အိမ်နီးချင်းနိုင်ငံအားလုံးနှင့် နယ်နိမိတ် သတ်မှတ်ခြင်းကို ပြီးစီးအောင် လုပ်ဆောင်ရန် မြန်မာအစိုးရ၏ အားထုတ်မှု အစိတ်အပိုင်းအဖြစ် နှစ်နိုင်ငံနယ်နိမိတ်ကို လာမည့်နှစ်တွင် ပြန်လည် သတ်မှတ်ရန် တရုတ်နှင့်မြန်မာနိုင်ငံတို့ စီစဉ်နေကြောင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး၏ အဆိုအရ သိရသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ် သတ်မှတ်ခြင်းကို ပြီးစီးအောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ထားရပြီး ၂၄ နှစ်ကြာပြီးမှ လုပ်ငန်း ပြန်လည် စတင်ခြင်းဖြစ်သည်။
“နယ်နိမိတ် ပြန်လည်သတ်မှတ်ဖို့ နှစ်ဖက်စလုံးကပါတဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင် နေပါတယ်” ဟု နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမျိုးသား လွှတ်တော်သို့ ပြီးခဲ့သည့်အပတ် တနင်္လာနေ့က ပြောသည်။
ကောင်းကင်ဓာတ်ပုံ ရိုက်ခြင်းနှင့် ပူးတွဲ စစ်ဆေးခြင်းများ ဆောင်ရွက်ရန်၊ နယ်ခြားမှတ်တိုင် သစ်များ တည်ဆောက်ရန်၊ နယ်ခြားမှတ်တိုင်ဟောင်းများကို အနေအထား ပြောင်းလဲရန်၊ နယ်နိမိတ် မြေပုံသစ် ရေးဆွဲရန်နှင့် စာချုပ်သစ် ပြန်လည်ချုပ်ဆိုရန် မြန်မာနှင့် တရုတ်နိုင်ငံတို့ သဘောတူထားပြီး ဖြစ်သည်။
“ကောင်းကင်ဓာတ်ပုံရိုက်တဲ့ ပထမအဆင့်က ၂၀၂၀ ဇန်နဝါရီလမှာ စတင်မယ်” ဟု ဦးကျော်တင်က ပြောသည်။
ထို ကောင်းကင်ဓာတ်ပုံရိုက်သော လုပ်ငန်းသည် ဧပြီလတွင် ပြီးစီးမည်ဟု မျှော်လင့်ရကြောင်းလည်း သူက ပြောသည်။
နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများမှ အရာရှိများသည် နယ်နိမိတ် ပြန်လည်သတ်မှတ်သည့် လုပ်ငန်းနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ်နှင့် ယခုနှစ်အတွင်း စုစုပေါင်း ၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်နှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ် ၂၂၂၇ ကီလိုမီတာ ထိစပ်နေသည်။ နှစ်နိုင်ငံအကြား နယ်နိမိတ် သဘောတူညီချက်ကို ၁၉၆၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ငါးနှစ်တကြိမ် စစ်ဆေးမှုအသစ် ပြုလုပ်ရန် သဘောတူခဲ့ သော်လည်း ၁၉၈၄-၈၆ က တကြိမ်နှင့် ၁၉၉၂-၉၅ က တကြိမ် နှစ်ကြိမ်သာ လုပ်ဆောင်နိုင် ခဲ့သည်။
၂၀၀၈ ခုနှစ်မှ စတင်ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံအကြား နယ်နိမိတ် အငြင်းပွားမှု တခု မကြာခဏ ပေါ်ပေါက်လာသည်။ လွန်ခဲ့သော နှစ်က ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ်အနီး ရွှေလီမြစ်ပေါ်တွင် နယ်နိမိတ် တည်နေရာနှင့် ပတ်သက်ပြီး အငြင်းပွားမှုတခု ပေါ်ပေါက်ခဲ့သည်။
