၂ဝဝ၇ ရွှေဝါရောင် အရေးအခင်းတွင် သံဃာထု အပေါ် ကျူးလွန်ခဲ့သော စစ်အာဏာရှင်များ အနေဖြင့် ယနေ့ အချိန် အထိ သက်ရှိထင်ရှား ရှိနေသေးသော်လည်း မည်သည့်အတွက်ကြောင့် မတောင်းပန်သေးခြင်းကို နားမလည်နိုင်ကြောင်း ရွှေဝါရောင် သံဃာ့ အရေးအခင်းတွင် ဦးဆောင်ခဲ့ကြသည့် သံဃာတော်တချို့က ယနေ့ မိန့်ကြားသည်။
၎င်းတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သလို သံဃာထု အပေါ် တောင်းပန်ခြင်းက အပန်းမကြီးကြောင်း၊ သံဃာထု အနေ ဖြင့်လည်း ပတ္တနိကုဇ္ဇန ကံဆောင်ထားခြင်းကို ပြန်ရုပ်သိမ်းပေးချင်သော်လည်း မတောင်းပန်သည့် အတွက် ယနေ့ အချိန်ထိ ကံဆောင် သပိတ်မှောက်ခြင်းသည် အထမြောက်နေသေးကြောင်း ရွှေဝါရောင် ဆရာတော်တပါးဖြစ်သည့် ဆရာတော် ဦးဣသရိယ(ခ) မင်းသုံည(ဗုဒ္ဓတက္ကသိုလ်) က မိန့်သည်။
ယနေ့ ကြည့်မြင်တိုင်မြို့နယ် သာဓု ကျောင်းတိုက်တွင် ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး ၁၂ နှစ် ပြည့် အခမ်းအနားတွင် ဧရာဝတီ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ဆရာတော်က မိန့်ကြားခြင်းဖြစ်သည်။
ဆရာတော် မင်းသုံညက“ရဟန်း သံဃာတော်တွေကို တောင်းပန်ရတာ ဘာများ အပန်းကြီးမှာမို့လဲ။ တပည့်တော်တို့ မှားခဲ့ပါတယ်။ နောင် ဒါမျိုး မကျူးလွန်ရပါဘူးလို့ တောင်းပန်ရုံပဲဟာ။ သူတို့က သံဃာကိုတောင်မှ မတောင်းပန်ဘူး ဆို ရင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တာ၊ တိုင်းရင်းသား ဒေသအသီးသီး အပေါ်မှာ ကျူးလွန်ခဲ့တာတွေဟာ ဘယ်လို နည်းနဲ့မှ ပြေလည်စရာ အကြောင်းမရှိဘူး။ ဆရာတော် ပြောချင်တာက သက်ရှိထင်ရှား ရှိနေကြသေးတယ်။ တာဝန် ယူမှု တာဝန်ခံံမှု အနေနဲ့ ပြန်တောင်းပန်ပြီး ငြိမ်းချမ်းရေး ဖြစ်အောင်သွားပါလို့ ပြောချင်တယ်”ဟု မိန့်ဆိုသည်။
ပတ္တနိကုဇ္ဇန ကံဆောင်ထားခြင်း ဆိုသည်မှာ သံဃာများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သူများနှင့် ဘာသာရေးအရ ကူးလူးဆက်ဆံမှု မပြုလုပ်တော့ခြင်းဟု အဓိပ္ပာယ် ရကြောင်းသိရသည်။
ထို့ပြင် ဒုတိယ ကမ္ဘာစစ်က ဂျပန် စစ်အာဏာရှင်များ၏ လုပ်ရပ်ကို လက်ရှိ ဂျပန်နိုင်ငံအစိုးရနှင့် တာဝန်ရှိသူများက ကမ္ဘာကြီးကို တောင်းပန်ခဲ့သလို မြန်မာနိုင်ငံတွင်လည်း လက်ရှိ အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ အနေဖြင့် တာဝန်ယူမှု ရှိရှိဖြင့် သံဃာထုကို ဝန်ချတောင်းပန်လျှင်လည်း ပြုလုပ်၍ ရကြောင်း ဆရာတော် မင်းသုံညက ဆက်လက် မိန့်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်လက်ထက် ၁၉၉၀ ပြည့်နှင့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း တို့တွင် ၂ ကြိမ် တိတိ တိုင်းပြည်အုပ်ချုပ်သူများကို ပတ္တနိကုဇ္ဇန ကံဆောင်ထားသော်လည်း ယနေ့အချိန်အထိ အဆိုပါ ကံဆောင် ခြင်းကို ရုပ်သိမ်းမှု မရှိသေးပေ။
