ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သော မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ အကြား ပြုလုပ်ခဲ့သော ယနေ့ဆွေးနွေးပွဲတွင် အချက် ၇ ချက်ကို မူအားဖြင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် က “ဆွေးနွေးမှုကတော့ အားရတယ်၊ ကျေနပ်တယ် ဆိုတဲ့ ဟာမျိုးထက် လိုအပ်နေတဲ့ ကွက်လပ်တခုကို ကျနော်တို့ ဖြည့်နိုင်ခဲ့တယ်။ အဲဒီအပေါ်မှာ နေပြီးတော့ ရှေ့ကိုဆက်ဖို့ အတွက်က ယုံကြည်မှုတွေ ဘယ်လောက်ရနိုင်သလဲ အဲလိုမျိုးပုံစံမျိုးနဲ့ တွက်လို့ရပါတယ်” ဟု ဆွေးနွေးပွဲအပြီး မီဒီယာများကို ရှင်းပြသည်။
အဆိုပါ သဘောတူညီချက် ၇ ချက်ထဲတွင် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးရေးနှင့် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ လုံးဝ ချုပ်ငြိမ်း သွားစေရန် အတွက် လိုအပ်သည်များ ဆက်လက် ဆွေးနွေးလုပ်ဆောင်မည်ဟု သဘောတူ ထားသည်။
ထို့အတူ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများ မိမိနေရပ်သို့ ပြန်နိုင်ရေး၊ ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေးကို အစိုးရ၊ NRPC၊ တပ်မတော်တို့နှင့် ညှိနှိူင်းဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။
တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည် ဆိုသည့် နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန်လည်း သဘောတူထားသည်။
တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်းနှင့် လိုအပ်သော လုပ်ငန်းကိစ္စများ ညှိနှိုင်းဆောင်ရွက်ရန် ဆက်သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများ ထားရှိရေး ဆွေးနွေး ဆောင်ရွက်သွားရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် နှစ်ဖက် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အရေးယူခြင်း ဆိုင်ရာ ကိစ္စရပ်များအား ဆက်လက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရန်လည်း သဘောတူထားသည်။
အလားတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဆိုင်ရာ ဆွေးနွေးမှုများကို နှစ်ဦး နှစ်ဖက် လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆက်လက် ဆွေးနွေး ဆောင်ရွက်သွားကြရန်နှင့် အပစ်အခတ်ရပ်စဲမှုခိုင်မာစေရေးဆောင်ရွက်ရာတွင် စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရေး အတွက် နှစ်ဖက် သဘောတူ လက်ခံသည့် ပဋိပက္ခ ဖြေရှင်းရေး နည်းလမ်း ရရှိနိုင်ရေး ဆက်လက် ဆွေးနွေး ဆောင်ရွက်သွားကြရန် သဘောတူထားသည်။
အဆိုပါအချက်များပါဝင်သော အစည်းအဝေး မှတ်တမ်းကို NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ ဦးဆောင်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း အစည်းအဝေးတွင် ပါဝင်ခဲ့သည့် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင်း ပြောသည်။
ယနေ့ ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး တို့တက်ရောက် ကြသည်။
ထို့အတူ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်သည်။
TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ဆွေးနွေးပွဲ ရလဒ်က ကျနော်တို့ မြင်တာက အရင်တခေါက်နဲ့တော့ သိပ်မကွာဘူး။ နောက်ထပ် ဒုတိယ အကြိမ်ဆွေးနွေးပွဲ ပြန်လုပ်မယ်။ Bilateral လက်မှတ်ထိုးနိုင်ရေးကိစ္စကို သေချာပြန်ဆွေးနွေးမယ်။ အဲလောက်ပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ဆွေးနွေးပွဲအပြီး တိုက်ပွဲများ ဆက်ဖြစ်မဖြစ်ဆိုသည်ကိစ္စနှင့် ပတ်သက်၍လည်း “အဲဒါကတော့ ကျနော်ထင်တယ်။ နှစ်ဖက်တပ် ဒီမြန်မာ့တပ်မတော်ဘက်ကရော ကျနော်တို့ သုံးဖွဲ့ဘက်ကရော အဲဒီအပေါ်မှာ ဦးဆောင်နေတဲ့သူတွေ အပေါ်မှာဘဲ မူတည်တယ်။ ကိုယ့်အောက်ခြေတပ်ကို ကိုယ်ဘယ်လောက်ထိ ထိန်းနိုင်လဲ။ တကယ်အခုဖြစ်နေတဲ့ တိုက်ပွဲကို ဘယ်လောက်ထိ အရှိန်လျှော့ချင်လဲ အပေါ်မှာဘဲ မူတည်တယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲကနေပြီးတော့ တိတိကျကျ တိုက်ပွဲ လျှော့ချရေး ကိစ္စကို ကျနော်တို့ မဆွေးနွေးနိုင်ခဲ့ဘူး” ဟု တာဘုန်းကျော်က ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် တပ်မတော်ဘက်က ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည့် အတွက် ဆွေးနွေးပွဲမှာ ယခင်ကထက် တိုးတက်မှုရှိခဲ့ပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့များ ဘက်ကလည်း ထိုအချက်ကို ထောက်ပြပြောဆိုသွားသည်။
သို့သော်လည်း Bilateral Ceasefire Agreement ရေးထိုးနိုင်ရေး၊ တပ်နေရာချထားရေးနှင့် လက်ရှိတိုက်ပွဲများ လျှော့ချနိုင်ရေး အတွက် တပ်မတော်ကိုယ်စားလှယ်များနှင့် များများ ဆွေးနွေးရန် လိုအပ်သည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့များဘက်က ပြောသည်။
နောက်တကြိမ်ဆွေးနွေးပွဲကို အောက်တိုဘာလထဲတွင် ပြုလုပ်ရန်သဘောတူထားကြောင်း အစိုးရဘက်ကရော မြောက်ပိုင်း မဟာမိတ် ဘက်ကပါပြောသည်။
တပ်မတော်က စက်တင်ဘာ ၂၁ ရက်နေ့အထိ အပစ်ရပ်မည်ဟု သြဂုတ် ၃၁ ရက်နေ့က ထုတ်ပြန် ကြေညာထားသလို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ်(AA) တို့ကလည်း ယခုလ ၉ ရက်မှ အောက်တိုဘာ ၈ ရက်နေ့ထိ တလ အပစ်ရပ်ကြောင်း ကြေညာ ထား သည်။