တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ပြည်ပ အကူအညီ အထောက်အပံ့များ၊ ငွေကြေးများ ရယူရာတွင် အစိုးရ၏ခွင့်ပြု ချက် အရင်ယူရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် (PC) အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက ပြောသည်။
ဒု ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက“ကျနော်တို့ရဲ့ တိုင်းပြည်ကို တခြားတော်တော်များများ တိုင်းပြည်တွေကရော၊ အဖွဲ့ အစည်းတွေကရော ငြိမ်းချမ်းရေးအတွက် ငွေတွေ ကူနေကြတာရှိတယ်။ ဒါပေမယ့် သူတို့ ဖော်ပြတဲ့ ကိန်းဂဏန်းတွေ က တော်တော်များတယ်။ သူတို့နည်း၊ သူတို့ဟန်နဲ့ ပေးတာလည်း ရှိနေမှာပေါ့။ ဒါပေမယ့် တရားဝင်ရတာက တော်တော် နည်းတယ်”ဟု ပြောဆိုသည်။
အစိုးရ၏ မူဝါဒအရ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များပင်လျှင် နိုင်ငံခြားအဖွဲ့ အစည်း များနှင့် တိုက်ရိုက်ဆက်ဆံ၍ မရဘဲ နိုင်ငံတော် အစိုးရမှတဆင့် ဆက်ဆံရကြောင်း၊ ယခု ကန့်သတ်ချက်သည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ကန့်ကွက်လိုသည့် သဘော မဟုတ်သော်လည်း တိုက်ရိုက် ဆက်ဆံ ခြင်းသည် မဖြစ်သင့်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်က ပြောသည်။
ထို့ကြောင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား အဖွဲ့ ၁၀ ဖွဲ့ထံသို့ စက်တင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ငြိမ်းချမ်းရေး ကော်မရှင်က အကြောင်းကြားရာတွင် နိုင်ငံတကာ အကူအညီ၊ အထောက်အပံ့များ ရယူလိုပါက တိုက်ရိုက် ဆက်သွယ် ညှိနှိုင်းခြင်း မပြုလုပ်ဘဲ အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ ဦးစွာတင်ပြ၍ ခွင့်ပြုချက် တောင်းခံရမည်ဟု ပါရှိသည်။
အစိုးရအနေဖြင့် ဝင်လာသည့် နိုင်ငံခြားငွေများကို စောင့်ကြည့်ချင်သည့် သဘောဖြစ်သလို လုပ်ရမည့် တာဝန်လည်း ရှိကြောင်း၊ တရားဝင် တင်ပြတောင်းခံမည် ဆိုပါက အစိုးရအနေဖြင့် ကန့်ကွက်ရန် မရှိဘဲ ညှိနှိုင်းဆောင်ရွက်၍ ခွင့်ပြု ပေးမည် ဖြစ်ကြောင်း၊ ငြင်းဆိုရန် ဖြတ်တောက်ရန် ဆိုသည့် သဘောထားမျိုး မရှိကြောင်း ဒု ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး က ပြောသည်။
“ဘယ်အဖွဲ့အစည်းကို ဘယ်လောက်ပေးလဲ ဆိုတာ သိချင်သလို အဲဒီအဖွဲ့အစည်းကလည်း ငြိမ်းချမ်းရေးနဲ့ အကျိုးပြု လုပ်ငန်းတွေမှာ သုံးမယ်ဆိုတာကို တာဝန်ခံရမယ်၊ တာဝန်ယူရမယ်။ ဥပမာ ငြိမ်းချမ်းရေး အတွက် ဒေါ်လာ ၁ သန်း ပေးလိုက်တယ်။ အဲဒါကို သေနတ် ဝယ်လိုက်သလား။ လူသစ်စု လိုက်သလား။ ဘာလုပ်လိုက်သလဲ ဆိုတာကို အစိုးရက မသိဘူး”ဟု ၎င်းက ဆက်ပြောသည်
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) ဗဟို ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက NRPC ၏ ခွင့်ပြုချက် ယူရမည် ဆိုသည့် ကိစ္စမှာ ကောင်းသည်ဟု မခံစားရကြောင်း၊ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရလိမ့်မည်ဟူသော မျှော်လင့် ချက် ဖြင့် NCA လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားအဖွဲ့များက ပြည်သူလူထု အတွက် အလုပ်လုပ်ချင် သဖြင့် အလှူရှင်များဆီသို့ တိုက်ရိုက်ချဉ်းကပ်ရခြင်း ဖြစ်ကြောင်း ပြောသည်။
“ကျမတို့ လွတ်လွတ်လပ်လပ် လုပ်ချင်တယ်။ ကျမတို့က ဖက်ဒရယ်စနစ်ကို သွားမယ်လို့ ကြိုးပမ်းနေတဲ့ကာလမှာ ဟို အကန့်အသတ် ဒီအကန့်အသတ် လုပ်တာမျိုးတွေ မဖြစ်စေချင်ဘူး။ NRPC ကနေပြီးတော့မှ တဆင့်သွားရမယ် ပြော တာမျိုးတော့ ကျမတို့ကို ဘောင်ထဲသွင်း သွားသလိုမျိုး ခံစားရတယ်”ဟု ၎င်းက ဆိုသည်။
