ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်း အရပ် သား ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ အခြေအနေနှင့် ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရန် ပြည်နယ် လွှတ်တော်တွင် အဆိုတရပ် တင်သွင်းသည်။
တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက် သေဆုံးရမှုအပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်၍ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှု အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်သည့် လေ့လာစုံစမ်းရေး အဖွဲ့ ဖွဲ့စည်း၍ စုံစမ်းမှု များ ပြုလုပ်ရန် တိုက်တွန်းကြောင်း အဆိုကို ယမန်နေ့က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ မြောက်ဦး မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခြင်း ဖြစ်သည်။
ဦးထွန်းသာစိန်က“အခုဆိုရင် တိုက်ပွဲဖြစ်ပွားနေတာက ရခိုင်ပြည်နယ် ၆ မြို့နယ် မကဘူး။ မြေပုံ၊ အမ်းတို့ပါဆိုတော့ ၈ မြို့နယ်လို့ ပြောလို့ရပါတယ်။ အဲဒီ ၈ မြို့နယ်အတွင်းမှာ တိုက်ပွဲနဲ့ ဘာမှ မပတ်သတ်ဘဲ အရပ်သား ပြည်သူတချို့ သေဆုံး မှု၊ ထိခိုက် ဒဏ်ရာ ရရှိမှုတွေ ရှိနေတယ်။ အဲဒါကို အစိုးရအဖွဲ့ အနေနဲ့ ဒီသေဆုံးမှုဟာ ဘယ်သူ့ကြောင့် သေရ တာလဲ၊ ဒီ ဒဏ်ရာရသူတွေဟာ ဘာကြောင့် ရကြတာလဲဆိုတဲ့ ကိစ္စတွေကို ပြည်သူတွေကို တိတိကျကျ ချပြဖို့ လိုလာ တဲ့ အတွက် ဒီအဆိုကို တင်သွင်းတာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုကို လွှတ်တော်၌ ဆက်လက် ဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် မတ်တတ်ရပ် စနစ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၂၄ ဦး၊ ကန့်ကွက်သူ ၁၁ ဦး၊ ကြားနေ ၁ ဦး ထွက်ပေါ်ခဲ့သည့် အတွက် အဆိုအား လာမည့် လွှတ်တော် အစည်းအဝေး၌ ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ယခု တင်သွင်းသည့် အဆိုနှင့် ပတ်သက်၍ စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းခြင်းသည် အချိန် စောလွန်းနေသေးကြောင်း လွှတ်တော်အပြီး သတင်း မီဒီယာများသို့ ပြောကြားသည်။
ဗိုလ်မှူးကြီး မင်းသန်းက“ရွာသားနဲ့ AA က ခွဲလို့ မရဘူး။ မရတဲ့အခါ ဒီလို အခြေအနေမှာ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး သွားမယ် ဆိုရင်လည်း အချက်အလက် အမှန် မရနိုင်ဘူး။ ဘာလို့လဲဆိုတော့ AA က အကြောက်တရားနဲ့ ဖိနှိပ်ထား တာ ရှိတယ်။ ရွာသားတွေက အမှန်တရားကို ပြောလို့ မရပါဘူူး။ တချို့အမှန်တရားကို ပြောချင်တာ ရှိတယ်။ ပြောရင် သူတို့ အသတ်ခံရမယ်။ ဒါကြောင့် ရွာသားတွေက AA ဒီလို လုပ်နေပါတယ် ဆိုတာ ပြောခွင့် မရှိနိုင်ပါဘူး။ ဒီလို အခြေ အနေ ဒီအချိန်မှာ စုံစမ်းရေး အဖွဲ့ ဖွဲ့တာ စောလွန်ပါသေးတယ်”ဟု သတင်း မီဒီယာများသို့ ဖြေကြားသည်။
ကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်း၊ ပစ်ခတ်မှု ဖြစ်၍ အရပ်သား ပြည်သူများ သေဆုံးခြင်းနှင့် ပတ်သက်ပြီး တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲ ငြင်းဆိုကြလျက် ရှိနေသည်။
