မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ မနေ့က တဖက်သတ် အပစ်ရပ်ကြေညာမှု အပြီး နာရီပိုင်းအတွင်း ရက္ခိုင့် တပ်မတော် (AA)က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ရှိ တပ်မဌာနချုပ်တခုကို တိုက်ခိုက်ခဲ့သဖြင့် ယနေ့ နောက်ဆုံး ဖြစ်သည့် အပစ်ရပ်ကာလကို သက်တမ်းတိုးရန် မသေချာတော့ကြောင်း သိရသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဲဒီ ၃ ဖွဲ့ က မနေ့က နေ့လယ်ပိုင်းမှာ အပစ်ရပ် ကြေညာတယ်။ ညနေပိုင်းမှာ ရခိုင်မှာ ဝင်တိုက်တယ်။ ပြောနိုင်တာ တခုကတော့ ဒါနဲ့ ပတ်သက်ပြီးတော့ တခုခု ထုတ်ပြန် ကြေညာဖို့ မရှိသေးဘူး။ သက်တမ်းတိုး၊ မတိုး မပြောနိုင်ဘူး။ သက်တမ်းတိုးဖို့လည်း မသေချာဘူး”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းခြင်းကို ရခိုင်ဒေသမှ လွဲ၍ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံတိုင်း တို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြီး ၂ လ တကြိမ် အပစ်ရပ် သက်တမ်း တိုးပေးခဲ့ ခြင်း ဖြစ်သည်။
နောက်ဆုံး သက်တမ်းတိုးမှုမှာ သြဂုတ်လ ၃၁ ရက်နေ့ မြောက်ပိုင်း မဟာမိတ်များနှင့် အစိုးရတို့ကြား တွေ့ ဆုံခဲ့သည့် ကျိုင်းတုံ ဆွေးနွေးပွဲ အပြီးတွင် ယင်းရလဒ်အပေါ် မူတည်၍ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ဖြစ် သည်။
တပ်မတော် အပစ်အခတ် ရပ်စဲမှုသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ စတင် ကြေညာပြီး နောက် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက် အထိ တကြိမ်၊ သြဂုတ်လ ၃၁ ရက်အထိ တကြိမ်၊ ယခု စက်တင်ဘာလ ၂၁ ရက် အထိ တကြိမ် ၃ ကြိမ် မြောက် သက်တမ်း တိုးထားသည်။
တပ်မတော်၏ ယခုကဲ့သို့ သက်တမ်း မတိုးမှုအပေါ် TNLA သို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ တပ်မတော်၏ တရားဝင် ထုတ်ပြန်ချက် တွေ့မြင်ရမှသာ သဘောထား ပေးနိုင်မည်ဟု ယင်းအဖွဲ့မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က တုန့်ပြန်သည်။
ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ TNLA၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်တပ်မတော်တို့ (AA)တို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က ကျိုင်းတုံမြို့တွင် တွေ့ ဆုံခဲ့သော်လည်း တိုက်ပွဲများ ရပ်တန့်ရေး ဆက်လက် ဆွေးနွေးမည်ဟု သဘောတူညီမှုမှ အပ သိသာတိုးတက်သည့် ဆွေးနွေးပွဲ ရလဒ်များ မထွက်ပေါ်ခဲ့ပေ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပဏာမ အပစ်ရပ် စာချုပ် (Bilateral Agreement) နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးရန် အပစ်ရပ်ကာလကို သက်တမ်း တိုးပေးနေခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် စိုးနိုင်ဦးက မီဒီယာများသို့ ပြောဆိုထားသည်။
ငြိမ်းချမ်းရေး ကော်မရှင်တွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ဒေါက်တာ မင်းဇော်ဦးက “အပစ်ရပ် သက်တမ်း တိုးတာ၊ မတိုးတာထက် မြေပြင်မှာ ၂ ဖက် တပ်တွေ ဘယ်လို လုပ်ဆောင်မလဲ ဆိုတဲ့ အပေါ်မှာ အခြေခံလိမ့်မယ်။ ဥပမာ ကျနော်တို့ ကချင်ပြည်နယ် မှာဆိုရင် နှစ်ဖက် တရားဝင် အပစ် အခတ် ရပ်စဲရေးက ဘာမှ မရှိဘူး။ ဒီတနှစ်လုံးမှာ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲတွေ မရှိဘူး။ ဒါက ၂ ဖက်လုံးက တပ်တွေ အပေါ်မှာ အများကြီး မူတည်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် ၂ ဖက်စလုံးက အပစ်အလခတ် ရပ်စဲကြောင်း ကြေညာကြ သော်လည်း ခြွင်းချက်များ ပါဝင်နေရာ ယင်းခြွင်းချက်များကြောင့် တိုက်ပွဲ အချိန်မရွေး ဖြစ်နိုင်သည့် သဘော ဖြစ်နေကြောင်း၊ နယ်မြေ တိတိကျကျ မရှိသည့် အပေါ်တွင် တပ်များ လှုပ်ရှားပါကလည်း ထိတွေ့ တိုက်ပွဲများ ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
