ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အနီးရှိ တောင်ရိုး စေတီကုန်းတွင် တပ်စွဲ ထားသည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ထိုနေရာမှ တပ်မတော်က ပြန်လည် တိုက်ထုတ်ပြီးနောက် စခန်းကို ယမန်နေ့က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
အဆိုပါ ဘုရားကုန်းပေါ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး TNLA က တပ်စွဲမှု ပြုလုပ်လာ၍ ယင်းအချိန်ကစပြီး တပ်မတော်က ရဟတ်ယာဉ်နှင့် လက်နက်ကြီးများ အသုံးပြု၍ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နောက်ဆုံးတွင် တပ်မတော် က ပြန်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“နမ့်ဆန် အနောက်ဘက်မှာ ရှိတဲ့ ဘုရားကုန်းကို ကျနော်တို့ ပြန်ရပါပြီ။ မနေ့က မနက်က တပ်မတော်က ပြန်သိမ်းပိုက်ပြီး ထိန်းချုပ်ထားလိုက်ပြီ။ အဲဒီအပေါ်မှာ ပစ်ကျင်းတွေ၊ တဲတွေ၊ ဘန်ကာတွေ ဆောက် လုပ် ထားတာ တွေ့ရတယ်။ အဲဒီပေါ်မှာ ရှိတဲ့ ရုပ်ပွားစေတီ၊ ဘုန်းကြီးကျောင်း တချို့တော့ နည်းနည်း ထိခိုက်ပျက်စီး တာ ရှိတယ်”ဟု ပြောဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ယင်းတောင်ရိုး စေတီကုန်း၏ အောက်ဘက်ရှိ နမ့်ဆန်မြို့နှင့် မီတာ ၄၀၀ဝ ခန့် အကွာတွင် တည်ရှိသည့် နမ့်ခေးဘုရားကုန်းကို တပ်မတော်က စတင် သိမ်းပိုက်ခဲ့သည်ဟု သိရသည်။
ယခု နောက်ဆုံး သိမ်းပိုက်ရရှိသည့် စေတီကုန်းနေရာသည် နမ့်ဆန်မြို့ တမြို့လုံးကို အပေါ်စီးမှ မြင်ရပြီး TNLA အဖွဲ့ အနေဖြင့် ထိုကုန်းကို ခြေကုတ်ယူ၍ နမ့်ဆန်မြို့တွင်းရှိ အစိုးရ အဆောက်အအုံများကို လက်နက်ကြီးများဖြင့် နှောင့် ယှက် ဖျက်ဆီးနိုင်ခြေ ရှိသဖြင့် တပ်မတော်က ယင်းနေရာတွင် တပ်စွဲခွင့် မပြုနိုင်ခြင်း ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိ သူများက ပြောဆိုသည်။
ထိုနေရာသည် ယခင်က တပ်မတော်က တပ်စွဲခြင်း မရှိသလို TNLA တပ်စွဲခဲ့ခြင်းလည်း မရှိကြောင်း၊ ယခုလို TNLA က တပ်စွဲလာသဖြင့် နမ့်ဆန်မြို့အန္တရာယ် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုဘက်က အကျအဆုံးလည်း မသိဘူး။ စခန်းပဲ ထိန်းချုပ်လိုက်တာ။ တိုက်နေတာလည်း အရင်တပတ်ကတည်းက တိုက်နေတာ။ လှည့်ကင်းအဖွဲ့နဲ့ တွေ့ပြီး တိုက်နေရတာ။ မြို့ နဲ့ မီတာ ၅၀၀၀ လောက်ပဲ ဝေးတော့တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
စက်တင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ပွဲကြောင့် အနီးရှိ ဟိုချောင်းကျေးရွာ အပါအဝင် ဒေသခံ ကျေးရွာ ၃ ရွာမှ ရွာသူ ရွာသား ၁ ထောင်ကျော် နမ့်ဆန်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် စစ်ဘေး ရှောင်အဖြစ် သွားရောက် ခိုလှုံနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ယခု တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ TNLA ထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
တပ်မတော်က စက်တင်ဘာ ၂၁ ရက်နေ့ အထိ အပစ်ရပ်မည်ဟု သြဂုတ် ၃၁ ရက်နေ့က ထုတ်ပြန် ကြေညာထား သလို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ်(AA) တို့ကလည်း ယခုလ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တလ အပစ်ရပ်ကြောင်း ကြေညာ ထား သည်။
ထိုသို့ အပစ်ရပ်ထားသော်လည်း တပ်မတော်က လေကြောင်းပစ်ကူများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု များ အပြင် စစ်အင်အား တိုးချဲ့ချထားခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က စက်တင်ဘာ ၁၄ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်သည်။
တပ်မတော်ကလည်း အပစ်အခတ် ရပ်စဲထားချိန်ကာလ အတွင်း နယ်မြေတိုးချဲ့ခြင်း၊ အင်အား တိုးချဲ့ခြင်း မလုပ်ရန် ပြောဆိုထားကြောင်း၊ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ အနေဖြင့် ထိုအချက်ကို ချိုးဖောက် လုပ်ဆောင်သဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များသည် စက်တင်ဘာ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တွေ့ဆုံကြပြီး ၂ ဖက် ဆက်လက် တွေ့ဆုံနိုင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် –
နမ့်ခေးဘုရားကုန်းရှိ TNLA တပ်စခန်း တခုကို ထိန်းချုပ်လိုက်ဟု တပ်မတော်ပြော