ရန်ကုန်မြို့ပတ် SCANIA ယာဉ်လိုင်းများကို စက်တင်ဘာလ ၂၃ ရက်မှ စ၍ ယာဉ်အစီးရေ ၂၀ ဖြင့် စတင် ပြေးဆွဲသွားမည် ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) တွဲဖက် အတွင်း ရေးမှူး ဦးလှအောင်က ပြောသည်။
ယာဉ်လိုင်းသစ်၏ ခရီးစဉ်လမ်းကြောင်းမှာ အောင်မင်္ဂလာ အဝေးပြေးမှ နဝဒေး၊ လမ်းဝ၊ ဘုရင့်နောင်၊ ကမ်း နားလမ်း၊ သခင်မြပန်းခြံ ယင်းမှတဆင့် ဗိုလ်တထောင်-ပုဇွန်ထောင် -စံပြဈေး- ဘေလီထိပ်- ပါရမီ- ညောင်ပင်- ဂန္ဓမာ Wholesale မှ အောင်မင်္ဂလာကို ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
YRTA တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က “ပြေးဆွဲတဲ့ အခါမှာ အောင်မင်္ဂလာ အဝေးပြေးကနေ ထွက်ခွာပါမယ်။ ယာဉ်လမ်းကြောင်း နှစ်ကြောင်း ခွဲပြီးတော့ ဘယ် ဖက်၊ ညာဖက်ပတ်ပြီး တပြိုင်နက်တည်း ပြေးဆွဲမယ်။ ဒီ ပြေးဆွဲမှု အပေါ်မူတည်ပြီးတော့ အောက်တိုဘာလမှာ အင်အား ဖြည့်ပြီး ကား ၃၉ စီးနဲ့ ပြေးဆွဲပါမယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ယာဉ်လိုင်းကို City Transit ကုမ္ပဏီက ပြေးဆွဲမည်ဖြစ်ကာ ယာဉ်များမှာ SCANIA အမျိုးအစား ဖြစ်ပြီး၊ တံခါး ၃ ပေါက်ပါရှိသော်လည်း လက်ရှိ ပြေးဆွဲနေသည့် ယာဉ်လိုင်းစနစ်နှင့် ကိုက်ညီစေရန် အတက် အဆင်း စနစ်နှင့် တံခါးပေါက် ၂ ခုသာ ဖွင့်ထားမည် ဖြစ်ကြောင်း ဦးလှအောင်က ရှင်းပြသည်။
“City Transit ကုမ္ပဏီက SCANIA နည်းပညာကို ယူပြီး သူတို့ ပုံဖော်မှာ ဖြစ်တယ်။ ကျနော်တို့ ယာဉ်လိုင်းတွေ အတွက် လည်း နည်းပညာပိုင်း လေ့လာစရာတွေ အများကြီး ရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကားသည် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အတွက် ဝှီးချဲနှင့် အတက်၊ အဆင်း ပြုလုပ်နိုင်သည့် နေရာပါ ရှိခြင်း၊ ကားစထွက်ချိန်နှင့် မှတ်တိုင်ရောက်၍ ကားရပ်ချိန်တွင် မီးအချက်ပြ စနစ်ပါရှိခြင်း၊ ခရီးသည်များအတွက် ယခုကား သည် မည်သည်နေရာတွင် ရပ်မည်၊ မည်သည့်အရပ်သို့ ရောက်မည် အစရှိသည့် သတင်း အချက်အလက်များလည်း ပါရှိ မည် ဖြစ်သည်။
City Transit ကုမ္ပဏီ၏ GM ဒေါ်သန်းသန်းအေးကလည်း “Downtown ဧရိယာပေါ့နော်။ အောင်မင်္ဂလာ ကနေ သခင်မြ ပန်းခြံထိကို တဦး ကျပ် ၅၀၀ ပေါ့။ ဘယ်ဘက်က စီးစီး၊ ညာဘက်က စီးစီး သခင်မြပန်းခြံ အထိဆို ၅၀၀ ပေါ့နော်။ မြို့တပတ်ကတော့ ကျပ် ၁၀၀၀ ဖြစ်တယ်” ဟုဆိုသည်။
City Transit ၏ ပြေးဆွဲမှုသည် ခရီးသွား ပြည်သူများ သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး၊ ထို့အတွက် အချိန်ယူ ကွင်းဆင်းမှုများ ပြုလုပ်ခဲ့ကြေ ာင်း၊ လတ်တလော မြို့ပတ်ခရီးစဉ်ကို လမ်းကြောင်း တကြောင်းတည်း ပြေးဆွဲမှာဖြစ်ပြီး ၊ ပြေးဆွဲချိန်မှာ မနက် ၅နာရီမှ ည ၈နာရီအထိ ဖြစ်ကြောင်း၊ ဂိတ်သို့ ည ၁၁နာရီခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သူက ရှင်းပြသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ အရှုံးပေါ်နေသည့် အခြေအနေများ ရှိနေပြီး ယခု အသစ် ပြေးဆွဲမည့် ယာဉ်လိုင်းသစ်၏ အရှုံးအမြတ် စာရင်းကိုမူ တိတိကျကျ ပြောဆို၍ မရကြောင်း ဒေါ်သန်းသန်းအေးက ဆို သည်။
ယခု အစိုးရ လက်ထက်တွင် မထသ စနစ်ကို ရပ်စဲကာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှ စ၍ YBS စနစ်ကို ပြောင်းလဲခဲ့ပြီး ယာဉ်နံပါတ် ပေးထားသည့် ယာဉ်လိုင်းပေါင်း ၁၀၀ အထိ ရှိသည်။
YBS ယာဉ်များ ပြေးဆွဲလမ်းကြောင်းပေါင်းမှာ ၁၃၀ ကျော်ရှိပြီး ၁ ရက်လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၅၀၀ ဝန်းကျင်ခန့် ပြေးဆွဲနေကာ ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေး နေကြောင်း YRTA စာရင်းများ အရ သိရသည်။
You may also like these stories:
YBS ကတ်စနစ် အတွက် ရည်ရွယ်၍ ဆိုင်ခန်းဆောက်ခြင်းဟု မြို့တော်ဝန်ပြော
အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်
YBS ယာဉ်လိုင်းများ ကတ်စနစ် ငွေပေးချေမှု ၆ လ အတွင်း အသုံးပြုနိုင်မည်
YBS အကောင်းဆုံး ဆုရ ယာဉ်လိုင်း ကုမ္ပဏီများ ဝေဖန်ခံရ