ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက် ပုသိမ်- မုံရွာကားလမ်းနဘေးတွင် ယမန်နေ့ ညနေ ၆ နာရီခန့်က ရဲတပ်သားတဦးနှင့် အရပ်သား ၂ ဦးတို့ ခိုက်ရန်ဖြစ်ပွားရာ အရပ်သား တဦးသေဆုံး၍ တဦး မှာ ဒဏ်ရာရရှိ၍ ဆေးရုံးတင်ထားရကြောင်း သိရသည်။
သေဆုံးသူ၏ မိသားစုဝင်များ ပြောဆိုချက်အရ ရဲတပ်သားတဦးနှင့် အရပ်သား ၈ ဦး တို့ ပုသိမ်- မုံရွာလမ်းဆုံအနီးရှိ စားသောက်ဆိုင်တွင် ဝိုင်းဖွဲ့ အရက်သောက်ရာ ငွေရှင်းရန် ပြောဆိုစဉ် ယင်း ရဲတပ်သားသည် ဆိုင်မှ ထွက်ခွာသဖြင့် လိုက် ခေါ်ရာမှ ခိုက်ရန် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ ပန်းတောင်းမြို့နယ် ညောင်ခြေထောက်အုပ်စု ဆင်လန်ကျေးရွာတွင် ကျပန်းလုပ်ကိုင်နေ သည် စဉ့်ကူးရွာ သား ဖိုးခင်လှ(၂၁နှစ်)ဖြစ်ပြီး ရင်ညွန့်တွင် ပြတ်ရှဒဏ်ရာရရှိ၍ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း၊ ဒဏ်ရာရသူ နေလင်းထွန်းမှာ သေဆုံးသူနှင့် ညီအကိုတော်စပ်ကြောင်း၊ ကျောဘက် တွင် ၅ လက်မခံခန့်ရှိ ပြတ်ရှဒဏ်ရာဖြင့် ဥသျှစ်ပင်ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း ကြောင်းသိရသည်။
“နာရေးပို့ပြီး အပြန် အရက်ဆိုင်မှာသောက်ကြတာ အဲဒီ ရဲလည်းပါတယ်။ ပိုက်ဆံမရှင်းပဲ တယောက် ပြီး တယောက်ထွက်သွားကြတာ။ အဲဒီရဲနဲ့ နောက်ဆုံး ၄ ယောက်ပဲကျန်တယ်။ ငွေစုရှင်းဖို့ပြောတော့ သူကအပြင်ထွက်သွားလို့ နေလင်းထွန်း က လိုက်ခေါ်တာကို ဓါးနဲ့ထိုးတော့၊ ဖိုးခင်လှက ငါ့အကိုကို ဓါးနဲ့ထိုးနေပြီးဆိုပြီး ဆိုင်ထဲကနေပြေးထွက်လာတော့ သူ့ရင်ညွန့်ကို ဓါးနဲ့ပဲ တချက်ထဲထိုးလိုက်တာ” ဟု သေဆုံးသူ ဖိုးခင်လှ၏ မရီးဖြစ်သူကရှင်းပြသည်။
အဆိုပါ ရဲတပ်သားမှာ ဥသျှစ်ပင်မြို့ နယ်မြေရဲစခန်းမှ သဲကိုကိုဟု သိရပြီး ပုသိမ်-မုံရွာလမ်းဆုံအနီးရှိ ဘူးဘတ်ဂိတ် တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ ယင်းလူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ် ဆေးမှုများပြုလုပ်နေကြောင်း ဥသျှစ်ပင်နယ် မြေ ရဲစခန်း စခန်းမှူး ရဲအုပ်လှသန်းမှ ဧရာဝတီကို ပြောသည်။
“ဟုတ်ပါတယ်။ ရဲတပ်သားနဲ့ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ အခုလောလောဆယ်တော့ လူကြီးတွေ စစ်ဆေးမေးမြန်းနေလို့ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ နောက်မှ ပြန်ဆက်ပေးပါ” ဟု ရဲအုပ်လှသန်းမှ ပြောသည်။
“ရဲဘက်ကပြောတာက သံချောင်းနဲ့ထိုးတယ်ပြောနေတယ်။ ဓါးနဲ့ထိုးတာပါ ဓါးကအဝါရောင်လေး၊ ကျနော်ကို အရင်ထိုးတာ ကျောဘက်မှာ ၃ ချက်ချုပ်ရတယ်။ ကျနော်ညီကတော့ ရင်ညွန့်မှာအထိုးရခံရ တာ။ ထိုးပြီးထွက်ပြေးတာပါ။ ဘာရန်ညှိုးရန်စ မှ မရှိပါဘူး ကျနော်တို့နဲ့ သူက ရင်းနှီးပါတယ်” ဟု ဓါးထိုးခံရသူ ကိုနေလင်းထွန်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် ကိုနေလင်းထွန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၄ တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။