ဒေါ်စောမြရာဇာလင်းက ဆက်၍“အမှန်ကတော့ ကျမတို့ လက်နက်ကိုင် အဖွဲ့အစည်းတွေက အမျိုးသား တန်းတူရေး အခွင့်အရေး အတွက် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီတော့ အမျိုးသား ရပိုင်ခွင့်တွေကို ကြိုးပမ်းနေတဲ့၊ သွားနေတဲ့ ကြားကာလ အခုလို အနေအထားမှာ ဆိုရင် အစိုးရဘက်က ဘယ်လောက်အထိ သဘောထားကြီးလဲဆို တာ ပြသဖို့ လိုတယ်”ဟုလည်း ပြောဆိုသည်။
ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ အစိုးရ၏ ယခု ကမ်းလှမ်းမှုသည် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်လိုသည့် သဘောဖြစ်၍ အကောင်းမြင်ကြောင်း၊ ကြားကာလ အစီအစဉ်တွင်လည်း NCA ထိုးထားသည့် အဖွ့ဲများက ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုထားသဖြင့် တိုင်းရင်းသား အဖွဲ့များအနေဖြင့် ပြည်ပ အကူအညီဖြင့် ပြုလုပ်သည့် အစီအစဉ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရမည့် သဘောဖြစ်ကြောင်း ပြော သည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက“ကျနော်တို့ တိုက်ရိုက်ယူရင်လည်း သက်ဆိုင်ရာ Donor (အလှူရှင်)က အစိုးရကို သွားတင် ပြတာပဲ။ အစိုးရနဲ့ တိုင်ပင်ပြီးမှ တင်ရင် Donor အတွက်က ပိုလွယ်သွားတာပေါ့။ ဒါကတော့ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရမှာပဲ။ ပူးပေါင်းချင်တဲ့ အဖွဲ့တွေက ကောင်းတာပေါ့။ မပူးပေါင်းချင်တဲ့ အဖွဲ့တွေကတော့ တခြားနည်းလမ်းရှာ ကြပေါ့။ ဒါတော့ မတတ်နိုင်ဘူး”ဟုလည်း ပြောဆိုသည်။
ယခင် အစိုးရလက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဒေါက်တာ မင်းဇော်ဦးက ယခုလိုမျိုး ပြည်တွင်း၊ ပြည်ပအလှူရှင် ကိစ္စမျိုးကို NCA ပုဒ်မ အပိုဒ် ၂၂ (က)တွင်၂ ဖက် ညှိနှိုင်း ဆောင်ရွက်ရမည်ဟု ဖော်ပြ ထားကြောင်း၊ ယခုကိစ္စသည် အစိုးရကြောင့် မဟုတ်ဘဲ အချုပ်အခြာ အာဏာပိုင် တိုင်းပြည်တခုတည်း အတွင်းသို့ နိုင်ငံတကာမှ ပိုက်ဆံများ ဝင်လာပါက အစိုးရက သိရှိရန်လိုကြောင်း ရှင်းပြ ပြောဆိုသည်။
“ပြောရရင် EAOs (တိုင်းရင်းသားအဖွဲ့များ) တွေရတဲ့ ပိုက်ဆံက ဘာမှ မရှိဘူး။ အခု အစိုးရက အမိန့်ထုတ်တာက ခုတ် ရာကတခြား၊ ရှရာက တခြား ဖြစ်နေပုံရတယ်။ ပိုက်ဆံ အများစုက EAOs တွေဆီကိုသွားတာ မဟုတ်ဘူး။ ပိုက်ဆံ အများစုက Civil Society ဆီကို သွားတာ။ ဘယ်သူတွေဆီကို ဘယ်လောက် ဝင်မှန်းလည်း မသိဘူး။ အဲဒီပြဿနာကို ရှင်းရမှာကို EAOs တွေကို သွားပြောတာ နည်းနည်း လွဲနေလားလို့”ဟု ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။
ယခုလို NRPC ၏ အကြောင်းကြားစာပေးပို့မှု အပေါ်တွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကြား မတူညီသည့် သဘောထားအမြင်များ ရှိနေပြီး ယခုကိစ္စကို တိုင်းရင်းသားများဘက်မှ အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးနိုင်သည်ဟုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး (ငြိမ်း)က“ဘယ်တိုင်းပြည်က ဘယ်လောက် ပေးနေလဲ။ ဘယ်အဖွဲ့အစည်းက ဘယ်လောက်ပေးနေလဲ။ ရန်ကုန်မှာ ကြည့်လိုက် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဆိုတဲ့ ခေါင်း စဉ်၊ လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျားမ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိုရမ်တွေ၊ အစည်းအဝေးတွေ လုပ်နေတာ နေ့တိုင်း လိုလိုရှိတယ်။ အဲဒီ ပိုက်ဆံတွေက ဘယ်ကလာတာလဲ။ အဲဒါတွေကို စောင့်ကြည့်ချင်တဲ့ သဘောပါလာပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရမှ တဆင့် NCA ထိုးပြီးသား တိုင်းရင်းသား အဖွဲ့များထံသို့ တရား ဝင် ကူညီပေးနေသည့် အဖွဲ့များမှာ ငြိမ်းချမ်းရေးပူးတွဲ ရန်ပုံငွေအဖွဲ့ (JPF) ၊ ဥရောပ-မြန်မာရုံး(EBO)၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ ဥရောပ သမဂ္ဂ၊ ဂျပန် နီပွန်ဖောင်ဒေးရှင်းစသည့် အဖွဲ့များ ပါဝင်ကြောင်း သိရသည်။