လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို အဂတိကော်မရှင်က စစ်ဆေးနေခြင်းမှာ မီတာဘောက်စ် ကိစ္စ ကြောင့်မဟုတ်ဘဲ ရဲရွာရေအားလျှပ် စစ် စီမံကိန်းနှင့် သက်ဆိုင်သော တိုင်တန်းချက်တခုကြောင့် စစ်ဆေးနေရခြင်းဖြစ်ကြောင်း သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က “အများထင်ထားသလို မီတာဘောက်စ် ကိစ္စကိုလည်း စစ်ဆေး နေတာ မဟုတ်ပါဘူး” ဟု ယနေ့ နေပြည်တော်ရှိ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၏ အမှတ် ( ၃) ရေအားလျှပ်စစ် ရဲရွာ စီမံကိန်းနှင့် ပတ်သက်ပြီး လုပ်ငန်းခွင် တိုင်ကြားချက်တခု ရှိသဖြင့် စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း စုံစမ်းစစ်ဆေးဆဲ ကာလသာ ဖြစ် ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကာ်မရှင်မှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စုံစမ်းမှု အရှိန်မြင့်တက်လာပြီး ဝန်ကြီးများရုံးတွင် ပြုလုပ်သည့် ပြုလုပ်သည့် အစည်းအဝေး (EC) မှတ်တမ်းများကိုပါ ကော်မရှင်မှ သိမ်းယူသွားခဲ့ သေးသည်။
ဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် တို့၏ ဘဏ်စာရင်းများကို ဗဟိုဘဏ်မှ စစ်ဆေးပြီး၍ အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်သို့ ပေးပို့ခဲ့ရကြောင်းကိုလည်း မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိန်းက လွှတ်တော်တွင် သတင်း ထောက်များကို ပြောပြခဲ့ဖူး သည်။
အဂတိကော်မရှင်မှ အရာရှိ ဦးသန့်ဇော်က “လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ စာရွက် စာတမ်းတွေ ကျနော်တို့ ဒါတွေကို လည်း စစ်ဆေးနေရတယ်။ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ ကော်မရှင် အနေဖြင့် စုံစမ်းစစ်ဆေးမှု ကြန့်ကြာနေရခြင်းမှာ စစ်ဆေးမှုများ ပြုလုပ်သည့် အခါတွင် အပြည်ပြည် ဆိုင်ရာ စာချုပ် ၊ စာတမ်းများနှင့် တိုက်ဆိုင်စစ်ဆေး နေရခြင်း ဖြစ်သည့် အတွက် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော် မရှင်က ပြောသည်။
ယခု အဂတိကော်မရှင် အနေဖြင့် ယခုစစ်ဆေးမှုများ ပြုလုပ်နေရာတွင် နည်းပညာရပ်ဆိုင်ရာ ကိစ္စရပ် များ ပါဝင်နေသည့် အတွက် အချိန်ယူ စစ်ဆေးနေပြီး တိကျခိုင်မာသည့် အဖြေရရှိရန် အတွက် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ယူဆ ကြောင်းပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထက်က ဧရာဝတီသို့ မှတ်ချက်ပေးသည်။
ဦးနေမျိုးထက်က “ တိုင်တဲ့စာမှာ ငွေလဘ်စားတာ မဟုတ်ဘဲ စက်ပစ္စည်းရွေးတာမှားတာ။ System မှားတာ ဆိုရင် နည်းပညာ အကုန်ပြန်စစ်ဆေးရပါမယ်” ဟု ဆက်ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်တွင် ၂၀၀၁ခုနှစ် က စတင် တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်ထွက်ရှိသော ဖရန်စစ် (ဒေါင်လိုက်) တာဘိုင် အမျိုးအစား စက်(၄)လုံးဖြင့် စုစုပေါင်းစက်တပ် ဆင် အင်အား ၇၉၀ မဂ္ဂါဝပ်ရှိကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၃၅၅၀ ကီလိုဝပ်နာရီသန်း ပေါင်း ဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် မီတာဘေလ် စာရွက်ထုတ်သည့် တင်ဒါကိစ္စများနှင့် ပတ်သက် ပြီး ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် ဖွံ့ ဖြိုးတိုးတက်ရေး ကေ်ာမတီသို့ တိုင်ကြားခံထားရကြောင်း လည်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မီတာဝယ်ရန် တင်ဒါခေါ်ရာတွင် တင်ဒါဝင်ရောက်ယှဉ်ပြိုင် သည့် ကုမ္ပဏီများက တင်ဒါစိစစ် ရွေးချယ်မှုအပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးခြင်းနှင့် မလျော် သြဇာသုံး ဆောင်ရွက်လိုခြင်းများ ပြုလုပ် သဖြင့် တင်ဒါပယ်ဖျက်ခြင်း လုပ်ဆောင်ခဲ့ကြောင်း ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က သြဂုတ် ၂၂ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းခဲ့သည်။
၂၀၁၇ ခုနှစ်က ခေါ်ယူခဲ့သည့် မီတာတင်ဒါ တခုတွင် ယှဉ်ပြိုင်သူ ခြောက်ဦးအနက် ကုမ္ပဏီနှစ်ခုက နည်းပညာပိုင်းဆိုင်ရာ အောင်မြင်ခဲ့၍ ယင်းကုမ္ပဏီနှစ်ခု၏ ဈေးနှုန်းကို ယှဉ်ပြိုင်သူ အားလုံးရှေ့၌ ဖွင့်ဖောက်ရာ အယ်ဖာပါဝါအ မည်ရှိ ကုမ္ပဏီက ကျပ် ၈ ဒသမ ၁ဘီလီယံ ခန့်ဖြစ်ပြီး မြန်မာ့စီးပွား ရေး ဦးပိုင်၏ဈေးနှုန်းသည် ၁၃ဒသမ ၄ ဘီလီယံခန့် ဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောသည်။
ထိုအခါ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အမည်ဖြင့် ဝင်ပြိုင်သည့် ကုမ္ပဏီက ယှဉ်ပြိုင်ဘက်ထက် ဈေးနှုန်း ကျပ် ၅,၃၄၃ သန်းပိုများနေ၍ တင်ဒါရှုံးသည်ကို သဘောပေါက်သွားပြီး ပြည်ထောင်စုဝန်ကြီး ထံသို့ ကုမ္ပဏီတစ်ခု၏ အမည်ဖြင့် အဆိုပါတင်ဒါကို ပြန်လည်စိစစ်ပေးရန် ကန့်ကွက်စာပေးပို့ခဲ့ သည်။
အဆိုပါ ကန့်ကွက်စာပေးပို့မှု အပေါ် အယ် ဖာပါဝါ ကုမ္ပဏီက ပြည်ထောင်စု ဝန်ကြီးထံသို့ ယှဉ်ပြိုင်မှု ရလဒ် အတိုင်းအတည်ပြုပေးရန် ပြန်လည် ပေးပို့ခဲ့ကြောင်း၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်က ၎င်းတို့၏ မီတာများ ကို ဦးစားပေးရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ ထပ်မံ အကြောင်းကြား လာကြောင်း ဒုတိယ ဝန်ကြီးက လွှတ်တော်သို့ ရှင်းလင်းတင်ပြချက်များ အရ သိရသည်။
ဦးဝင်းခိုင်သည် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတွင် ဝန်ကြီး မဖြစ်မီ ဆောက်လုပ်ရေး ဝန်ကြီး အဖြစ် တာဝန်ယူစဉ်က “လမ်းတလမ်း ၅ နှစ်မှ မခံရင် အဲဒီအင်ဂျင်နီယာ ထောင်ထဲ ပို့ပစ်လိုက်မည်” ဆိုသည့် ပြောဆိုချက်ကြောင့် လူမှုကွန်ရက် တွင် ထောက်ခံသူ များစွာဖြင့် ရေပန်းစားခဲ့ဖူးသည်။
သို့သော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဖြစ်လာသည့်အခါ အမေရိကန် ဒေါ်လာ ၅ ဘီလျံကျော် တန်ဖိုးရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်း လုပ်ငန်းကြီး ၄ ခုကို တင်ဒါခေါ်ယူခြင်း မရှိဘဲ ဆောင်ရွက်သည့်အခါ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (ကြံ့ခိုင်ရေး)က လွှတ်တော်ထဲတွင် ၂၀၁၈ ခုနှစ်က အပြင်းအထန် ကန့်ကွက်ခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန်
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဂတိလိုက်စားမှု စုံစမ်းမှု အရှိန်မြင့်
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင် ကျန်းမာရေး မကောင်းသဖြင့် အနားယူနေရ
အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၂၀၂၂ တွင် အပြီးဆောင်ရွက်မည်
လူထု လိုလားပါက ရေအားလျှပ်စစ် လုပ်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော