ရေလုပ်သားများ မှီခိုစားသောက်နေရသည့် လေလံအင်းများကို ကြေးတိုင်အင်းအဖြစ် အင်းသားကြီး များကို ချထားပေး သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနအား ရေလုပ်သား ၁၀၀ ခန့်က စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ကင်ပွန်းချောင်းအင်းဟာ နွေရာသီဆိုရင် ရေခန်းပြီး လယ်သမားတွေ စပါးစိုက်ပျိုးတဲ့ အင်းဖြစ် ပါ တယ်။ အဲဒါကို အင်းသား ကြီးတွေကို ကြေးတိုင်အင်းအဖြစ် လုပ်ကိုင်ခွင့် ၃ နှစ် ချထားပေးတယ်။ ဒီလိုမျိုး ကြေးတိုင်ချပေးဖို့ မညီညွတ်တဲ့ အင်းတွေ ကို ကြေးတိုင်းအင်းအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက ချထားပေးတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူ ဧရာဝတီ တိုင်းဒေသကြီး ရေလုပ်သားသမဂ္ဂဥက္ကဋ္ဌ ဦးထွန်းလင်းက ဧရာဝတီကို ပြောသည်။
လေးမျက်နှာမြို့နယ်တွင် အင်း ၇ အင်း ရှိသည့်အနက် ကင်ပွန်းချောင်းအင်းနှင့် မြေနုမြစ်ကျိုးအင်း တို့ကို ယမန်နှစ်က လေလံအောင်ခဲ့သည့် အင်းသားကြီးများက ကြေးတိုင်အင်းအဖြစ် လျှောက်ထား ခဲ့ရာ လေးမျက်နှာမြို့နယ်အုပ်ချုပ်ရေး ဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဌာနတို့မှ ဦးဆောင်၍ စိစစ်ခဲ့ပြီး ကြေးတိုင်အင်း ချပေးသင့်ဟု တိုင်းအစိုးရအဖွဲ့ထံ တင်ပြခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့က အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အင်းသားကြီးများကို ကြေးတိုင်အင်း အဖြစ် ၃ နှစ် ဆက်လက်လုပ်ကိုင်ခွင့် ပြုခဲ့ရာ အင်းအနီးတွင် နေထိုင်ကြသည့် ရေလုပ်သားငယ်များက စက်တင်ဘာ ၉ ရက်နေ့ကလည်း ဧရာဝတီတိုင်း စိုက်ပျိုး ရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် ငါးလုပ်ငန်းဌာန များကို ပုသိမ်မြို့၌ ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့သေးသည်။
“အခု အင်းသားကြီးကို ကြေးတိုင်ချပေးလိုက်တော့ မည်သူမှ အင်းထဲမှာ ငါးရှာခွင့်မရှိ၊ ငါးရှာရင် အရေးယူမယ်လို့ သူတို့ ကကြေညာထားပြီ။ ကျနော်တို့ မရှိဆင်းရဲသား ရေလုပ်သားတွေက ဘာလုပ် စားရမှာလဲ။ လူတွေဟာ ဝမ်းငတ်လာရင်တော့ ငါးရှာကြပါလိမ့်မယ်။ အဲဒီကျရင် ပဋိပက္ခတွေနဲ့ လူသတ်မှုတွေတောင် ဖြစ်နိုင်တယ်။ ဒါကြောင့် တာဝန်ရှိသူများ ကြေးတိုင် အင်းကို ပယ်ဖျက်ပြီး မရှိဆင်းရဲသား ရေလုပ်သား အစုအဖွဲ့ကို ချထားပေးဖို့ တောင်းဆိုတယ်”ဟုကျွန်းတဲရွာမှရေလုပ်သား ခေါင်းဆောင် ကိုအောင်တင်ထွဋ်က ပြောသည်။
လေလံအင်းမှာ လုပ်ကိုင်ခွင့်ရ အင်းရာသီအချိန်ကာလ အင်းအတွင်းရှိ ငါးများကို အစိုးရမှ သတ်မှတ် ထားသော ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခွင့်ရှိပြီး ကြေးတိုင်အင်းမှာ ငါးမျိုးစိတ်များ အင်းအတွင်း စိုက်ထည့်ကာ အချိန်ကာလ ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ်စသဖြင့် အချိန်ယူ၍ အင်းကို ပြုပြင်ထိန်းသိမ်းပြီး ငါးဖမ်းရသည့် အင်းဖြစ်သည်။
