လာမည့် ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု တန်ဖိုး (GDP) ကို ၈ ဒဿမ ၉ ရာခိုင်နှုန်း တိုးစေရန် စီမံကိန်းများ ရေးဆွဲထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း”အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး က စက်တင်ဘာ ၁၈ ရက်ကလွှတ်တော်၌ တင်သွင်းရာတွင် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဦးမြင့်သောင်းက “၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဒေသန္တရ စီမံကိန်းမှာ ကဏ္ဍအလိုက် ဂျီဒီပီ တိုး တက်ဖို့ အတွက် ရန်ကုန် တိုင်းကို ၈ ဒဿမ ၉ ရာခိုင်နှုန်း တိုးတက်ဖို့နဲ့ နိုင်ငံဂျီဒီပီရဲ့ ၂၅ ဒဿမ ၄ ရာခိုင်နှုန်း ပါဝင်ဖို့ ရည်ရွယ်ထားပါတယ်” ပြော သည်။
စီမံကိန်းပေါင်း ၁၄၉ ခုကို ၂၀၁၉ -၂၀၂၀ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း၌ ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ်ပြီး အဆိုပါ ဥပဒေပါ စီမံကိန်းများနှင့် ပတ်သက်၍ လွှတ်တော်တွင် အသေးစိတ် ဆွေးနွေးကြမည် ဖြစ်သည်။
၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် နှစ်အလိုက် နှိုင်းယှဉ် တွက်ချက်မှုနှုန်းထား အရ ဂျီဒီပီ ကျပ် ငွေ ၃၁၀၄၂ ဒဿမ၄ ဘီလီယံ ရရှိရန် ရည်ရွယ်ထားပြီး ပုံမှန် တွက်ချက်မှုနှုန်း အရ ကျပ် ၂၄၁၀၇ ဒဿမ ၇ ဘီလီယံ ရရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၀ (ခ)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ကသာ တင်သွင်းခွင့် ရှိ သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဒေသန္တရစီမံကိန်း၊ နှစ်စဉ် ရသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်သွင်းရမည်ဟု ပြဋ္ဌာန်းထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၏ GDP တိုးတက်မှုနှုန်း မူလ လျာထား ချက်မှာ ၈ ဒဿမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး ရရှိမှုနှုန်းမှာ ၈ ဒဿမ ၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရ အဖွဲ့က သိရသည်။
ထိုသို့ ရန်ကုန်တိုင်း၏ GDP ၈ ဒသမ ၆ ရာခိုင်နှုန်းမှာ ကျန် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက တိုး တက်မှုနှုန်း အများဆုံး ဖြစ်ကြောင်းလည်း ဆိုထားသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မြို့သစ်စီမံကိန်းများ၊ နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာ၊ အရောင်းအိမ်ရာများ၊ စိုက် ပျိုးရေး၊ မွေးမြူရေး အဆင့်မြှင့်တင်ရန် အတွက် သင်တန်းကျောင်းများ လယ်ယာစီးပွားရေး ဝန်ဆောင်မှု စင်တာ စီမံ ကိန်းများ၊ ငါးကန် ပုစွန်ကန် ဖွံ့ဖြိုးရေး၊ Vocational Training သင်တန်းကျောင်းများ၊ စက်မှုဇုန် စီမံကိန်းများ၊ ရန်ကုန် အထူးစီးပွားရေးဇုန် (Yangon Special Economic Zone) များကိုလည်း ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။