မြဝတီမြို့တွင် တရုတ်နိုင်ငံသားများနှင့် ဒေသခံများ ပြဿနာ ဖြစ်ပြီးနောက် ဥပဒေနှင့် အညီ ဝင်ရောက်မှု ရှိမရှိကို သေချာ စိစစ်ကိုင်တွယ်မည် ဖြစ်ကြောင်း ကရင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင် က ဧရာဝတီသို့ ပြောသည်။
မြဝတီမြို့သို့ တရုတ်နိုင်ငံသားများ သိသာစွာ ဝင်ရောက်လျက် ရှိရာတွင် တရားဝင်မှု ရှိမရှိ အစိုးရ ကြီးကြပ်ဆောင်ရွက်ရန် ဒေသခံများက တောင်းဆိုထားပြီး အရပ်သားများ ပါဝင် စောင့်ကြည့်နိုင်ရေး အတွက် အရပ်ဘက် ကော်မတီတရပ် ဖွဲ့စည်း ရန်လည်း ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
ဦးမင်းကိုခိုင်က “ဥပဒေဘောင်ထဲက လုပ်နိုင်တာ အကုန်လုံး လုပ်နေပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ရတဲ့အခါမှာ တော်တော်လေး ချင့်ချင့်ချိန်ချိန် လုပ်ရတဲ့ အပိုင်းလေးတွေ ရှိတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကနေ ညှိပြီး ကိုင်တွယ်နေရတာ ရှိတယ်။ မြဝတီကိစ္စကို သေချာပေါက်ကိုင်တွယ်မှာပါ” ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် တရုတ်လူမျိုး ၇ ဦး ပါအဖွဲ့မှ မြို့ခံတဦး ပိုင်ဆိုင်သည့် ဖုန်းဆိုင်အရှေ့၌ အပေါ့ သွားရာမှ ဒေသခံများနှင့် ပြဿနာဖြစ်ပွားခဲ့ပြီး တရုတ် ၅ ဦးကိုသာ ဖမ်းဆီး ရမိကာ ၎င်းတို့ကို အမှုဖွင့် အရေးယူထား ကြောင်း ဒေသခံများက ပြောသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၅ ရက်တွင် မြဝတီမြို့ခံ အချို့ စုဝေးတွေ့ဆုံကာ တရုတ် နိုင်ငံသားများ တရား မဝင် ဝင်ရောက်နေထိုင်မှုများအား ဖြေရှင်းပေးရန် တောင်းဆိုထားပြီး ဖြေရှင်းမှု မရှိပါက ဆန္ဒထုတ်ဖော်ရန် အထိ ပြောဆိုမှု များ ရှိနေသည်။
ပြည်နယ် အစိုးရအနေဖြင့် စက်တင်ဘာ လဆန်းပိုင်းအတွင်း နိုင်ငံခြားသားများ ဝင်ရောက်နေထိုင်မှု နှင့် ပတ်သက်၍ ရဲ၊ လူဝင်မှု ကြီးကြပ်ရေး (လ.ဝ.က)၊ ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန၊ စည်ပင် တာဝန်ရှိသူများ ပါဝင်သည့် စိစစ်ရေး အဖွဲ့ကို ဖွဲ့ စည်းထားပြီး သတင်း ရရှိပါက ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဦးမင်းကိုခိုင် က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ဂိတ်မြို့ မြဝတီတွင် တရုတ်နိုင်ငံသားများ အနေဖြင့် ကာစီနိုနှင့် လောင်းကစား ဂိမ်းဆိုင်များအား လုပ် ကိုင်မှုများ ရှိနေပြီး အချို့သည် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်မှု ရှိနေကြောင်းလည်း ဒေသခံ အချို့က ပြောဆိုကြ သည်။