ကံဆောင် သပိတ်မှောက်ချိန်တွင် တောင်းဆိုခဲ့သည့် အချက်များသည် ယနေ့အချိန်အထိ ရရှိလာခြင်း မရှိသေး ကြောင်း၊ ထို့အတွက် ကျမ်းဂန်များတွင် ပါရှိခဲ့သလို တိုင်းပြည်နှင့် ပြည်သူပြည်သားများ အတွက် မကောင်းကြောင်း၊ ကပ်ဘေး အန္တရာယ်များ ကျရောက်နိုင်ကြောင်း ဆိုသည့် အချက်သည် ယနေ့တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် အချက်များနှင့် ဟုတ်မှန်သလို ဖြစ်နေကြောင်း ရွှေဝါရောင် သံဃာတပါးဖြစ်သည့် ဦးပြည်ကျော် (ခ) ဦးပဏ္ဍဝံသက မိန့်ကြားသည်။
ယခုလို ပြည်သူလူထု အခက်အခဲ တွေ့ကြုံနေရမှုများကို မည်ကဲ့သို့ ပြေငြိမ်းစေရန်၊ သက်သာစေရန် ဝိုင်းဝန်း ဆောင် ရွက် ထိန်းသိမ်းရန်ဆိုသည့် မေးခွန်းအမြောက်အမြား ထွက်ပေါ်လာစေသည်ဟု ဆရာတော်က ဆက်မိန့်သည်။
ဆရာတော် ဦးပြည်ကျော်က“မကြာမီအတွင်းမှာ ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲကလည်း နီးလာပြီ။ သံဃာတွေအနေနဲ့ ကလည်း အဂတိတရား ၄ ပါးနဲ့ ကင်းတဲ့စကားတွေ ပြော၊ ဟောဖို့ကလည်း ရှိပါတယ်။ အဲဒီတော့ ပြည်သူကို ဘာပြော ဖို့ ရှိလဲဆိုရင် ပြည်သူလိုလားတဲ့ ပြည်သူ့အစိုးရ ဖြစ်စေဖို့က ပြည်သူတွေကပဲ ထောင်ထားတဲ့ ပါတီတွေကို မဲပေးကြ ပေါ့။ လက်နက်ကိုင် စစ်အစိုးရနဲ့ တွေ့ချင်တယ်၊ ကြုံချင်တယ်ဆိုရင်တော့ စစ်အစိုးရနဲ့ ပတ်သက်ပြီး ထောင်ထားတဲ့ ပါတီကို မဲပေးကြပေါ့လို့ပဲ ပြောလို့ရမယ်။ ဒါကြောင့်မို့ အရပ်သား အစိုးရလိုချင်ရင် အရပ်သားပါတီတွေကိုပဲ မဲပေးပါလို့ ပြောချင်တယ်”ဟုလည်း မိန့်ဆိုသည်။
လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်ကာ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးထား သည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော် အတွင်း ပြင်ဆင်နိုင်ရေး အစွမ်းကုန် ကြိုးစားနေသည်ကို မျှော်လင့်ချက်များစွာဖြင့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတရပ်လုံးက ဝန်းရံ စောင့်ကြည့်နေကြောင်း ယနေ့ ကျင်းပ ခဲ့သည့် ၁၂ နှစ်မြောက် ရွှေဝါရောင် နှစ်ပတ်လည်ပွဲတွင် ရွှေဝါရောင် သံဃာတော်များက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် တပ်မတော်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေပါက လွှတ်တော်အတွင်း ပြင်ဆင်ရေး ကြိုးပမ်းမှုများက အဟော သိကံ ဖြစ်သွားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထိုကဲ့သို့ လွှတ်တော်အတွင်း ပြင်ဆင်ရေး အဖြေမထွက်ခဲ့လျှင် လွှတ်တော်တွင်း တိုက်ပွဲမှ ပြည်သူလူထု တရပ်လုံး ပါဝင် သည့် ပြည်သူ့တိုက်ပွဲဖြင့် အဆိုပါ အခြေခံ ဥပဒေကို ဖျက်သိမ်းကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်သည့် အခြေခံ ဥပဒေသစ်တရပ် ပေါ်ထွန်းရန် တိုက်ပွဲဝင်သွားကြမည်ဟု ပါရှိသည်။
