နိုင်ငံရေးအရ အာဏာရှိသူ လုပ်ပိုင်ခွင့်ရှိသူများကို အရေးမယူနိုင်ဘဲ နိုင်ငံ့ဝန်ထမ်းများကို ပိုအရေးယူ နေရသည်ဟု ဝေဖန်ခံရခြင်းမှာ တိုင်ကြားစာ၏ ၇၅ ရာခိုင်နှုန်းသည် နိုင်ငံဝန်ထမ်းများကို အရေးယူ ပေးရန် တိုင်ကြားမှုများ ဖြစ်နေ ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ယနေ့ နေပြည်တော်ရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ယင်း ကော်မရှင်၏ စစ်ရေးရေးမှူးချုပ် ဦးသန့်ဇော်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ စ၍ နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ရှိသူများကို တိုင်ကြားမှုမှာ ၁၈ ရာခိုင်နှုန်းသာ ရှိ ကြောင်း၊ ကော်မရှင်သည် ဥပဒေ ပြဌာန်းချက်အရ မည်သူ့ကိုမျှ အဆင့်အတန်း မခွဲခြားဘဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းကော်မရှင် တာဝန်ရှိသူက ယနေ့တွင် သတင်းထောက်များကို ပြောသည်။
ကော်မရှင်မှ စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က“အဲဒါကြောင့် ကျနော်တို့ရဲ့ အရေးယူဆောင်ရွက်မှုဟာ နိုင်ငံ့ဝန်ထမ်းများအပေး ပိုမို သက်ရောက်မှု ရှိနေခြင်းဖြစ်ကြောင်း နားလည်ပေးစေလိုပါတယ်”ဟု ပြောသည်။
စက်တင်ဘာ ၁၃ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်တွင် လစဉ် ပုံမှန် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာနက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အရေးယူမှု များတွင် နိုင်ငံရေးရာထူး ရှိသူကို အရေးမယူနိုင်ဘဲ နိုင်ငံ့ဝန်ထမ်းများကို ပို၍ ထိထိရောက်ရောက် အရေးယူသည်ဟု ဝေဖန်မှုများ ရှိနေသည့်အပေါ် မေးခွန်းထုတ်ရာ သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက အဂတိ ကော်မရှင်ကိုသာ မေးရန် ပြောဆိုသဖြင့် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ်များကို စုံစမ်းစစ်ဆေးခြင်း၊ ဝန်ကြီးများကို စုံစမ်းစစ်ဆေးခြင်း အသေးစိတ် ကို မသိဘဲ အကြမ်းဖျင်းသာ သိကြောင်း၊ အဂတိမှုနှင့် ငြိစွန်းခြင်း ရှိ၊ မရှိမှာလည်း ကော်မရှင်၏ စစ်ဆေးချက်အပေါ်တွင် မူတည်ကြောင်း ဦးဇော်ဌေးက ယင်းနေ့က ဧရာဝတီသို့ ပြောဆိုခဲ့သည်။
‘‘အဲဒီတော့ နိုင်ငံ့ဝန်ထမ်း ကျရင်တော့ ဒီလိုမျိုး ဖိပြီးတော့ ဆော်ထည့်လိုက်တယ်။ ကျနော်တို့လည်း တွေ့ပါတယ်။ တချို့ကိုယ်စားလှယ်တွေကျတော့ ခံဝန်ထိုးခိုင်းတယ် စသည်ဖြင့်ပေါ့’’ဟု ဦးဇော်ဌေးက ပြောသည်။
ဝန်ကြီးများ၊ နိုင်ငံရေးသမားများကို တိုင်ကြားကြသော်လည်း အချက်အလက် ခိုင်မာမှု အားနည်းခြင်း၊ ထင်ကြေးနှင့် အပြောများသာ များခြင်းတို့ ရှိပြီး ၎င်းတို့၏ ချိုးဖောက်မှုများနှင့် ပတ်သက်၍ အချက် အလက် ရရှိနိုင်ရန် ခက်ခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာမူ လုပ်ထုံးလုပ်နည်း လွဲချော်နေပါက ချက်ခြင်းတန်းမိတတ်ကြောင်း ရန်ကုန်မြို့ မှ သတင်းစာ ဆရာ ဦးသီဟသွေးက ပြောသည်။
“တိုင်တဲ့သူတွေက အချက်အလက် အားနည်းတယ်။ ဟိုဘက်ကမှာကလည်း သြဇာအာဏာ ရှိရင် ရှိသလို ကြိုတင် ပြင်ဆင်လို့ ရတာမျိုး၊ အလျှောက်ကောင်းတဲ့ အနေအထားမျိုးနဲ့ အခွင့်အလမ်းတွေ ရှိတယ်။ အောက်ခြေမှာကျတော့ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းလည်း ရှိတယ်။ လုပ်ထုံးလုပ်နည်းတွေ အရလည်း ပိတ်မိသွားတာမျိုး ရှိတယ်”ဟု ၎င်းက ပြောသည်။
