ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် စက်မှုဇုန်ရှိ Myanmar Knitting အထည်ချုပ်စက်ရုံတွင် သရဲပူးသည်ဟု ဆိုကာ အလုပ် သမားများ အော်ဟစ်ငိုယိုခြင်း၊ သတိလစ်ခြင်းများ၂ ရက် ဆက်တိုက် ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ပုသိမ် စက်မှုဇုန်ရှိ အကြီးဆုံး စက်ရုံ တရုံ ဖြစ်သော Myanmar Knitting အထည်ချုပ်စက်ရုံ၌ စက်တင်ဘာလ ၁၆ ရက် နှင့် ၁၇ ရက်များတွင် အမျိုးသမီး အလုပ်သမား စုစုပေါင်း ၇၀ ခန့် သရဲ ပူးသည်ဟု ဆိုကာ အော်ဟစ်ငိုယိုခြင်း၊ သတိလစ် ခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် စက်ရုံတာဝန်ရှိသူများက အလုပ်သမားများကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသ မှု ခံယူစေခဲ့ကြောင်း သိရသည်။
Myanmar Knitting အထည်ချုပ်စက်ရုံ အလုပ်သမား မနှင်းနွယ်လွင်က“ဖြစ်တာက လက်ချုပ်ဌာနဘက်က စဖြစ်တာ။ ညီမတို့နဲ့က ဌာနချင်းနီးတော့ သူတို့ကိုတွေ့ရတယ်။ သူတို့ကို ဝင်ပူးတဲ့အချိန်မှာ အော်သံဟစ်သံတွေက တအားဆူတယ်။ မကောင်းဆိုးဝါး အသံလိုမျိုး ဖြစ်နေတာ။ အဲဒီကနေ တခြားဌာနတွေက မိန်းကလေးတွေပါ ဝင်အပူး ခံရတော့တာ”ဟု ဧရာဝတီကို ပြောပြသည်။
ထိုဖြစ်စဉ်ကြောင့် စက်ရုံ တာဝန်ရှိသူများက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ သံယာ တော် များ ပင့်ဖိတ် အလှူဒါနပြု၍ မေတ္တာပို့ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့သော်လည်း အလှူပွဲပြုလုပ်နေစဉ်မှာပင် သရဲ ပူးသည် ဆိုသော ဖြစ်စဉ်များ ထပ်မံ ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။
သရဲပူး ခံရသည် ဆိုသောဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တဦးဖြစ်သည့် မထက်ထက်ဝေက“၁၇ ရက်ညက စက်ရုံက လက်ဗွေ နှိပ်ခိုင်းပြီး ပြန်လွှတ်တယ်။ အဲဒါနဲ့ပြန်လာတော့ လမ်းမှာ သွေးပေနေတဲ့ လက်ဝါးရာကြီး တခုတွေ့တယ်။ အဲဒီရှေ့ လည်း ရောက်ရော နောက်ကနေ တယောက်ယောက် ဆောင့်တွန်းသလိုဖြစ်ပြီး လဲသွားတယ်။ သတိရလာတော့ စက်ရုံ ရုံးခန်းထဲ ရောက်နေတယ်။ ဒီမနက်ကျတော့ ရုံးခန်းထဲမှာ ထိုင်နေတုန်း စိတ်ထဲမှာ သိမ်ငယ်သွားပြီးတော့ ကြက်သီးတွေထလာပြီး ဘာမှ မသိတော့ဘူး။ သတိရလာတော့ လူနာတင်ကားပေါ် ရောက်နေတယ်။ အဲဒီလိုတွေ ဖြစ်ပြီး သတိရလာချိန်မှာ လူက အရမ်းမောတယ်”ဟု ပြောပြသည်။
စက်ရုံလုပ်သားများ အဆိုအရ စက်တင်ဘာ ၁၆ ရက်တွင် သရဲပူးသည်ဟု ဆိုကာ အော်ဟစ်ငိုယိုပြီး မူးမေ့ သတိလစ် သူ ၂၀ ခန့် ရှိခဲ့ပြီး စက်တင်ဘာ ၁၇ ရက်တွင် သတိလစ်သူ ၅၀ ခန့် ရှိခဲ့ကြောင်း၊ ထိုလူနာများကို လူမှုကူညီရေး အဖွဲ့များ အကူအညီဖြင့် ပုသိမ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသမှုခံယူခဲ့ကြောင်း သိရသည်။
ပုသိမ် ပြည်သူ့ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးသန့်က“လူစုလူဝေးနဲ့ အလုပ်လုပ်တဲ့၊ အထူးသဖြင့် အမျိုးသမီး တွေ အဖြစ်များကြပါတယ်။ တယောက်ဖြစ်တာနဲ့ အကုန်ဖြစ်တာပါ။ ရောဂါပုံစံက အသက်ရှူ မြန်တယ်၊ ကယောင် ကတမ်း ပြောတယ်၊ ဒေါသထွက်တယ်၊ စိတ်အလိုမကျတွေ ဖြစ်တယ်၊ ပြောချင်တာပြောတာမျိုးတွေ ဖြစ်တယ်။ နာရီ ဝက် လောက် ကုသပြီး နှစ်သိမ့်ဆွေးနွေး ပေးလိုက်တဲ့အခါမှာ တနာရီလောက်အကြာမှာ ပုံမှန်ဖြစ်သွားပါတယ်။ ဓာတု ဗေဒ ဆေးဝါးကြောင့် မဟုတ်ပါဘူး။ သူတို့အားလုံး ဖြစ်တဲ့နေ့မှာတင်ပဲ ဆေးရုံက ဆင်းသွားကြပါပြီ”ဟု ပြောသည်။