တိုင်းရင်းသား ပြည်သူများ မျှော်လင့်နေသည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းစစ် အပြီးတိုင် ရပ်စဲရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး တို့အတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် ကြိုတင် စည်းကမ်း သတ်မှတ်ချက်မထားဘဲ စစ်မှန်သည့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြင့် အဖြေရှာကြရန် တိုက်တွန်းခဲ့ သည်။
၂၀၀၇ ခုနှစ် သြဂုတ်လ စစ်အစိုးရလက်ထက်တွင် လောင်စာဆီဈေးနှုန်း အဆမတန် မြှင့်တင်လိုက်မှုကြောင့် တက်ကြွ လှုပ်ရှားသူများက ဆန္ဒထုတ်ဖော်မှုများ ပြုခဲ့ကြရာ ဦးမင်းကိုနိုင်၊ ဦးမင်းဇေယျ၊ ဦးကိုကိုကြီး၊ ဦးအံ့ဘွယ်ကျော်၊ ဦးမြ အေး၊ ဒေါ်နီလာသိန်း၊ ဒေါ်မီးမီး(ကွယ်လွန်)နှင့် ဦးထင်ကျော် အစရှိသူတို့ ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို တိုင်းပြည် မတည် မငြိမ်ဖြစ်အောင် ခေါင်းဆောင် လှုပ်ရှားသည်ဟု ဆိုကာ စစ်အစိုးရက စွဲချက်တင် အရေးယူခဲ့သည်။
ထို့နောက် စက်တင်ဘာလ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် သံဃာတော်များသည် မြို့၏အထင်ကရ လမ်းမပေါ် စီတန်းလှည့်လည်၍ ဆုတောင်းမေတ္တာပို့ကာ ဖမ်းဆီးထားသော တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ် ပေး ရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သည်။
စီတန်းလှည့်လည်မှုတွင် ပါဝင်သည့် သံဃာတော် ၃ ပါးကို စစ်သားများက ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက် နှိမ်နင်းခဲ့မှု ကြောင့် နိုင်ငံတဝန်းရှိ သံဃာတော်များ အမျက်ထွက်စေခဲ့သည့်အပြင်ဘုန်းကြီးကျောင်း တချို့ရှိ သံဃာများကို ဓားစာ ခံ အဖြစ် ထိန်းသိမ်းသည့် အခြေအနေများကြောင့် သံဃာများနှင့် အစိုးရတာဝန်ရှိသူကြား တင်းမာမှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့သည်။
စက်တင်ဘာလ ၂၂ ရက်အထိ စစ်အစိုးရဘက်မှ ဝန်ချတောင်းပန်မှု မရှိခဲ့သည့်အတွက် မြို့အသီးသီးတို့တွင် သံဃာ ရာဂဏန်းနှင့် ချီ၍ လမ်းမပေါ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြရာ ၄ ရက်ကြာပြီးနောက် စက်တင်ဘာလ ၂၆ ရက် တွင် စစ်အစိုးရက ရန်ကုန်မြို့တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲများ၊ စစ်သားများဖြင့် လူစုလူဝေးအတွင်းသို့ မျက်ရည်ယို ဗုံးခွဲခြင်း၊ ဆန္ဒထုတ်ဖော်သူများကို ရိုက်နှက်ခြင်းတို့ ပြုလုပ်ပြီး စတင် ဖြိုခွင်းခဲ့သည်။
ရန်ကုန်မြို့နှင့်အနီးတဝိုက်ရှိ ကျောင်းတိုက်များသို့ ဝင်ရောက်စီးနင်းကာ သံဃာတော် ဒါဇင်လိုက် ဖမ်းဆီးခြင်း၊ အဓမ္မ လူဝတ်လဲစေ၍ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ယင်းနောက် နောက်ရက်များ၌ နိုင်ငံတဝန်းမှ သံဃာ ၂၀၀ ခန့် နှင့် တက်ကြွလှုပ်ရှား ဆန္ဒထုတ်ဖော်သူ ၅၀၀ ထက် မနည်း ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။