မြဝတီမြို့နယ် ဥပဒေရေးရာ အထောက်အကူပြုရေး အဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင် က “တရုတ်တွေ ဘာလာလုပ်နေလဲ စုံစမ်းရမှာက ဌာနဆိုင်ရာတွေမှာ တာဝန်ရှိတယ်လေ။ သတင်း ပေးမှ ဆိုတာ ထိပ်တိုက်တွေ့အောင် ရန် တိုက်ပေးနေသလိုပဲ။ အန္တရာယ် များပါတယ်။ ဖမ်းချင်လို့ ဖမ်းတာ မဟုတ်ပါဘူး။ ဘယ်သူက တိုင်လို့ ဖမ်းရတာပါ ဆိုပြီး သတင်းလွှင့်တာတွေက ရှိသေးတယ်။ ဘယ်သူက တိုင်ရဲတော့မှာလဲ။ ဒါမျိုးက ဘယ်လိုမှမဖြစ်သင့်ဘူး၊ အစိုးရ တာဝန်ရှိ သူတွေ ကြိမ်းသေကို လုပ်ရတော့မှာ။ မြဝတီမှာ တရား ဥပဒေစိုးမိုး ရေးက တော်တော် ဆိုးနေပါပြီ” ဟု ပြောသည်။
တရုတ်နိုင်ငံသားများအား စိစစ် ဖမ်းဆီးရာတွင် ဗီဇာစည်းကမ်းဖောက်ဖျက်ကာ အိမ်များ ငှားရမ်းနေ ထိုင်မှုများ၊ ထိုအိမ်များ အတွင်း လောင်ကစားဂိမ်းဆိုင် ဖွင့်လှစ် လုပ်ကိုင်မှုများလည်း ရှိခဲ့ပြီး လ.ဝ.က ဥပဒေဖြင့် အရေးယူထားသူ ၄ ဦးရှိကြောင်း လည်း ပြည်နယ် အစိုးရထံက သိရသည်။
ဦးမင်းကိုခိုင်က “တရားမဝင် နေထိုင်လုပ်ကိုင်မှုတွေနဲ့ ပတ်သက်လို့ အားလုံးပူးပေါင်း ဆောင်ရွက်စေချင်တယ်။ လက်ခံထား တဲ့ အဖွဲ့တွေ အနေနဲ့လည်း နည်းနည်းတော့ စဉ်းစားသင့်ပြီလို့ ထင်ပါတယ်” ဟု ပြောဆိုသည်။
မြဝတီမြို့တွင် တရုတ်များ ဝင်ရောက်ကာ လောင်းကစားဂိမ်းများ လုပ်ဆောင်ခြင်း၊ စည်းကမ်းမဲ့ နေထိုင်ခြင်းများအား ဒေသ ခံများက တင်ပြ တိုင်ကြားမှုများ ရှိခဲ့သည့်အပေါ် ဌာနဆိုင်ရာများက ဖြေရှင်းပေးရန် ယခင်ကတည်းက ပြောကြားမှုများ ပြု လုပ်ထားကြောင်း မြဝတီမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ် က ပြောသည်။
ဦးစိန်ဗိုလ်က “လက်နက်ကိုင်ထားတဲ့ သူတွေလည်း ရှိတော့ လုပ်ရတာ အခက်အခဲလေးတွေ နည်းနည်း ရှိတယ်။ အာဏာ ပိုင် အဖွဲ့အစည်းတွေကလည်း ကြပ်ကြပ်မတ်မတ်လေး လုပ်ဖို့သင့်တယ်။ လက်ပိုက် ကြည့်နေလို့ မသင့်ပါဘူး။ စိစစ်ကြပ် မတ် မှလည်း နောက်ပိုင်း ပြဿနာ ဖြစ်တာတွေ မရှိမှာ ” ဟု ဆိုသည်။
မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုဒေသတွင် တရုတ် ကုမ္ပဏီက အကောင်အထည် ဖော်နေသည့် မြို့သစ် စီမံ ကိန်း တခုရှိပြီး တရားဝင် ဗီဇာကိုင်ထားသည့် တရုတ်များ၊ ထိုင်းနိုင်ငံဘက်က တဆင့် ဝင်ရောက် လာသူများ၊ ရှမ်းပြည်နယ်ဘက်မှ လာသူ များရှိပြီး စုစုပေါင်း လူဦးရေ ၃ ထောင် ဝန်းကျင်ခန့် ရှိကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ခြေလွန်လက်လွန် ဖြစ်သွားတဲ့ မြဝတီက တရုတ်မြို့သစ် စီမံကိန်း ဘာဆက်ဖြစ်မလဲ
ရွှေကုက္ကိုမြို့သစ်စီမံကိန်း တိုးချဲ့မှု ရပ်နားထားရဟု ဗိုလ်မှူးကြီး စောချစ်သူပြော
ရွှေကုက္ကိုတွင် အိမ်ရာစီမံကိန်းသာ ခွင့်ပြုထားဟု MIC ပြော