ပုသိမ်ဆေးရုံကြီး၌ စက်ရုံလုပ်သားများ ဆေးကုသမှုခံယူပြီးနောက် ယနေ့တွင် Myanmar Knitting အထည်ချုပ် စက်ရုံ ၌ သရဲပူးသည့် ဖြစ်စဉ်များ ဖြစ်ပွားခြင်းမရှိဘဲ အလုပ်သမားများ ပုံမှန်အတိုင်း အလုပ်ဆင်းနေကြသည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် အဆိုပါ Myanmar Knitting အထည်ချုပ်စက်ရုံတွင် ပြီးခဲ့ သည့် ဧပြီလ ၁ ရက်နှင့် ၂ ရက်နေ့များတွင်လည်း သရဲပူးသည် ဆိုသောဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး စက်ရုံ တာဝန်ရှိ သူများက အမျှအတန်းပေးဝေမှုများ ပထမအကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျှပေးဝေမှု နောက်ပိုင်း သရဲပူးသည် ဆိုသော ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်း မရှိတော့ဘဲ အချိန် ၅ လကျော် အကြာ တွင် ထိုသို့ ဖြစ်စဉ်များ ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အဆိုပါ အထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည်ဟုဆိုကာ စက်ရုံ အလုပ်သမား ၁၀၀၀ ကျော်က စက်တင်ဘာလ ၂ ရက်မှ ၄ ရက် အထိ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အလုပ်သမားများ၏ တောင်းဆိုချက် ၄၅ ချက်ကို စက်ရုံဘက်မှ လိုက်လျောခဲ့သည့်အတွက် ဆန္ဒပြပွဲများ ရုပ်သိမ်းကာ အလုပ်သမားများ အလုပ်ပြန်ဆင်း ခဲ့ပြီး နောက် ၁၄ ရက် အကြာ၌ ယခုလို ဖြစ်စဉ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထို့ကြောင့် စက်ရုံအလုပ်သမားများက စက်ရုံပိုင်ရှင် အပေါ် မကျေနပ်သဖြင့် သရဲဝင်ပူးခံရသလို ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုများလည်း ပေါ်ပေါက်ခဲ့သည်။
Myanmar Knitting စက်ရုံမှ အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ မနှင်းနွယ်လွင်က“ဒါကလုပ်ကြံဇာတ်ခင်း နေတာ မဟုတ်ပါဘူး။ အဲဒီလိုမျိုး လုပ်ကြံဇာတ်ခင်းနေတယ်လို့ ပြောနေတဲ့သူတွေကို တကယ် ဝင်ပူးစေချင်ပါတယ်။ ဒီလိုမျိုး အယုံအကြည်တွေ ကင်းမဲ့နေမယ်ဆိုရင် အခြေအနေတွေ ပိုဆိုးလာမယ် ထင်ပါတယ်။ အခုက ဒီလိုတွေဖြစ်တဲ့ အတွက် စက်ရုံပိုင်ရှင်ဘက်တင် မဟုတ်ဘူး၊ အလုပ်သမားတွေပါ အရမ်း ဒုက္ခရောက်ပါတယ်”ဟု ပြောဆိုသည်။
ပုသိမ်မြို့ မြက်တိုရပ်ကွက်ရှိ ပုသိမ်စက်မှုဇုန်တွင် တရုတ်၊ သီရိလင်္ကာ၊ ထိုင်ဝမ်နှင့် မလေးရှားနိုင်ငံများမှ အထည်ချုပ် စက်ရုံ၊ သိုးမွေးစက်ရုံများ လာရောက် တည်ထောင် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အလုပ်သမားပေါင်း ၁၂၀၀၀ ကျော် အလုပ် လုပ်ကိုင်နေကြောင်း သိရသည်။
ယင်းကဲ့သို့ စက်ရုံအလုပ်ရုံများတွင် သရဲပူးသည့် ဖြစ်စဉ်များမှာ ၂၀၁၇ ခုနှစ်တွင် ပဲခူးတိုင်း ညောင်အင်း ကျေးရွာရှိ လိမ္မော်ရောင် စက်ရုံတွင် အုပ်စုလိုက် ဖြစ်ပွားခြင်း၊ ယခုနှစ်အတွင်း၌ ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ကျောက်စိမ်း ဖိနပ် စက်ရုံတွင်လည်း ဖြစ်ပွားခဲ့သည်။