မူဆယ်ရှိ ကြူကုတ်-ပန်ဆိုင်း မြို့နယ်ခွဲအနီး ဖိုင်ကောင်း ကျေးရွာတွင် မြန်မာနိုင်ငံအတွင်း မီတာ ၃၀ ခန့်အထိ ဝင်ရောက်ကာ တရုတ် လယ်သမားများက ခြံစည်းရိုးခတ်သောကြောင့် ထိုအငြင်းပွားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မြန်မာရွာသားများက ခရိုင်အရာရှိများသို့ တိုင်ကြားသောအခါ တရုတ် လယ်သမား များသည် ထိုလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး ၎င်းတို့၏ ခြံစည်းရိုးများကို ပြန်လည် ဖျက်သိမ်းခဲ့သည်။
မြန်မာနိုင်ငံမှ ရှမ်းနှင့် ကချင်ပြည်နယ်များသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားလှသော ရပ်ဝန်းနှင့်လမ်း အစီအစဉ်အတွက် အရေးပါသည်။ ထိုစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် နှစ်နိုင်ငံအကြားတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ထူထောင်သည့် နားလည်မှု စာချွန်လွှာကို လွန်ခဲ့သော နှစ်က လက်မှတ် ရေးထိုးခဲ့သည်။
ထို စီးပွားရေးစင်္ကြန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးကိုဖြတ်ပြီး တောင်ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ကျယ်ပြန့်မည် ဖြစ်သည်။
ကချင်နှင့် ရှမ်းပြည်နယ်များမှ တဆင့် တရုတ်နယ်စပ်တွင် နယ်စပ်ဖြတ်ကျော် အထူးစီးပွားရေး ဇုန်များ ထူထောင်မည့် နေရာ သုံးခုကို အစိုးရက လွန်ခဲ့သောနှစ်တွင် အတည်ပြုခဲ့သည်။ ထိုဇုန်များတွင် ကုန်သွယ်ရေး အဆောက်အဦများ၊ စက်မှုဇုန်များနှင့် အခြား အဆောက်အဦများ ပါဝင်မည်ဖြစ်သည်။
နှစ်နိုင်ငံအကြား နယ်နိမိတ် သတ်မှတ်ခြင်းသည် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ ထူထောင်ရေးတွင် အရေးပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ဇူလိုင်လတွင် ပြောခဲ့သည်။
ထိုဒေသတွင် လမ်းအခြေခံ အဆောက်အဦများ တည်ဆောက်ခြင်းသည် ကျေးရွာများ၊ ရပ်ကွက်များ၊ မြို့နယ်များနှင့် ယဉ်ကျေးမှုကို မထိခိုက်ရန် လိုကြောင်းလည်း သူကပြောသည်။
“တည်ဆောက်ရေး လုပ်ဖို့ စိတ်ပါဝင်စားသူတွေကို မဖိတ်ခေါ်ခင် နိုင်ငံတွေအကြား ညှိနှိုင်းမှုနဲ့ နယ်နိမိတ် သတ်မှတ်ပြီး နယ်စပ်ဒေသမှာ မြေအသုံးပြုရေး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို ပြီးစီးအောင် လုပ်ရမှာဖြစ်ပါတယ်” ဟု ထိုစဉ်က သူက ပြောခဲ့သည်။
(Nan Lwin ၏ Myanmar, China to Conduct Joint Boundary Inspection Next Year, Ministry Says ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You May Also Like These Stories:
ငေါ့ချမ်းခမြစ်ရေ နောက်ကျိရခြင်းနှင့် ဌာနေများ၏ အနာဂတ်
မှတ်ပုံတင် အတုဖြင့် ကျောက်မျက်ပွဲ လာသည့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေ
ထိုင်းတိရစ္ဆာန်ရုံမှ ပန်ဒါဝက်ဝံ ရုတ်တရက် သေဆုံးမှုကို တရုတ်ဘက်က စုံစမ်းစစ်ဆေး