သတင်း

မှတ်ပုံတင် အတုဖြင့် ကျောက်မျက်ပွဲ လာသည့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေ

မြန်မာနိုင်ငံသား နိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်ကတ်) အတု ကိုင်ဆောင်၍ နေပြည်တော် ကျောက်မျက်ပြပွဲသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီး၍ အမှုဖွင့် စစ်ဆေးနေကြောင်း နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် အမှတ် (၁) မြို့မ ရဲစခန်း က ပြောသည်။

“အခုက ချုပ်ရမန် ၁၅ ရက် ယူထားတယ်။ သူတို့က ဗမာစကား နားလည်မတော့ ဘာသာပြန် အကူအညီနဲ့ စစ်နေရ တာပါ။ စစ်လို့ မပြီးသေးပါဘူး”ဟု ဇမ္ဗူသီရိ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ယနေ့ ဧရာဝတီကို ပြောပြသည်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကလည်း နေပြည်တော် ကျောက်မျက်ပြပွဲသို့ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်အတု ကိုင်ဆောင် ဝင်ရောက်သည့် တရုတ်နိုင်ငံ သား ၃ ဦးကို ဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် သတင်းထောက် များကို ပြောသည်။

ဦးသိန်းဆွေက“သူတို့ ဘယ်ကနေ ဒီနိုင်ငံသားအတု ကတ်ပြားတွေ ရတာလဲ။ ပြီးရင် ဥပဒေနဲ့အညီ ဆက်ပြီးတော့မှ ဆောင်ရွက်သွားပါမယ်။ သူတို့ သိရဲ့သားနဲ့ ဆောင်ရွက်တာလား၊ မသိဘဲနဲ့ ဆောင်ရွက်တာလား ဒါလေးကို စိစစ် ပြီးတော့မှ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပနေသော ၂၀၁၉ နှစ်လယ် ကျောက်မျက် ပြပွဲ သို့ စက်တင်ဘာလ ၁၆ ရက်၌ တရုတ်နိုင်ငံသား ၃ ဦးက နိုင်ငံသားစိစစ်ရေး ကတ်ပြား အတုများ ကိုင်ဆောင်၍ ဝင်ရောက် ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲအဝင် လုံခြုံရေးဂိတ်မှ တာဝန်ကျ လူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိများက မှတ်ပုံတင်ကို သံသယရှိ၍ မှတ်ပုံ တင် နံပါတ်ပါ သက်ဆိုင်ရာ မြို့နယ် လဝက ရုံးနှင့် ဆက်သွယ် အတည်ပြုရာမှ အတုဖြစ်သည်ကို သိရှိရခြင်း ဖြစ် ကြောင်း ဇမ္ဗူသီရိမြို့နယ် လဝက ဦးစီးဌာနက ပြောပြသည်။

ဆက်လက် စစ်ဆေးရာတွင် ၎င်းတို့သည် တရုတ်နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများဖြစ်သော ကွမ်းရှီး ပြည်နယ် နေ အသက် ၃၀ အရွယ် ဖုန်းကျင်းရှိ (Mr. Feng JinXiu)၊ အသက် ၂၆ နှစ်အရွယ် ဖုန်ကျင်းဟိုင် (Mr Feng JinHai)၊ အသက် ၃၁ နှစ်အရွယ် ကျန်ကျောင်းဟန် (Mr. Zhang ChaoHan) တို့ ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည် ကိုလည်း တွေ့ရှိရသည်။

ယင်းသို့ မှတ်ပုံတင်အတု ကိုင်ဆောင်သည့် အတွက် အရေးယူပေးရန် ဇမ္ဗူသီရိမြို့နယ် လဝက အရာရှိက တရားလို ပြုလုပ် တိုင်ကြားခဲ့သည့် အတွက် တရုတ်နိုင်ငံသား ၃ဦးကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်း တွင် လိမ်လည်မှု၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှုတို့ အတွက် ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈၊ ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်) အက်ဥပဒေ ၁၃ (၁) တို့ဖြင့် အမှုဖွင့်၍ ဖမ်းဆီး စစ်ဆေးနေသည်ဟု ဆိုသည်။

အမှုဖွင့်ထားသည့် ပြစ်မှုများ ကျူးလွန်ကြောင်း စစ်ဆေး ပေါ်ပေါက်ပါက အဆိုပါ တရုတ်နိုင်ငံသားများသည် ရာဇသတ် ကြီး ပုဒ်မ ၄၂၀၊ ၄၆၈ တို့အရ ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း၊ ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်) အက်ဥပဒေ ၁၃ (၁)အရ အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၅ နှစ်အထိ ဖြစ်စေ၊ အနည်းဆုံး ငွေဒဏ် ၁၅၀၀ ကျပ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ထို့ပြင် လဝက အက်ဥပဒေ ၄(၂) အရ ပြည်ဝင်ခွင့် ဗီဇာ စည်းကမ်းများကို ဖောက်ဖျက်သူအား နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ဖြင့် တိုင်းပြည်မှ နှင်ထုတ်နိုင်သည်ဟုလည်း ဆိုသည်။
ယူရို ငွေဖြင့် ရောင်းချမည့် ကျောက်မျက်ပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမတွင် စက်တင်ဘာလ ၁၆ ရက်မှ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ကျောက်စိမ်းအတွဲ ၇၈၀၀ ကျော်နှင့် ကျောက်မျက်အတွဲ ၄၈၀ ကျော်ကို ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲသို့ တရုတ်နိုင်ငံမှ ကျောက်မျက် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ အများဆုံး လာရောက်ကြပြီး စုစုပေါင်း လူဦးရေ ၃၀၀၀ ခန့် တက်ရောက်ကြောင်း ပြပွဲကျင်းပရေး ကော်မတီက ပြောသည်။

ယခုပြပွဲသို့ ကျောက်မျက်လုပ်ငန်းနှင့် မသက်ဆိုင်သူများကို ဝင်ရောက်ခွင့်ပြုမထားဘဲ သံရုံးများ၊ ကျောက်မျက် အသင်း အဖွဲ့များ၊ ကုမ္ပဏီများသို့ တရားဝင် ဖိတ်ကြားထားသူများကိုသာ သတ်မှတ်နှုန်းထား ပေးသွင်းစေ၍ ခွင့်ပြု ထားကြောင်း ကျောက်စိမ်း လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူက ပြောပြသည်။

ဖိတ်ကြားခြင်းမခံရသော ဝင်ရောက်လိုသူများကိုလည်း ပြည်တွင်းပြည်ပ ကျောက်မျက် ကုမ္ပဏီ တခုခုအား တာဝန်ခံ စေ၍ လေ့လာသူအဖြင့် တရက်လျှင် ငွေကျပ် ၂ သိန်း ပေးသွင်းစေကာ ဝင်ရောက်ခွင့် ပြုထားကြောင်းလည်း ဆိုသည်။

နေပြည်တော်တွင် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲတိုင်းသို့ တရုတ် နိုင်ငံသားများကသာ အများဆုံး လာရောက် ဝယ်ယူလေ့ ရှိကြောင်း သိရသည်။

You May Also Like These Stories:

မန္တလေး ကျောက်မျက်ပွဲ ကျပ်သိန်းပေါင်း ၆၇၀ဝ ခန့်နှင့် ဒေါ်လာ ၅၀၀၀ ဖိုး ရောင်းရ

နေပြည်တော် ကျောက်မျက်ပွဲ ကျပ်သန်း ၅သောင်းနီးပါး ရောင်းရ

Loading