အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် ရခိုင်အသင်း (စင်ကာပူ) အမှုတွင် ၁၆၄ ဦး ထပ်မံ ဖမ်းဆီးရန် ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုချက် ပေးထားသည်ဟု သတင်း ရရှိသည်။
အဆိုပါ သတင်း အချက်အလက်အား ရခိုင်အသင်း (စင်ကာပူ)အမှုကို လိုက်ပေးနေသည့် တရား လွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောဆိုခြင်း ဖြစ်သည်။
ဦးကျော်မျိုးထွန်းက“ကျနော် အမှုတွဲ လေ့လာတွေ့ရှိချက်အရ ၁၆၄ တရားခံပြေး ဖမ်းဆီးနိုင်ရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုချက် ထုတ်ပေးထားတာ ရှိပါတယ်။ ၁၆၄ ယောက် စာရင်း တွေ့တယ်။ ရာဇဝတ်ကြီး အမှု ၇၈/ ၂၀၁၉ အမှုမှာ တွေ့တာပါ”ဟု ပြောသည်။
ရာဇဝတ်ကြီးအမှု အမှတ် ၇၈/၂၀၁၉ တွင် ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များ ဖြစ်သည့် ဦးအောင်မြတ်ကျော် (ခ) ထွန်းအောင်နိုင် (ရက္ခိုင် စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီ) ၊ ဦးထွန်းအေး၊ ဦးဟိန်းဇော်၊ ဦးရဲ ကျော်ထက်၊ ဦးတင်လှိုင်ဦး၊ ဦးရွှေလှိုင်သန်း၊ ဒေါ်အေးမြတ်မွန်နှင့် ကားဆရာ ဦးမြတ်လင်းဦးတို့ ၈ ဦးကို AAနှင့် ပတ် သတ်သည်ဟု ဆိုကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခံထားရသည့် အမှု ဖြစ်ကြောင်း သိရသည်။
ဦးကျော်မျိုးထွန်းက“(၁၆၄ ဦးက) ဘယ်ကလဲ ဆိုတာကိုတော့ ကျနော်တို့လည်း မသိနိုင်ဘူး။ အဲဒါကိုတော့ တာဝန်ခံ မိတ္တူ ကူး ရမရကိုတော့ သက်ဆိုင်ရာကို ကျနော် ဒီနေ့မေးထားပါတယ်။ တရားခံပြေး ထပ်ကြေညာတာလား နဂိုက တည်းကလား ဆိုတာကတော့၊ ကြည့်ရသလောက်ကတော့ ဒီအမှု စတင်စွဲဆိုကတည်းက တဆက်တည်းပဲဗျ”ဟု ပြော သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်စာတခုတွင်လည်း ဦးအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီ) တို့၏ အမှုတွင် ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံ ဘိုလီ (ခေါ်) သန်းထွန်းနိုင်)ပါ၁၆၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခွင့် ပြုသည် ဟု ရေးသားထားသည်ကို တွေ့ရသည်။
AA ကို ငွေကြေး ကောက်ခံပေးပြီး ထောက်ပံ့သည် ဟုဆိုကာ စင်ကာပူတွင် ဖမ်းဆီးခံရကာ ပြည်နှင်ဒဏ် ပေးခံရသည့် ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များကို မြန်မာနိုင်ငံပြန်ရောက်ချိန်တွင် ဖမ်းဆီးကာ တရားစွဲဆိုထားသည့် အမှု ၂ မှု ရှိနေသည်။
ပထမ အမှုမှာ ဦးအောင်မြတ်ကျော် အပါအဝင် ၈ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရား စွဲဆိုကာ ဘိုလီ (ခေါ်) သန်းထွန်းနိုင်ကို ဝရမ်းပြေး အဖြစ် ထုတ်ထားသည့် အမှု ဖြစ်သည်။
ဒုတိယ အမှုမှာ ဦးအောင်မျိုးဝင်းကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ဖမ်းဆီး တရားစွဲဆိုခံထား ရပြီး ဦးကျော်ဟန်၊ ဦးသာထွန်းအောင်၊ ဦးထွန်းမင်းနိုင် (ခေါ်) အေးထွန်းတို့ကို ဝရမ်းပြေးများအဖြစ် ကြေညာထား သည်။
ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးမှ သတင်းနှင့်ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က အပြင်တွင် သတင်းထွက်နေ သည့် ၁၆၄ ဦးကို ထပ်မံ ဖမ်းဆီးရန်ဟူသည့် ကိစ္စမှာ အတိအကျ မသိသဖြင့် ဖြေဆိုရန် မရှိကြောင်းနှင့် လက်ရှိတွင် တရားရုံး၌ တရားစွဲဆိုထားသည့် အမှု ၂ မှုနှင့် ဝရမ်းထုတ်သည့် ၂ မှု တို့သာ ရှိသည်ဟု ပြောသည်။
ယနေ့ နံနက်ပိုင်းက ဦးအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ)တို့ကို တရားရုံးထုတ်ရာ ဦး အောင်မြတ်ကျော်က“ရိုးသားတဲ့ တရားစီရင်ရေးလို့ မမြင်ဘူး။ တရားသူကြီးနောက်မှာ ချုပ်ကိုင်မှု တခုခု ရှိနေတယ်။ သတင်းကို တရားရုံးကပဲ ထုတ်ပြန်နေတယ်။ ကျနော်တို့ မီဒီယာကို စကားပြောချင်တယ်။ ပြောခွင့်မရဘူး။ လူမသိ သူမသိ နောက်ကွယ်မှာလို ဖြစ်နေပါတယ်”ဟု တရားခွင်မှ အထွက်၌ ပြောဆိုသွားသည်။