အဆိုပါ ကိစ္စအား ဧရာဝတီက ဗိုလ်မှူးကြီး မင်းသန်းအား မေးမြန်းရာတွင်“တိုက်ပွဲဖြစ်တယ်ဆိုတာ တယောက်နဲ့ တ ယောက် တည့်ပြီး ပစ်ကြတာ မဟုတ်ဘူး။ အကွာအဝေး အတိုင်းအတာ ကိုက် ၂၀၀၊ ကိုက် ၃၀၀ ဒီထက်ဝေးတာလည်း ရှိမယ်။ အဲဒီလို နေရာကနေ ပစ်ကြခတ်ကြတဲ့ အခါမှာ ကျည်ဆန်တွေဟာ ပြန့်ကျဲပြီး ကျတာတွေ ရှိမယ်။ ရွာနားမှာ ကပ် ဖြစ်နေတာ ဖြစ်တဲ့အတွက် ပြည်သူကို သွားသွား ထိတာ။ အဲဒီအတွက်ကြောင့် ပြောချင်တာက AA က ရွာနားမှာ မနေနဲ့။ စစ်သား ဆိုရင် စစ်သားလိုပဲ သွားနေပါ”ဟု ပြောဆိုသည်။
အဆိုရှင် ဦးထွန်းသာစိန်က ကျေးရွာသားများ၏ အသံတခုတည်းကို အခြေခံပြီး စုံစမ်း လေ့လာခြင်းများကို လုပ်ဆောင် မည် မဟုတ်ဘဲ လက်နက်ကြီးထိမှန်သည့် ပတ်ဝန်းကျင်တွင် ကျန်နေခဲ့သည့် ဗုံးဆန်များ၊ အမြောက်ဆန်များ စသည့် ခဲယမ်း မီးကျောက် အစအနများပေါ်တွင်လည်း အခြေခံပြီး စုံစမ်းလေ့လာမည် ဆိုပါက အမှန်တရားတခု ထွက်ပေါ် လာမည် ဖြစ်ကြောင်း ပြောဆိုသည်။
ဦးထွန်းသာစိန်က“ကျနော်တို့က အသံတခုတည်းနဲ့ သွားမှာ မဟုတ်ဘူး။ အဲဒီ ဒဏ်ရာရ သေဆုံးတဲ့သူတွေ၊ အိုးအိမ် ပျက်စီးတဲ့သူတွေရဲ့ နေရာ အနီးတဝိုက်မှာတော့ အမြောက်ကျည်ဆန်တွေ ရှိတယ်။ ဗုံးဆန်တွေ ရှိတယ်။ ပြီးတော့ ဗုံးသီး တွေရဲ့ ပန်ကာတွေ ရှိတယ်။ အဲဒီ အထောက်အထားတွေကို ကျနော်တို့ သေသေချာချာ လေ့လာ စုံစမ်းပြီးတော့ အဲဒါကို ဖော်ထုတ်နိုင်တာပဲ။ ဒီအချိန်မျိုးမှာ ဒါကို လုပ်ဖို့ စောသေးတယ် ဆိုတာကတော့ လက်တွေ့ မကျဘူးလို့ ထင်ပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် (USDP) မောင်တော မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန် ကလည်း ယင်းအဆိုအပေါ် ထောက်ခံ ဆွေးနွေးခဲ့သည်။
လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲကာလ အတွင်း ပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက် သေဆုံးမှုများမှာ တနေ့ထက်တနေ့ များပြားနေကာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက် အထိ သေဆုံးသူ ဦးရေ ၈၀ နှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၂၀ ခန့် ရှိကြောင်း၊ ယင်း ထိခိုက်ဒဏ်ရာရရှိ သေဆုံးသူများသည် စစ်မြေပြင်တွင် သေဆုံး ဒဏ်ရာရခြင်း မဟုတ် ဘဲ မိမိနေအိမ်၊ ကျေးရွာ အတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ အမြောက်ဆန်၊ ကျည်ဆန် ထိမှန်၍ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ဦးထွန်းသာစိန်က လွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။
ထိုသို့ ထိခိုက်သေဆုံးမှုများတွင် အသက်၂ နှစ် အရွယ် လူမမယ်ကလေးများနှင့် သက်ကြီးရွယ်အိုများ အထိ ပါဝင် ကြောင်း ဦးထွန်းသာစိန်က ဆက်လက် ပြောဆိုသည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီ နောက်ဆုံး ထားပြီး ပြည်နယ် လွှတ်တော်ရုံးသို့ အမည်စာရင်း ပေးသွင်းကာ လာမည့် လွှတ်တော် အစည်းအဝေး တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
You may also like these stories:
AA အဖွဲ့ ၏ နည်းပညာသုံး တိုက်ခိုက်မှုများကြောင့် လုံခြုံရေး ပိုဂရုစိုက်ရမည်ဟု တပ်မတော် ပြော
လုံခြုံရေးအရ ရခိုင်အစိုးရအဖွဲ့ စစ်ရှောင်စခန်းများသို့ သွားရောက်နိုင်ခြင်းမရှိ ဟုဆို
ရခိုင်တွင် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲများ ရှိနေ