ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူ ကျေးရွာမှ အမျိုးသမီး ၁ ဦး ယမန်နေ့ မွန်းလွဲပိုင်းက မြေမြှုပ်မိုင်း နင်းမိ၍ ဘယ်ဖက်ခြေထောက် ပြတ်ကာ လက်နှစ်ဘက်နှင့် မျက်နှာတို့တွင် ဒဏ်ရာများ ရရှိခဲ့သည့်အတွက် စစ်တွေပြည်သူ့ ဆေးရုံတွင် ကုသမှု ခံယူနေရသည်။
မိုင်းနင်းမိသော အမျိုးသမီးမှာ အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းသန်းနုဖြစ်ပြီး ရွာအနောက်ဘက် တောင်တန်းသို့ မိသားစုဝင်များ နှင့်အတူ မျှစ်သွားချိုးပြီး အပြန်လမ်းတွင် မိုင်းနင်းမိ ခြင် ဖြစ်ကြောင်း သူ၏ အမျိုးသား ဖြစ်သူ ဦးသင်္ခါကျော် က ဆိုသည်။
“ မိုင်းနင်းမိတဲ့ နေရာက ကျနော်တို့ ရွာနဲ့ ၂ မိုင်လောက်ဝေးမယ်။ မျှစ်သွားချိုးပြီး အပြန်၊ ကျနော်နဲ့ ကျနော်တူက ရှေ့ကသွားတယ်။ အမျိုးသမီးက နောက်က ပါတယ်။ ရွာဘက်ကို အဆင်းမှာ ဂျိန်းဆိုပြီး အသံကြားတော့ ဘယ်နေရာက ပစ်တာ လဲ မသိဘူး ဆိုပြီး ဝပ်နေကြတယ်။ ခဏနေတော့ ကျနော် အမျိုးသမီးက ငါသေပြီ ငါသေပါပြီ ဆိုပြီး အော်တယ်။ ကျနော် ပြေးလိုက်သွားတော့ သူ သွေးအိုင် ထဲမှာလဲ နေတာကို တွေ့လိုက်ရတာပဲ ” ဟု သူက ဧရာဝတီသို့ ပြောသည်။
ထိုသို့ ချောင်းတူရွာသူ ဒေါ်သန်းသန်းနုမှာ မိုင်းထိသည့်အတွက် အမျိုးသားဖြစ်သူ ဦးသင်္ခါကျော် က ကျေးရွာသို့ ဖုန်းဆက် အကြောင်းကြားရာ ကျေးရွာသားများက ထမ်းယူကာ ယိုးတရုတ်ရွာ လူမှုကူညီရေး အဖွဲ့ ကားဖြင့် စစ်တွေ ပြည်သူ့ဆေးရုံ သို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း သိရသည်။
ချောင်းတူ ကျေးရွာ၏ အနောက်ဘက်တောင်တန်းမှာ တပ်မတော်နှင့် AA တို့ နှစ်ဘက် စစ်ရေး လှုပ်ရှားသည့် နေမြေ တခုဖြစ်ပြီး ထိုတောင်တန်းတွင် ပြီးခဲ့သော မတ်လအတွင်းက နှစ်ဘက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော နေရာတခု လည်း ဖြစ်သည်။
ဒေါ်သန်းသန်းနု၏ အမျိုးသား ဦးသင်္ခါကျော်က “အဲဒီ နေရာတွေက အန္တရာယ်ရှိမှန်း သိပေမယ့် တောတောင်ကိုမှီခိုပြီး လုပ် ကိုင် စားသောက်နေကြတဲ့ ကျနော်တို့ ရွာသားတွေ တောထဲကို မဝင်ရင် ဘာနဲ့ ထမင်းစားမှာလဲ ၊ အန္တရာယ်ရှိမှန်းသိ လည်း သွားကြရတာပဲ ” ဟု ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း ကျေးရွာသားများမှာ မကြာခဏ မြေမြှုပ်မိုင်း နင်းမိ သည့် ဖြစ်စဉ်များကြောင့် သေဆုံးသူ ၊ ထိုခိုက်ဒဏ်ရာ ရရှိသူများမှာလည်း တဖြည်း ဖြည်း များပြားလာနေသည့်အတွက် မိုင်းနှင့် ပတ်သက်ပြီး အသိပညာ ပေးရန် လိုအပ်နေကြောင် းလည်း လူမှုအဖွဲ့အစည်းများက အကြံပြုကြသည်။
ပြီးခဲ့သော မေလ ၂၄ ရက်ရက်နေ့ကလည်း အဆိုပါ ချောင်းတူ ကျေးရွာသားတဦးဖြစ်သူ ကိုကျော်နိုင် စိုးမှာ ရွာအနောက်ဘက်တောင်းတန်းသို့ ဝါးခုတ်ရန် သွားစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ များ ရရှိခဲ့သည်။
အလားတူ မေလ ၂၁ ရက်နေ့က လည်း ငှက်ပျောချောင်းကျေးရွာသား ၂ ဦး ဖြစ်သည့် ကိုနိုင်ဇော်ဦး နှင့် ကိုမောင်ပုတို့ မှာ အိမ်ဆောက်ရန် တိုင်လုံးများ သွားသယ်ယူရာတွင် မိုင်းနင်းမိ၍ ဒဏ်ရာများ ရရှိခဲ့သလို ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ၎င်းငှက်ပျောချောင်းကျေးရွာနေ မခိုင်စိုးရီမှာ ကျေးရွာအနီး ရှိ စိုက်ခင်းသို့ အဖော်များနှင့်အတူ သံပုရာသီးခူးရန် သွားရောက်စဉ် မြေမြုပ်မိုင်း နင်းမိခဲ့သည့် အတွက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဇွန်လ ၁၁ ရက်နေ့ လည်း ယင်းငှက်ပျော်ချောင်းကျေးရွာအနီးရှိ တည်ရှိသည့် ဖက်ဝန်းချောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံ တဦးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဦးရဲထွန်းမှာ ဇနီးနှင့်အတူ ဟင်းခူးရန် သွားရောက်စဉ် မိုင်းနင်းမိသည့် အတွက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့သော မေလ ၈ ရက်နေ့ကလည်း အဆိုပါ ကျော်တော်မြို့နယ် ခမောင်းကျေးရွာတွင် နေထိုင်သည့် ကိုပန်းအောင်ချေမှာ ရွာ၏ အနောက်ဘက် တန်းတောင်သို့ ဝါးခုတ်ရန် သွားရောက်စဉ် မိုင်းနင်းမိ၍ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည့် အတွက် ကျောက်တော်ဆေးရုံမှနေ တဆင့် စစ်တွေသို့ ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကျောက်တော်တွင် အမျိုးသမီး တဦး မိုင်းထိ
လုံခြုံရေးအရ ရခိုင်အစိုးရအဖွဲ့ စစ်ရှောင်စခန်းများသို့ သွားရောက်နိုင်ခြင်းမရှိ ဟုဆို
ကျောက်တော်က ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးမိုင်းထိ ၁ ဦးသေဆုံး