ဦးမင်းသန့်က တရားရုံး အနေဖြင့် သတင်းမီဒီယာ ဥပဒေအရ တရားရုံး ပရဝုဏ်တွင် အမှုသည်များ အမေးအဖြေများ လုပ်ခွင့် မရှိသည့် အတိုင်းသာ လိုက်နာဆောင်ရွက်ပြီး အမှုသည်များ၏ အခွင့်အရေး ဆိုင်ရာများကို ပိတ်ပင်ထားခြင်း မရှိဟု ပြောသည်။
ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များကို တရားစွဲဆိုထားသည့် ပုဒ်မ ၅၀(ည) သည် နိုင်ငံတော် အစိုးရက အကြမ်း ဖက် အဖွဲ့ဟု သတ်မှတ်ထားသည့်အဖွဲ့ကို ငွေကြေး ထောက်ပံ့ခြင်းများ ပြုလုပ်ပါက တရားစွဲဆိုခံရမည့် ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် တသက်နှင့် ငွေဒဏ်ကျခံရမည့် ပုဒ်မ ဖြစ်ကြောင်း သိရ သည်။
ပုဒ်မ ၅၂ (က) သည် နိုင်ငံတော် အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့၏ တာဝန်များကို ဆောင် ရွက်ပေးခြင်း၊ အကြမ်းဖက် ဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်ပေးခြင်းများ ပြုလုပ်ပါက တရားစွဲဆိုခံရမည့် ပုဒ်မ ဖြစ်ပြီး ပြစ်ဒဏ် ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင် ဒဏ် ၇ နှစ်ထိ ကျခံရမည်ဖြစ်သည် ပြဌာန်းထားသည်။
တရားစွဲ ခံထားရသူများထဲမှ ဦးဟိန်းဇော်၏ မိသားစုဝင်များမှာ ကမ္ဘောဇဘဏ်တွင် ဖွင့်လှစ်ထားသည့် မိသားစု ဘဏ် အကောင့် ၅ ခုလည်း အပိတ်ခံထားရသည်ဟု သိရသည်။
ဦးဟိန်းဇော်၏ ဇနီး ဒေါ်ခင်သန္တာစိုးက“ဗဟိုဘဏ်က ပိတ်ခိုင်းလို့ပိတ်တာလို့ ပြောပါတယ်။ အပိတ်ခံရတဲ့ အကောင့်က ၅ ခုပါ။ ၅ ခုလုံးကတော့ ကိုဟိန်းဇော်နဲ့ မိသားစုဝင်တွေက Joint Account တွေ လုပ်ထားတာပါ။ ကျမနဲ့ ကိုဟိန်းဇော် ရဲ့ အကောင့်မှာတော့ သိန်း ၅၀ ကျော်လောက် ရှိတယ်”ဟု ပြောသည်။
ဦးဟိန်းဇော်၏ မိခင် ဒေါ်အုန်းအုန်းက ဘဏ်တွင် အပ်နှံထားသည့် ငွေများမှာ သားဖြစ်သူ စင်ကာပူ၌ ၄နှစ်တာ အလုပ် လုပ်စဉ် တရားဝင် ရရှိထားသည့် လစာများဖြစ်ပြီး မိသားစုကို တရားဝင် ပို့ထားသည့်ငွေများ ဖြစ်သည်ဟု ပြောပြသည်။
ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များသည် စင်ကာပူတွင် အင်ဂျင်နီယာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကာ အလုပ်လုပ်ကိုင်နေသူများ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်းမှ သဘာဝ ဘေးအန္တရာယ် ကြုံရသူများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များကို သာရေး၊ နာရေးများတွင် ငွေစုဆောင်းကာ ကူညီပေးနေသည့် အဖွဲ့ ဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၆ ရက်နှင့် ၇ ရက်တွင် စင်ကာပူပြည်ထဲရေးက ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ၏ နေအိမ်များသို့ ဝင်ရောက် ဖမ်းဆီးပြီး မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် AA အတွက် စင်ကာပူ နိုင်ငံတွင်း ငွေကြေးကောက်ခံကာ ပံ့ပိုးပေးနေသည်ဟု စွပ်စွဲချက်ဖြင့် ပြည်နှင်ဒဏ် ပေးလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို စင်ကာပူနိုင်ငံတွင်း ကျင်းပခဲ့ကြရာ စစ်ဝတ်စုံများဖြင့် သရုပ် ဖော်ပြမှုများ ပြုလုပ်သည့်အပြင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့်လည်း ဗီဒီယိုကော ခေါ်ကာ မိန့်ခွန်း နားထောင်ခြင်းများ ဧပြီ ၇ ရက်က ပြုလုပ်သဖြင့် လက်မခံနိုင်ကြောင်းကိုလည်း စင်ကာပူ ပြည်ထဲရေးက သတင်း ထုတ်ပြန် ထားသည်။
You may also like these stories:
AA ကို ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးထားသူများကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲတင်
AA ကို ထောက်ပံ့မှုနှင့် စွပ်စွဲဖမ်းဆီးထားသူ ၉ ဦးအမှု ချုပ်ရမန် ထပ်ယူ
ရခိုင်အသင်း ခေါင်းဆောင်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစု မသိရှိရ
ရခိုင်အသင်းခေါင်းဆောင်များ ဖမ်းဆီးခံရမှု စင်ကာပူ အာဏာပိုင် အတည်ပြု