သတင်း

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၁ နှစ် ချမှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံ ဟောပြောပွဲတွင် တပ်မတော်ခေါင်းဆောင်များ ကို ဝေဖန်သည် ဟုဆိုကာ ပုဒ်မ ၅၀၅ (က) အရ တပ်မတော်၏ တရား စွဲဆိုခံထားရသော ဗိုလ်ကြီး ဟောင်းနေမျိုးဇင်ကို တိုက်ကြီးမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း သိရသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် တိုက်ကြီးမြို့နယ်တွင် ဧပြီလအတွင်းက ပြုလုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ထောက်ခံ ဟောပြောပွဲ္ပ၌ တပ်မတော် ခေါင်းဆောင်များကို ပြောဆို ဝေဖန်ခဲ့သဖြင့် တပ်မတော်ကို အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅(က) ဖြင့် တရားစွဲခံခဲ့ရပြီး ၅ လကျော် တရား ရင်ဆိုင် အပြီး ထောင်ဒဏ် ၁ နှစ်ကျခံရန် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ ဇနီးဖြစ်သူ မဇင်မျိုးမော်က ပြောသည်။

မဇင်မျိုးမော်က “တရားသူကြီးက တရားလိုဘက်က လျှောက်လွှဲချက်တွေရော ကိုနေမျိုးဇင်ဘက်က လျှောက်လွှဲတာ တွေကို ပြန်ဖတ်ပြပြီးတော့ ထောင်ဒဏ် ၁ နှစ် အမိန့် ချလိုက်တာပါ။ မကျေနပ်လို့ရှိရင် အထက်ရုံးကို အယူခံ ဝင်လို့ ရပါတယ်လို့ ပြောတယ်။ ကိုနေမျိုးဇင်ကတော့ သူအယူခံ မဝင်တော့ဘူး တဲ့။ သူ့ကို အခုလို ပြစ်ဒဏ် ပေးတာကတော့ မဖြစ်သင့် မဖြစ်ထိုက်ဘူးလို့ပဲ ယူဆတယ်။ သူပြောတာ က ဘယ်တပ်မတော်သားကို မဆို ကောင်းစေချင်တဲ့ ဆန္ဒနဲ့ ပြောခဲ့တာ။ တပ်မတော် တခုလုံးကို ကောင်းစေချင်တဲ့ ဆန္ဒနဲ့ပဲ ပြောခဲ့တာပဲလေ” ဟု ရှင်းပြသည်။

အမိန့်ချမှတ်ခံရပြီး တရားရုံးအထွက်တွင် မိမိကို ယခုလို ထောင်ဒဏ် ချမှတ်မည်ကို သိပြီးသား ဖြစ် ကြောင်း၊ ယနေ့တရား စီရင်ရေးကို အရှိတိုင်း သုံးသပ်ရလျှင် တရားရေးဌာန၏ အမှတ်သင်္ကေတ ဖြစ်သည့် ချိန်ခွင်ပင် မရှိကြောင်း၊ ထို့အတွက် မိမိအနေဖြင့် တရားရုံးသို့ စစ်ဖိနပ်ကို တိုက်သည့် ကီဝီဖိနပ်ဆေးဘူးဓာတ်ပုံကို ပြခဲ့ကြောင်း ကိုနေမျိုးဇင်က  Facebook မှ တဆင့် ပြောသည်။

မိမိတို့ တိုင်းပြည်တွင် စစ်မှန်သော လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့် မရှိသေးကြောင်း၊ မိမိ ဝမ်းနည်းရသည်က ယခုလို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့သည့် ဒီမိုကရေစီ အစိုးရလက် ထက်တွင် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ပြောဆိုခဲ့ကြသူများ အဖမ်းခံရ၊ အကြမ်းဖက်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အချုပ်အချယ် ခံနေရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကိုနေမျိုးဇင်က “နောက်ဆုံး အကြံပြုချင်တာက ကျနော်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ နောက်ဆုံး အဖမ်းခံရသူ ဖြစ်စေချင်ပါတယ်။ ဖြစ်ချင်တယ်။ နောက်ထပ် အဖမ်းမခံရအောင် တိုက်ပွဲဝင်ကြပါ။ နိုင်ငံသားအားလုံးနဲ့ တပ်မတော်သား အားလုံးကို မှာချင်တာက ကျနော်တို့ ပြည်သူပြည်သား အားလုံး ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ပဲ ဖြစ်စေချင်ပါတယ်။ တပ်မတော်ကို အမြင်မှန် ရစေချင် ပြီး တိုင်းပြည်ကို အကျိုးပြုတဲ့ တပ်ပဲ ဖြစ်စေချင်တယ်။ ပြည်သူ့အစိုးရရဲ့ အမိန့်ကို နာခံတဲ့ တပ်မတော် ဖြစ်ဖို့ ကြိုးစားစေချင်တယ်” ထောက်ပြသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော် လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တတရားကို မလေး စားခြင်း သော်လည်းကောင်း၊ ပျက်ကွက်ခြင်း သော်လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေ တန်ရာသည့် အကြောင်းရှိလျှင်၊ ပုဒ်မ ၅၀၅ (ခ) ပြဋ္ဌာန်းချက်တွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေး ကို ဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်း ကောင်း၊ အများပြည်သူ၏ သီးခြားလူစုက ိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေ တန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကိုနေမျိုးဇင်ကို စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တရားရုံး၊ ဧရာဝတီတိုင်း၊ ဝါးခယ်မြို့နယ် တရားရုံးတို့တွင် တပ်မတော်အရာရှိများက ပုဒ်မ ၅၀၅ (က)ဖြင့်ပင် ထပ်မံ တရားစွဲဆိုထားသဖြင့် ဆက်လက် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ခင်ဦးမြို့နယ်တွင် ရင်ဆိုင်နေရသည့် အမှုကို အောက်တိုဘာလ ၁ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ပြီး ဝါးခယ်မမြို့နယ်တွင် ရင်ဆိုင်နေရသည့်အမှုကို ယခုလ ၂၆ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည်။

You may also like these stories:

တပ်မတော်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဝါးခယ်မတရားရုံးတွင် ထပ်မံတရားစွဲ

နေမျိုးဇင် သို့မဟုတ် စနစ်ဆိုးကို အံတုသူ

ဦးနေမျိုးဇင်ကို အကြည်ညိုပျက်စေမှုဖြင့် ပြစ်ဒဏ်ချ

Did you find apk for android? You can find new Free Android Games and apps.
Loading