၎င်းက ဆက်၍ “တိုက်ပွဲတွေ လုံးဝ ရပ်သွားဖို့ ဆိုရင်တော့ ၂ ဖက် တပ်တွေက ဘယ်နေရာမှာ ဘယ်လို နေမယ်။ တဖက်နဲ့တဖက် ဘယ်လို Communication ဘယ်လို လုပ်မလဲ။ တဖက်နဲ့ တဖက် ဆက်သွယ်ပြီး ဘယ်လို လုပ်မလဲ ဆိုတာမျိုး တိတိကျကျ ရှိမှ ဖြစ် မှာ။ ဒါပေမယ့် ဒီလို အခြေအနေမျိုး တွေမှာတော့ စစ်ဆင်ရေး အကြီးကြီးတွေတော့ လုပ်မယ် မထင်တော့ဘူး။ သက်တမ်း မတိုးဘူး ဆိုရင်တောင်မှ လက်ရှိ အနေအထား အတိုင်း ပိုနေမြဲ၊ ကျားနေမြဲ အနေအထားလောက်ပဲ လုပ်ကောင်း၊ လုပ်လိ့မ်မယ်”ဟု ပြောသည်။
ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက“နဂိုကတည်းက ရခိုင်ပြည် နယ်မှာ စစ်ပွဲတွေ ရပ်ထားတာ မဟုတ်ဘူး။ စစ်တိုင်း ၅ ခု မှာပဲ တိုးနေတာ။ အဲဒီအကြောင်းပြချက် ကြောင့် ဆိုရင်လည်းပဲ မူလ စစ်တိုင်း ၅ တိုင်းပဲ တိုးလို့ ရတာပဲ။ ရခိုင်ပြည်နယ်ကို တိုးပါမယ်လို့ သူတို့ တခါမှ မပြောဖူးဘူး။ သူတို့ မတိုးချင်လို့ မတိုးတာပဲ ဖြစ်လိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်များကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် ပတ်သက်၍ ၂ ဖက်စလုံး ပါဝင်သော အပစ် အခတ်ရပ်စဲရေး စောင့်ကြည့်မှု ကော်မတီတခု ရှိရန် လိုအပ်နေပြီ ဖြစ် ကြောင်း မြောက်ပိုင်း မဟာမိတ်များဘက်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုထားသည်။
၎င်းတို့ဆိုလိုသည့် အပစ်ရပ်စဲရေး ကော်မတီဆိုသည်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးပြီးမှသာ နိုင်ငံရေးသဘောအရ စဉ်းစားရမည့်ကိစ္စတခု ဖြစ်သည်ဟု သိရသော်လည်း တိုက်ပွဲများ ဖြစ်နေဆဲအချိန်တွင် မြောက်ပိုင်း မဟာမိတ်များက ယခုလို စတင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့အနက် TNLA၊ MNDAA၊ AA တို့ ၃ ဖွဲ့သည် ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တိုးဂိတ် အပါအဝင် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးဂိတ်၊ ရဲစခန်းနှင့် မြို့ရှောင်လမ်း တိုးဂိတ် စသည့် နေရာ ၆ နေရာကို ၂၀၁၉ ခုနှစ် သြ ဂုတ်လ ၁၅ ရက်က တပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။
ယင်းတိုက်ခိုက်ခံရမှုပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ပါက ကြိုဆိုမည် ဖြစ်သကဲ့သို့ တိုက်ပွဲများ ဆက်တိုက်လိုပါက တပ်မတော် အနေဖြင့် အဆင်သင့်ကြောင်း တပ်မတော်မှ ပြောခွင့်ရသူ ဗိုလ်ချုပ် စိုးနိုင်ဦးက တုန့်ပြန်ခဲ့သည်။
၂ ဖက်တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုများ၊ မော်တော်ယာဉ်၊ အဆောက်အဦများ ပျက်စီး ဆုံးရှုံးမှုများ အများအပြား ရှိခဲ့ပြီး ၂ ဖက်စလုံးက ၎င်းတို့၏ လက်ချက်ဟု ဝန်ခံ ပြောဆိုခဲ့ခြင်း မရှိပေ။
လက်ရှိအချိန်အထိလည်း တပ်မတော်မှ အပစ်ကာလ သက်တမ်း ကြေညာခြင်းမျိုးကို မတွေ့ရပေ။
ဆက်စပ်ဖတ်ရှု့ရန်
ဘူးသီးတောင် တပ်မဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်
ငြိမ်းချမ်းရေး မျှော်လင့်ချက်ရှိ၍ အပစ်ရပ် ၂ လ တိုးဟု တပ်မတော် ပြော
တပ်မတော်၏ အပစ်ရပ်ပြီးဆုံးမည့် ကာလအတွက် ကြိုပြင်ထားရန် ဗိုလ်ချုပ်ကြီး ယွက်စစ် သတိပေး
ငြိမ်းချမ်းရေး အမြန်ရချင်ကြောင်း တပ်ချုပ်က KBC ကို ပြော
အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီရှိရန် လိုဟု မြောက်ပိုင်း မဟာမိတ် ပြော
မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရ အချက် ၇ ချက် သဘောတူညီမှုရ