အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက တပ်မတော်သည် ပုဒ်မ ၅၉ (စ) ကဲ့သို့သော ပုဒ်မမျိုးကို ထပ်မံ တင်သွင်းရန် ကြိုးစားမှုသည် မြန်မာတနိုင်ငံ တည်း တွင်သာ ရှိသော ထူးခြားမှု ဆိုသည့် ပြောဆိုချက်အပေါ် တပ်မတော်ဘက်မှ ကာကွယ် ပြောဆိုလိုက်သည်။
စက်တင်ဘာလ ၁၇ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက် အဖြစ် ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၂၆၁ (က) တို့ကို ထပ်မံ ဖြည့်စွက်ထားသည့် ဥပဒေကြမ်း တခုကို ဗိုလ်မှူးချုပ် မောင်မောင်က တင်သွင်းခဲ့ပြီး ဒေါက်တာ မြတ်ဉာဏစိုးက ပြောဆိုခြင်း ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က“ကျနော်တို့ နိုင်ငံတခုတည်းကမှ ထူးထူးခြားခြား ပြဋ္ဌာန်း နေတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် ဒီလိုပြဋ္ဌာန်းချက်တွေ ပါနေတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ လုံခြုံ ရေးအတွက် ကိုယ့်နိုင်ငံရဲ့တည်တံ့ခိုင်မြဲမှုအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ရတာ ဖြစ်ပါတယ်”ဟု ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အပြီးတွင် သတင်းထောက်များကို ပြောသည်။
ယင်း ဖြည့်စွက်ချက်မှာ မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါး သော်လည်းကောင်း၊ မိမိဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦး သော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာ ကို ခံယူစောင့်သိရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံ သားဖြစ်သူ မဖြစ်စေရ။
ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်း ကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရဟူ၍ ဖြစ်သည်။
ဗိုလ်မှူးချုပ် မောင်မောင်က“ဒီပုဒ်မ ၂ ခုကတော့ ပြည်ထောင်စု ဝန်ကြီးနဲ့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ နိုင်ငံခြားရဲ့ လွှမ်းမိုးမှုတွေ မပါရအောင် ကျနော်တို့ တင်သွင်းတာ ဖြစ်တယ်။ ဒီလို တင်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နိုင်ငံ မှာပဲ ထူးထူးခြားခြား ရှိနေတဲ့ သဘောမျိုး ပြောသွားပါတယ်။ ဒါကိုတော့ လွှတ်တော် ကိုယ်စားလှယ်ကြီးကတော့ မေ့ လျော့သွားတာ ဖြစ်ပါလိမ့်မယ်”ဟု ယနေ့တွင် ပြောသည်။
တပ်မတော်သည် ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၏ အရည်အချင်း သတ်မှတ်ချက် ထပ်ဖြည့်ခြင်းသည် ပုဒ်မ ၅၉ (စ)ကို ထပ်မံ ချဲ့ထွင်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတွင် ရှိခဲ့ဖူးသည့် ၁၉၄၇ ဖွဲ့စည်းပုံနှင့် ၁၉၇၄ ဖွဲ့ စည်းပုံ ၂ ခုလုံးတွင် ယခုလို နိုင်ငံ အကြီးအကဲပေါ် ကန့်သတ်ချက်မျိုး မပါဝင်ကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက သတင်းထောက်များကို ပြောဆိုခဲ့သည်။
ယခုလို ဥပဒေ ပြဋ္ဌာန်းချက်မျိုးကို ၁၉၄၇ ခုနှစ် ပုဒ်မ ၇၄ (၁) က မှာ ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ လွှတ်တော် အမတ် မဖြစ်ထိုက်သူမှာ နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် ထိုအစိုးရ၏ လက်အောက်ခံ ဖြစ်သူကို သော်လည်းကောင်း၊ ထိုသြဇာခံမှ ကင်းလွတ်ခွင့် ရှိသူဆိုပြီး ဖော်ပြထားကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ယနေ့တွင် ပြောဆိုသည်။
ဗိုလ်မှူးချုပ် မောင်မောင်က“ကျနော်တို့ သြစတြေးလျ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄ မှာဆိုရင် လွှတ်တော် ကိုယ်စားလှယ် မဖြစ်ထိုက်သူ ဆိုပြီး သတ်မှတ်ထားတာ နိုင်ငံခြား တိုင်းပြည်တခုအား သစ္စာခံသူ၊ လက်အောက်ခံ ဖြစ် သူ၊ ထောက်ခံသူဖြစ်တယ် ဆိုပြီးတော့ ဒီလို သြစတြေးလျ နိုင်ငံရဲ့ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာ ရှိပါတယ်”ဟု ဆို သည်။
၎င်းက ဆက်လက်၍“ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာက ကိုယ့်ရဲ့ နိုင်ငံကို အုပ်ချုပ်ဖို့ နိုင်ငံတော် အစိုးရ နဲ့ နိုင်ငံသူ နိုင်ငံသားတွေ ကြားမှာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ဥပဒေတွေ ဖြစ်ပါတယ်။ ဒီလိုတွေ ဟာ ကိုယ့်နိုင်ငံရဲ့ အနေအထားကို ကြည့်ပြီးတော့ ပြဋ္ဌာန်းကြတာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်ခွင့် ကန့်သတ်ထားသည်ဆိုသော ယင်းပုဒ်မ ၅၉ (စ) ကို ဖျက်သိမ်းရန် လွှတ်တော်တွင်း ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီသို့ NLD ပါတီက အဆိုပြုထားပြီး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ပုဒ်မ ၅၉ (စ)ကို ပြီးခဲ့သည့် လွှတ်တော်တွင် မပြင်ဆင်နိုင်ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ နိုင်ပြီး အစိုးရ ဖွဲ့စည်းလာနိုင်သည့် အချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး တာဝန် ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်း၍ ဒေါ်အောင်ဆန်းစုကြည်ကို ထိုရာထူး ခန့်အပ်ပြီး နိုင်ငံတွင် နံပါတ်၂ နေရာကို ရယူနိုင်ခဲ့ သည်။
ယင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းစဉ်ကလည်း တပ်မတော်က လွှတ်တော်တွင် အပြင်း အထန် ကန့်ကွက်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်၍ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ကမူ လွှတ်တော်တွင် အခွင့်ကြုံတိုင်း ယင်းဥပဒေကြမ်းကို ဥပမာပေး၍ ကန့်ကွက် ပြောဆိုလေ့ ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားသည် ဆိုသော ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးကို လုံးဝ လက်မခံ ကြောင်း အမျိုးသားရေး အင်အားစု ဆိုသူများကလည်း ရန်ကုန်နှင့် မြို့ကြီးတချို့အပါအဝင် တနိုင်ငံလုံးတွင် ကန့်ကွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။