အာဏာရ NLD ပါတီ တရပ်လုံး၏ ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်စေသည့် စာသားများ လူမှုကွန်ရက် Facebook တွင် ရေးသားသည်ဟုဆိုကာ ကာတွန်းဆရာ အတီး(ခ) ဦးနိုင်ဇော်ဦးကို မအူပင်မြို့နယ် NLD ပါတီဥက္ကဋ္ဌက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုသည်။
“ကာတွန်းဆရာ အတီးကို မအူပင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်(ခ) ဦးပြည့်ဖြိုးဇော်က ပုဒ်မ ၆၆ (ဃ) နဲ့ အမှု ဖွင့်ထားတာ ဖြစ်ပါတယ်။ အဓိကတော့ NLD ပါတီ ဂုဏ်သိက္ခာကျအောင်၊ ရွေးကောက်ပွဲကော်မရှင် ဂုဏ်သိက္ခာကျအောင် လူမှုကွန်ရက်မှာ ရေးသားတယ်ဆိုပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆို ခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ကာတွန်းဆရာ အတီး(ခ) ဦးနိုင်ဇော်ဦးမှာ လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် “မအူပင် NLD ပါတီ ပုံရိပ် အမှားများ” ခေါင်းစဉ် ဖြင့် ရေးသားကာ ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပို့စ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ၏ ဂုဏ်သိက္ခာ၊ ရွေးကောက်ပွဲကော်မရှင်၏ ဂုဏ်သိက္ခာနှင့် NLD ပါတီ တရပ်လုံး၏ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသည်ဟုဆိုကာ မအူပင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးမောင်မောင်(ခ) ဦးပြည့်ဖြိုးဇော် က တရားလိုပြုလုပ်၍ စက်တင်ဘာလ ၁၇ ရက်နေ့က မအူပင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်နေ့တွင် တရားလို NLD ပါတီဥက္ကဋ္ဌ ဦးမောင်မောင်(ခ) ဦးပြည့်ဖြိုး ဇော်ကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သလို စက်တင်ဘာ ၁၈ ရက်နေ့တွင် ကာတွန်းဆရာ အတီးကို ခေါ်ယူစစ်ဆေးကာ အာမခံဖြင့် ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။
တရားစွဲဆိုမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သူ မအူပင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးမောင်မောင်(ခ) ဦးပြည့်ဖြိုးဇော်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
တရားစွဲဆိုခံရသည့် ကာတွန်းဆရာ အတီးကမူ “ကျနော့်ကို စခန်းက မနေ့က ခေါ်ယူစစ်ဆေးပြီးတော့ အာမခံနဲ့ ပြန်လွှတ် ပေးပါတယ်။ ကျနော်က မအူပင်မြို့ရဲ့ မြို့မိမြို့ဖ တယောက်အနေနဲ့ အမြင်မတော် တာကို ရေးတာပါ။ မြို့အတွက်ရော သူတို့ (NLD ပါတီ) အတွက်ရော ရေးတာ၊ ထောက်ပြတာကို သူတို့က အခုလို တရားစွဲတာ”ဟု ဧရာဝတီကို ပြောသည်။
ကာတွန်းဆရာ အတီး(ခ) ဦးနိုင်ဇော်ဦးမှာ မအူပင်မြို့တွင် နေထိုင်ကာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်များ ကို ဝေဖန်ထောက်ပြသည့် ကာတွန်းများ ရေးဆွဲနေသော လူသိများထင်ရှားသည့် ကာတွန်းဆရာ ၁ ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီ၏ အောင်နိုင်ရေးတွင်လည်း တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သူ ၁ ဦး ဖြစ်ကြောင်း သိရသည်။
မိမိအပေါ် NLD ပါတီက တရားစွဲဆိုသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုသာ မဲပေး သွားမည် ဖြစ်ပြီး အခြား သူများလည်း NLD ကို မဲပေးစေရန် စည်းရုံးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရားစွဲခံရသူ ကာတွန်းဆရာ အတီး က ပြောသည်။
“ကျနော့်ကို တရားစွဲတဲ့အမှုကို အမှန်တရားဘက်ကနေ အကောင်းဆုံး ရင်ဆိုင်သွားမှာပါ။ အခုလို ရေးတာလည်း မြို့နယ် က သူတို့ရဲ့ ဟာကွက်ကို ထောက်ပြတာပါ။ သူတို့ကို ကောင်းစေချင်လို့ ရေး တာပါ။ ဒီလိုတရားစွဲပေမယ့် ကျနော့် အနေနဲ့ လက်ရှိမှာ NLD ကို မဲပေးဖို့ အားလုံးကို စည်းရုံးနေ တယ်။ ၂၀၂၀ မှာလည်း NLD ကိုပဲ ကျနော် မဲပေးသွားမှာပါ”ဟု သူက ပြောသည်။
မအူပင်မြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေးကလည်း “ကျနော်တို့ အလုပ် အမှုဆောင်အဖွဲ့ကို ည ၈ နာရီလောက်မှာ အရေးပေါ် အစည်းအဝေးခေါ်တယ်။ ကျနော်က ပုသိမ်သွားဖို့ ရှိတဲ့အတွက် အဲဒီအစည်းအဝေးကို ခွင့်တင်ပြီး မတက်ဖြစ်ခဲ့တာကြောင့် တရားစွဲတဲ့ကိစ္စကို သေချာမသိရဘူး။ သို့သော် ဦးအတီးက ၂၀၁၂ လောက်ကတည်းက ပါတီ အောင်နိုင်ရေး လုပ်ကတည်းက ပါဝင်ခဲ့တယ်။ ၂၀၁၅ မှာလည်း လူအစွမ်းရော ကလောင်အစွမ်းနဲ့ရော ကြိုးပမ်းပေးခဲ့သူ တယောက်ဆိုတာတော့ သေချာပါတယ်”ဟု ပြောသည်။
ကာတွန်းဆရာ အတီးကို မအူပင်မြို့နယ် NLD ပါတီက တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ကာတွန်းဆရာ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုမှုများ ရှိနေပြီး လူမှုကွန်ရက်တွင် ကာတွန်းများ ရေးဆွဲ၍ ယင်းလုပ်ရပ်ကို ရှုတ်ချသည့် တုန့်ပြန်မှုများ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
အလားတူ စက်တင်ဘာ ၁၆ရက်နေ့က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၏ ဓာတ်ပုံကို သုံး၍ ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက်တွင် ရေးသားတင်ခဲ့သည့် အကောင့် ပိုင်ရှင် ၂ဦးကို ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားသေးသည်။
ဆက်စပ်ဖတ်ရှု့ရန်
မန္တလေး ဝန်ကြီးချုပ်အား ဂုဏ်သိက္ခာ ကျဆင်းရန် ပြုလုပ်မှုဖြင့် ဖေ့စ်ဘုတ် သုံးသူ ၂ ဦးကို အမှုဖွင့်