လေးမျက်နှာမြို့နယ်ရှိ ကင်ပွန်းချောင်းအင်းနှင့် မြေနုမြစ်ကျိုးအင်းများကို ယမန်နှစ်က လေလံအောင် ကာ လုပ်ကိုင်ခွင့် ရခဲ့သူများက ကြေးတိုင်လျှောက်ထားသည့်အတွက် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စိစစ်ကာ ကြေးတိုင်ချပေးသင့် ကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်ဟု လေးမျက်နှာမြို့နယ်၊ ငါးလုပ်ငန်း ဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့အောင်က ပြောသည်။
“အင်းတွေကို အမြဲတမ်း လေလံပေးမယ်ဆိုရင် ပြင်ဆင်မယ့်လူ မရှိဘူး။ ကြေးတိုင်ပေးလိုက်မှသာလျှင် ပြင်ဆင်စရိတ် ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီး မျိုးစိုက်ထည့်တာ၊ ပြင်ဆင်တာ လုပ်ရတယ်။ အဲ့လိုပြင်မှ သာလျှင် အင်းတိမ်ကောမှုတွေ မရှိဘူး။ ငါးသယံဇာတတွေ ပိုမိုထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြေးတိုင်ပေးအပ်ခြင်း ဖြစ်ပါတယ်။ ကင်ပွန်းချောင်း အင်းဆိုရင်လည်း နွေရာသီမှာ ရေခမ်းတယ်ဆိုပေမယ့် ရေကသူ့အချိန်နဲ့သူတော့ ရေတက်လာတာပါပဲ”ဟု သူက ပြောသည်။
အင်းများကို ကြေးတိုင်ချထားပေးမည် ဆိုလျှင် အင်းမှာငါးမျိုးစိတ် စိုက်ထည့်နိုင်သည့်အင်း၊ မြေပြုပြင် နိုင်သောအင်း၊ ငါးမျိုး ချန်နိုင်သောအင်းများ ဖြစ်ရန်လိုအပ်ကြောင်း၊ ယခုကြေးတိုင်ချပေးခဲ့သည့် ကင်ပွန်းချောင်းအင်းနှင့် မြေနုမြစ်ကျိုးအင်းတို့မှာ ကြေးတိုင်စည်းကမ်းချက်များနှင့် မညီညွတ်သည်ကို ကြေးတိုင်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း လေးမျက်နှာ မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောသည်။
“ကြေးတိုင်အင်္ဂါရပ်နဲ့ ညီညွတ်မှုမရှိတဲ့အင်းတွေကို ကြေးတိုင်ချပေးလိုက်တာ ဖြစ်တယ်၊ ကြေးတိုင်ချ ပေးရမယ့် အင်းက ငါးမျိုးချန်နိုင်ရမယ်။ ငါးမျိုးထည့်နိုင်ရမယ်။ ဒီအင်းတွေက နွေကျရင် ရေတွေ ခမ်းတယ်။ ငါးမျိုးချန်လို့ မရဘူး။ နောက်ပြီး အင်းတွေက ပြုပြင်နိုင်ရမယ်။ ဒီအင်းတွေက နွေရာသီ မြေကြီးပေါ်လာရင် ဒေသခံတွေက ကိုင်းသီးနှံစိုက်ကြတဲ့အတွက် အင်းပြုပြင်လို့မရဘူး။ ဒီလို ကြေးတိုင်အင်္ဂါရပ်နဲ့ မညီတာကို ကြေးတိုင်ချပေးတာ ဖြစ်တယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဘုံစားအင်း၊ လေလံအင်းနှင့် ကြေးတိုင်အင်းစသဖြင့် အင်းစုစုပေါင်း ၁၇၇၁ အင်းရှိပြီး အင်းလုပ်ငန်းမှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏အခွန်ငွေ အများဆုံးရရှိသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ထံမှ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဧရာဝတီတိုင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးကို ရေလုပ်သားများ ဆန္ဒဖော်ထုတ်