ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှ လယ်သမား ၈ ဦးကို ဒေသတွင်း လုပ်ငန်းရှင် ဒေါက်တာမြင့်စိန် လုပ်ကိုင်ခွင့်ရ မြေအတွင်း ကျူးကျော်ကာ စပါးများ စိုက်ပျိုးခြင်း၊ ဝါးပင်များ ခုတ်လှဲခြင်းများ ပြုလုပ် သည်ဟုဆိုပြီး မအူပင်မြို့နယ်တရားရုံးက စက်တင်ဘာ ၁၈ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက ၅၅၀ ကို အော့ချက်ဒ်ကုမ္ပဏီက ၁၉၉၉ ခုနှစ်တွင် သိမ်းယူပြီး ငါးကန်တူးဖော်ကြောင်း၊ သို့သော် ငါးမွေးမြူခြင်း မရှိသည့် အတွက် လယ်သမားများက ၂၀၁၃ ခုနှစ်တွင် ဝင်ရောက်ထွန်ယက်စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ လယ်သမားများကို အော့ချက်ဒ်ကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ဖြင့် တရားစွဲဆိုခဲ့ရာ တရားရုံးတွင် ၂ နှစ်ခန့် ကြားနာပြီးနောက် မအူပင်မြို့နယ်တရားသူကြီး ဒေါ်သင်းသင်းသော်က ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“တရားရုံးတော်က ချမှတ်တဲ့ပြစ်ဒဏ်က များတယ်လို့ ပြောချင်တယ်။ အခု ပြစ်ဒဏ် ချခံရတဲ့သူတွေက မူလပိုင်ရှင်တွေပါ။ သူတို့က လျော်ကြေးတွေလည်း မရခဲ့ပါဘူး။ ငါးကန်ကြီးကလည်း ပစ်ထားတဲ့ ငါးကန်ကြီးပါ။ အဲဒီငါးကန်ကြီးကို လွတ်ပြီ ဆိုပြီး သူတို့ ဝင်လုပ်ကြတာပါ။ မူလပိုင်ရှင်တွေ ဖြစ်တဲ့ အတွက် တရားရုံးတော်က သက်ညှာဖို့တော့ သင့်ပါတယ်”ဟု လယ်သမားများ၏ ဥပဒေ အကျိုးဆောင် အထက်တန်းရှေ့နေ ဦးသိန်းမောင်က ပြောသည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အများဆုံး ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်၊ (သို့မဟုတ်) ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည့် အတွက် မအူပင် တရားရုံးမှ ဒေါ်ပြုံးစိန် အပါအဝင် လယ်သမား ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ ခြင်းမှာ ယင်းဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူ လယ်သမားများမှာ မလက်တို ကျေးရွာအုပ်စု၊ ပလောင်ကျေးရွာမှ ဒေါ်ပြုံးစိန်၊ ဦးကျော်ခင်၊ ဦးကျော်ဌေး၊ ဦးငြိမ်းမောင်၊ အဒိတ်ကျေးရွာမှ ဦးကိုဆွေ၊ ဦးသံလုံးနှင့် ကွန်ဒိုင်းလေးကျေးရွာမှ ဦးကံမြင့်နှင့် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှ ဦးမိုးကျော်တို့ ဖြစ်ကြောင်း သိရသည်။
ထို ၈ ဦးထဲမှ ဦးငြိမ်းမောင်မှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့်လည်း ဖမ်းဆီး တရားစွဲ ခံနေရသည့်အတွက် မအူပင်အကျဉ်းထောင်၌ ချုပ်နှောင်ခံနေရသည့် ကာလမှာပင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
“လယ်သမား ဒေါ်ပြုံးစိန်ပါ ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်ပါတယ်။ ကျမနဲ့ ဦးဆန်းဝင်းကိုတော့ ဒီအမှုမှာ မပါဝင်တဲ့ အတွက်ဆိုပြီး အမှုကနေ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့တယ်”ဟု ဒေါ်တင်တင်အေး(ခေါ်) စနေမက ဧရာဝတီကို ပြောသည်။
တရားသူကြီးက လယ်သမား ၈ ဦးကို ထောင်ဒဏ်များ ချမှတ်ပြီးချိန်တွင် ရဲအင်အားများစွာဖြင့် လယ်သမား များကို အချုပ်ကားပေါ်သို့ ချက်ခြင်း တင်ဆောင်ကာ မအူပင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
“ဒီအမှုမှာ ကျနော်တို့ လယ်သမားတွေ တရားရုံးချိန်းတွေမှာ တင်ပြခဲ့တဲ့ သက်သေ အထောက်အထား အချက် အလက်တွေကို ထည့်သွင်းစဉ်းစားတာ မရှိဘဲ တရားလိုရဲ့ စွပ်စွဲချက်တွေကိုပဲ အဓိက အားပြု ပြီး ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့အတွက် ကျနော်တို့ လုံး၀ မကျေနပ်ပါဘူး။ ဒီအမှုကို မအူပင်ခရိုင် တရားရုံးကို အယူခံ ဆက်တက်သွားပါမယ်။ မရှိဆင်းရဲသား လယ်သမားတွေ အရမ်း ဒုက္ခရောက်နေ တဲ့အတွက် အထက် အဆင့် တရားသူကြီးများ မှန်ကန်စွာ ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု ထောင်ဒဏ် ချမှတ်ခံရသည့် ဒေါ်ပြုံးစိန်၏ ခင်ပွန်းဖြစ်သူ ဦးဆန်းဝင်းက ပြောသည်။
မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက ၅၅၀ ကို စစ်အစိုးရ လက်ထက် ၁၉၉၉ ခုနှစ်တွင် မြေအောက်ရတနာ ဖော်ထုတ်ရေး စီမံချက်အရ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တဆင့် ဒေါက်တာ မြင့်စိန် ပိုင်ဆိုင်သည့် အော့ချက်(ဒ်) ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထား ပေးခဲ့ရာ ကုမ္ပဏီအနေဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဧက ၅၅၀ ကို တာဘောင်ပတ်၍ ငါးကန်တူးဖော်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင် စစ်အစိုးရမှ ဒေါက်တာမြင့်စိန်၏ အော့ချက်(ဒ်) ကုမ္ပဏီကို မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့် နှစ် ၃၀ ဂရန် ဆက်လက် ချထားပေးခဲ့ကြောင်း သိရသည်။
ထိုကုမ္ပဏီသည် မြေယာများ သိမ်းယူစဉ်က မြေယာ အစားထိုးပေးခြင်း၊ လျော်ကြေး ပေးခြင်း မရှိသည့် အတွက် တောင်သူ များမှာ နစ်နာမှုများ ရှိခဲ့သည်။ ထိုသို့ သိမ်းယူပြီး ၁၀ နှစ်ခန့်ကြာသည် အထိ မည်သည့် စီမံကိန်းမှ လုပ်ဆောင်ခြင်း မရှိ သဖြင့် မြေသိမ်းခံရသည့် လယ်သမားများက ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ထိုမြေများအတွင်း ဝင်ရောက် ထွန်ယက် စိုက်ပျိုးရန် ကြိုးပမ်းမှုများကြောင့် ကုမ္ပဏီ၏ တရားစွဲမှုကို ခံခဲ့ကြရသည်။
မြေသိမ်းခံ ပလောင်ကျေးရွာမှ လယ်သမားများသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အော့ချက်(ဒ်) ကုမ္ပဏီ လုပ်ပိုင်ခွင့်ရ မြေ ဧက ၅၅၀ အတွင်း ဝင်ရောက် ထွန်ယက်ရန် ကြိုးပမ်းသည့်အတွက် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။
အဆိုပါ အဓိကရုဏ်းဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့သလို ဒေသခံ ၂၈ ဦး ဒဏ်ရာရရှိခဲ့ရာ ရဲတပ်ဖွဲ့က ဒေသခံ ကိုမြင့်ဦး အပါအဝင် လူ ၉ ဦးကို လူသတ်မှုဖြင့် ဖမ်းဆီး အရေးယူခဲ့ပြီး မအူပင်ခရိုင် တရားရုံးက ကိုမြင့်ဦးနှင့် ကိုမောင်စိုးတို့ ကို ထောင်ဒဏ် ၅ နှစ်စီ၊ ကျန်လူများကို ထောင်ဒဏ် ၂ နှစ်နှင့် ၃ နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။
လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် ဒေသခံများအား အော့ချက်(ဒ်) ကုမ္ပဏီမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေပုဒ်မ ၂၆၊ ၂၇ တို့ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည့် အတွက် အဆိုပါအမှုများကို ထောင်အတွင်းမှ ရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်များ ထပ်မံချမှတ်ခြင်း ခံခဲ့ရသည်။
လက်ရှိအချိန်အထိ ပလောင်ရွာမှ ဒေသခံ ကိုကျော်မင်းနှင့် ကိုမင်းတင်တို့မှာ မအူပင်အကျဉ်းထောင်၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေအရ ထောင် ၂ နှစ် ပြစ်ဒဏ်ကို ဆက်လက် ကျခံနေရဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ပလောင်ကျေးရွာ အဓိကရုဏ်း ဖြစ်ပွားပြီးနောက်ပိုင်း ပလောင်၊ အဒိတ်နှင့် ကွန်တိုင်းလေး ကျေးရွာမှ မြေသိမ်းခံ လယ်သမားများနှင့် မြေယာမဲ့ မိသားစုများမှာ အော့ချက်(ဒ်) ကုမ္ပဏီ သိမ်းယူထားသည့် မြေ ၅၅၀ ဧကအတွင်း ဝင်ရောက်၍ လယ်သမား မိသားစု ၁ စုလျှင် မြေ ၃ ဧကစီ ခွဲဝေကာ လယ်ယာမြေများ ဖော်ထုတ်ပြီး လယ်သမားမိသားစု ၁၂၀ မှ နွေစပါး စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။
ထို့ကြောင့် အော့ချက်(ဒ်) ကုမ္ပဏီ စီမံခန့်ခွဲမှုဒါရိုက်တာ ဒေါက်တာ မြင့်စိန်မှ သူရ ဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ ဆန်းစစ်လေ့လာ သုံးသပ်ရေးကော်မရှင်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနများထံ တိုင်တန်းခဲ့ရာ ကော်မရှင်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ ညွှန်ကြားမှုများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထပ်ဆင့် ညွှန်ကြားမှုများ ဆောင်ရွက်ခဲ့သည့်နောက် ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပသည့် ကက်ဘိနက် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဒေါက်တာမြင့်စိန်၏ အော့ချက်(ဒ်) ကုမ္ပဏီကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေအရ နှစ် ၃၀ ဂရန်ဖြင့် ဆက်လက် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ခွင့်ပြုခဲ့ပြီးနောက် ဒေါက်တာမြင့်စိန်၏ အော့ချက်(ဒ်) ကုမ္ပဏီဝန်ထမ်းတဦးမှ ဒေသခံ လယ်သမားများကို အဆိုပါ ငါးကန်ဧက ၅၅၀ အတွင်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးသည်ဟုဆိုကာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ၊ ရေချိုငါးလုပ်ငန်းဥပဒေတို့ဖြင့် မအူပင်မြို့နယ်တရားရုံးတွင် ၂၀၁၇ ခုနှစ်မှစတင်၍ တရားစွဲဆိုခဲ့သည့် အတွက် ဒေသခံလယ်သမား ၂၈ ဦးမှာလည်း မြို့နယ်တရားရုံးတွင် ဆက်လက် တရားရင်ဆိုင် နေရဆဲဖြစ်သည်။
You may also like these stories:
မြေလွတ်မြေရိုင်းဥပဒေဖြင့် တရားစွဲခံ လယ်သမား ၈ ဦးအား ညောင်တုန်းတရားရုံး တရားသေလွှတ်ပေး
သိမ်းဆည်း မြေယာများ ပြန်ရရေး လယ်သမားများ မျှော်လင့်နေ
ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားသည့် လယ်သူမတဦး တရားစွဲ စစ်ဆေးခြင်းခံနေရ