ၄၅ ဦး ကော်မတီမှာ ဝင်ပြီးတော့ ပြင်နေ ရင် လည်း ဘာမှ အကျိုးထူးလာတာ မဟုတ်တဲ့အတွက် မူဝါဒ အရ ထွက်လိုက်တာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။
အဆိုပါကော်မတီ အဖွဲ့ဝင် ဖြစ်သည့် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(N.U.D)မှ မအူပင်အမတ် ဦးစိန်ဝင်း နှင့် ရခိုင်အမျိုးသားပါတီ (ANP)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်တို့ ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ယင်းကော်မတီမှ နုတ်ထွက် သွားခဲ့ပြီး ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နိုင်ငံရေး ပါတီတချို့ နုတ်ထွက်သွားခြင်း၊ တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) တို့မှ ကန့်ကွက်မှုများ ရှိနေသော်လည်း ဖွဲ့စည်းပုံ ပြင်ဆင် ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု NLD ပါ တီ ဗဟိုအလုပ် အမှုဆောင် ဦးအောင်ကြည်ညွန့်က ပြောဆိုထား သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် တနိုင်ငံလုံးရှိ ပြည်သူများနှင့် သက်ဆိုင်သည့် အတွက် ယခုကဲ့သို့ လုပ်ဆောင်နေသည့် အပေါ် ပြန်လည် စဉ်းစားစေလိုကြောင်းလည်း တပ်မတော်သား ကိုယ်စားလှယ်က ထည့်သွင်း ပြောကြားခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးထက်ဝင်းက“အနိုင်ရပါတီ အင်အားများတဲ့ ပါတီကနေ ပြင်ဆင်ရန် တင်ပြ ချက်တွေကိုပဲ အခြားသူတွေ၊ တပ်မတော်သားတွေ၊ ကျန်တဲ့ တိုင်းရင်းသားပါတီအငယ်တွေ၊ အဲဒီ အငယ်ကပဲ ပြင်ဆင်ဖို့ အတွက်ကို ဝန်းရံပြီးတော့မှ လာပြီး ထိုင်ပေးနေရ သလိုဆိုရင်လည်း အဆင်မပြေဘူး”ဟု ဆက်လက် ပြော သည်။
လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပုဒ်မ ပေါင်း ၄၅၇ ခုနှင့် ပတ်သက်၍ ပြင်ဆင် လို သည့် အချက်ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေး ပါတီ ၁၄ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက အစီရင်ခံစာ တရပ် ရေးသား ပြုစု၍ ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၅ ရက်က တင်ပြခဲ့ပြီး ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မည်ဟု ပြောဆိုပြီး၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် NLD သည် အာဏာ ရပြီး ၃ နှစ် အကြာ၌ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ တရပ်ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းကာ မဲအသာဖြင့် အတည်ပြုနိုင်ခဲ့သည်။
ထိုနေ့က ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုကို အဆုံးအဖြတ်ရယူရာ ကြံ့ခိုင်ရေးပါတီ နှင့် တပ်မတော်တို့က သဘောမတူ သဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ ၅၉၄ ဦးတွင် ထောက်ခံသူ ၃၈၉ ဦး၊ ကန့်ကွက် သူ ၁၉၂ ဦး၊ ကြားနေ ၃ ဦး ဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ် စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင် ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။