ယခုအခါ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ၎င်းတို့ အဖွဲ့တခုတည်း အမှုများများကို တိုက်ဖျက်နေခြင်း ထက် သက်ဆိုင်ရာ အဖွဲ့ အစည်းအလိုက် အဂတိလိုက်စားမှုများကို တိုက်ဖျက်နိုင် ရန် ဝန်ကြီးဌာနများတွင် Correction Prevention Unit များ ဖွဲ့စည်း ဆောင်ရွက်စေရာ ယခု အဖွဲ့၂၀ အထိ တိုးတက်လာပြီဖြစ်ကြောင်း သိရသည်။
“ရာထူးနဲ့ တာဝန် လုပ်ပိုင်ခွင့်ကတော့ ဖြစ်ပွားတဲ့ ဖြစ်စဉ်ပေါ် မူတည်ပြီးတော့ ဌာနတိုင်းမှာ အဂတိ လိုက်စားမှုတွေ လျော့နည်း ကျဆင်းသွားရေးကို ဌာနတွေက တာဝန်ယူ ဆောင်ရွက်တာဟာ အဂတိ လိုက်စားမှုကို ရာခိုင်နှုန်းတခု အထိ လျော့နည်း ကျဆင်းသွားစေမယ်”ဟု ကော်မရှင်မှ စစ်ဆေးရေး မှူးချုပ် ဦးသန့်ဇော်က ပြောသည်။
ထို့ပြင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် စစ်ဆေးတွေ့ ရှိသည့် အစီရင်ခံစာကို သမ္မတ၊ လွှတ်တော် ဥက္ကဌများဆီသို့လည်း အကြောင်းကြား ရကြောင်း၊ တရားစွဲဆိုရန် ကြို တင်ခွင့်ပြုမိန့် ထုတ်ပေးကြောင်းကိုလည်း တင်ပြရကြောင်း ကော်မရှင်ထံမှ သိရသည်။
ကော်မရှင်သည် စုံစမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် တားဆီး ကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သတင်းတိုင်ကြားစာနှင့် စုံစမ်း စစ်ဆေးရေးဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်တင်ဆိုသူ ပြန်လည် တိုင်ကြား ခံရပြီး စုံစမ်းစစ်ဆေးသည့်အခါ ကော်မရှင်၏ ကျင့်ဝတ်ကို ချိုးဖောက်သဖြင့် ပင်စင်ပေးလိုက်ကြောင်းလည်း သိရသည်။
အစိုးရ အရာရှိကြီးများသည် အောက်ခြေမှ အဂတိ လိုက်စားမှုများ ကျူးလွန်သည့်အခါ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရမည့်အစား ကျုးလွန်သော အပြစ်များကို ဖုံးဖိ ပြုပြင်ပေးပြီး ပေါ့လျော့ အောင် ပြုလုပ်ပေးနေ၍ အရေးယူ နေရကြောင်း အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ပြီးခဲ့သည့် မေလက လွှတ်တော်တွင် ပြောဆိုခဲ့သေးသည်။
၂၀၁၈ ခုနှစ်တွင် ပြည်သူများထံမှ တိုင်ကြားစာ ၁၀၅၄၃ စောင် လက်ခံရရှိရာတွင် နိုင်ငံ့ဝန်ထမ်းများ အပေါ် တိုင်ကြားစာ ၇၉၄၅ စောင်၊ ပြည်သူ့ ဝန်ထမ်းများ (နိုင်ငံရေး ရာထူး ရှိသူများ) အပေါ် တိုင်ကြားစာ ၁၈၈၈ စောင်၊ ပုဂ္ဂလိကများအပေါ် တိုင်ကြားစာ ၇၁၀ စောင် ရှိကြောင်း ယင်းကော်မရှင် ထံမှ သိရသည်။
လတ်တလောတွင် ဆေးဝါး စက်ရုံ(အင်းစိန်/ BPI) စက်ရုံမှူး ဒေါက်တာ အောင်ဇော်အား အဂတိ လိုက်စားမှုဖြင့် အမှုဖွင့် အရေးယူထားပြီး၊ သြဂုတ်လအတွင်းကမူ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား မိုးညိုမြို့နယ် အတွင်းရှိ အင်းသားကြီး ၉ ဦးအား နောက်ထပ် အင်းသက်တမ်း ၃ နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟု ပြောကြား၍ ငွေကြေးများ တောင်းယူပြီး ကိုယ် ကျိုးအလွဲသုံးသည်ဆိုကာ ဖမ်းဆီးစစ်ဆေးနေသည်။
ဆက်စပ်ဖတ်ရှု့ရန်
အဂတိ တိုက်ဖျက်ရေး ကော်မရှင် စွပ်စွဲချက် BPI စက်ရုံမှူး ငြင်းဆို
BPI စက်ရုံမှူးအမှု နောက်ဆက်တွဲ ဆေးဝါးလုပ်ငန်း MD ကို ရာထူးမှ ထုတ်ပယ်
ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဂတိမှုဖြင့် အရေးယူခံရ
ကျပ်သိန်း ၇၀ ကျော် လာဘ်ယူ၍ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်မှူး ဖမ်းဆီးခံရ
FDA ညွှန်ချုပ်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် စွဲချက်တင်
အဂတိမှုဖြင့် စွဲဆိုထားသည့် နေပြည်တော် စည်ပင် ဈေးများဌာနမှူးကို တရားသေလွှတ်