ရခိုင်ပြည်နယ် ကျောက်တော်မြို့မ ရဲစခန်းမှ တပ်ကြပ်ကြီး မောင်လှ ဆိုသူသည် ယနေ့နံနက်က ပြည်တော်သာ ရပ်ကွက် နေအိမ်မှ ဆိုင်ကယ်ဖြင့် စခန်းသို့ လာစဉ် လမ်းတွင် အမည်မသိသူ တချို့မှ ဓားဖြင့် ထိုးသဖြင့် သေဆုံးသွားသည်။
ကျောက်တော်မြိုမ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန့်စင်က “ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ကျန်တာကတော့ ဘာမှပြောလို့ မရသေးဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
အသတ်ခံရသည့် ရဲတပ်ကြပ်ကြီး မောင်လှ(၅၀နှစ်)မှာ ကျောက်တော်ဇာတိဖြစ်ပြီး ဆိပ်ကမ်းတွင် တာဝန်ကျသူတဦး ဖြစ် ကာ မည်သည့်အတွက် လုပ်ကြံသတ်ဖြတ်ခံရသည်ကိုမူ လတ်တလော မသိရှိ နိုင်သေးပေ ။
ကျောက်တော်မြို့ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင် တဦးက “ ဒီနေ့ မနက် ၆ နာရီခွဲလောက်မှာ အိမ်ကနေ အပြင်ကို ဆိုင် ကယ်နဲ့ အထွက်မှာ ဖြစ်တာလို့ ပြောတယ်။ ဓားထိုးခံရတဲ့ နေရာမှာဘဲ ဆုံးသွားတယ်လို့ သိရတယ်။ အလောင်းကတော့ ကျော်တော်ဆေးရုံမှာ ရောက်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်အား အသေးစိတ်သိနိုင်ရန် ဧရာဝတီမှ ကျောက်တော်မြို့မ စခန်းမှူး ဒုရဲမှူး စိုးလွင် အပါအဝင် ပြည်နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး ကြည်လင်းတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး နောက်ပိုင်း အုပ်ချုပ်ရေးပိုင်းကို ရည်ရွယ်၍ အကြမ်း သတ် ဖြတ်မှုများလုပ်လာရာ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် အရပ်သားများ ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။
ပြီးခဲ့သော မတ်လ ၅ ရက်နေ့က ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဘစောမှာ သတ်ဖြတ် ခံခဲ့ရပြီး၊ သြဂုတ်လ ၅ ရက်နေ့က ကျောက်တော်မြို့နယ်အတွင်း ဆင်အိုးချိုင်ကျေးရွာအုပ်စု ခေတ္တ အုပ်ချုုပ် ရေးမှူး ဦးဦး သန်းမောင်နှင့် ၎င်းကျေးအုပ်စု သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး ဦးမောင်ဝင်းနိုင်မှာ ဆင်အိုး ဘင်္ဂါလီကျေးရွာမှ အပြန်လမ်း တွင် အမည်အသိအဖွ့ဲ့၏ ဖမ်းဆီးခံရပြီး နောက်နေ့တွင် သတ်ဖြတ်ခံထားရသည့် အလောင်းများကို တွေ့ရှိခဲ့သည်။
သြဂုတ် ၁၉ ရက် ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်မှာ ရေယာဉ် ဆိပ်ကမ်းတွင် ရှိနေစဉ် ဓားထိုးခံရသည့်အတွက် လက်ရှိ အချိန်အထိ ဆေးကုသမှုကို ခံယူနေရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲကင်းစခန်းမှူး ဒုရဲအုပ် ဇော်မင်းဌေးမှာ လည်း စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ဇနီးဖြစ်သူ နှင့်အတူ ဈေးဝယ်ပြီး အပြန် အမည်မသိလူ တစု၏ ဓားထိုးလုပ်ကြံ သတ်ဖြတ်ခံရသည့်အတွက် သေဆုံး သွားခဲ့ သည်။ ယင်းနေ့ ညနေပိုင်းမှာပင် ကျောက်တော်မြို့နယ် ၊ ကန်စောက်ရဲကင်းစခန်း အနီးတွင် ကုန်စုံဆိုင် ရောင်းချသူ ဦးရဲလွင်နှင့် ဇနီး ဒေါ်တင်တင်ထွေး တို့မှာ ဈေးဆိုင်အတွင်းမှာပဲ ဓါးထိုးပြီး အသတ်ခံရသည်။
အလားတူ မြေပုံမြို့နယ် ကမ်းထောင်ကြီးမြို့တွင်လည်း လူနှစ်ဦးကို သတ်ဖြတ်ပြီးနောက် ခေါင်းများ ဖြတ်ကာ လူမြင်သာ သည့် လမ်းဆုံလမ်းခွတွင် ချထားပြီး၊ ကြောက်ရွံ့ထိပ်လန့်စေရန် ရည်ရွယ်၍ လုပ်ဆောင်မှုများလည်း စက်တင်ဘာ ၁၀ရက် က ဖြစ်ပွားခဲ့သည်။
ထိုသို့ ရပ်ရွာအုပ်ချုပ်ရေး ယန္တရားကို ထိခိုက်စေရန် ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သား အုပ်ချုပ်ရေး အဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားနေသော်လည်း မည်သူမည်ဝါ၏ လက်ချက်ဆိုသည်ကို ထုတ်ဖော်ဝန်ခံခြင်း မရှိသကဲ့သို့ တရားခံကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိပေ။ ထို့အတွက် ဒေသခံ ပြည်သူများအကြား လုံခြုံမှု မရှိသကဲ့သို့ ခံစားနေရပြီး စိုးရိမ်မှုများ မြင့်တက်လာနေသည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကမ်းထောင်းကြီးတွင် ခေါင်းပြတ် အလောင်း၂ လောင်း လူမြင်ကွင်း၌ ချထားမှုဖြစ်ပွား
မြေပုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး နေအိမ်အတွင်း ဝင်ရောက် ပစ်သတ်ခံရ
မြေပုံမြို့နယ်၌ ရွာသား ၂ ဦး နေအိမ်အတွင်း ပစ်သတ်ခံရပြန်
ကျောက်တော်က ကုန်စုံဆိုင်ပိုင်ရှင်များ အသတ်ခံရ
ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး အသတ်ခံရ