လာမည့် ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူအများ၏ အနာဂတ်ကို အာမခံပေးနိုင်သည့် နိုင်ငံရေးပါတီဖြစ်ကြောင်း လုပ်ငန်းများ လုပ်ပြခြင်းဖြင့် ကြွေးကြော်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ရှိ အစိုးရအဖွဲ့၏ အနိုင်ရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောသည်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအချိန်က ပြည်သူလူထု၏ အပြောင်းအလဲကို လိုချင်နေသည့် ဆန္ဒက အမြင့်မားဆုံးကို ရောက်ရှိနေချိန် ဖြစ်သဖြင့် “ပြောင်းလဲချိန်တန်ပြီ” ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ဆွဲကာ ပြည်သူအများ၏ အစိုးရဖွဲ့အဖြစ် ရွေးချယ်တင်မြှောက်နိုင်ခဲ့သော်လည်း ယနေ့အချိန်တွင် ပြည်သူအများ၏ အခြေအနေက ပြောင်းလဲလာပြီ ဖြစ်သည်ဟု သုံးသပ်ပြီး ယခုလို လာမည့်ရွေးကောက်ပွဲတွင်လည်း ပြည်သူအများ၏ ယုံကြည်မှုကို ရရှိပြီး အစိုးရဖွဲ့သည်အထိ လုပ်ဆောင်နိုင်မည်ဟု ယူဆကြောင်း သူက ဆက်ပြောသည်။
ဒေါက်တာမျိုးညွန့်က “လက်ရှိအချိန်မှာလည်း ကျနော်တို့ အစိုးရက လုပ်ဆောင်တွေဟာ ပြည်သူအများအတွက် လုပ်ဆောင်ခွင့်ပြုထားတာထက် ပိုလုပ်ပေးနိုင်ခဲ့တယ်၊ ပိုကြိုးစားခဲ့တယ်လို့ မြင်တယ်။ ဒါပေမယ့် ပြည်သူအများ မျှော်လင့်ထားသလောက်တော့ အပြည့်အဝ မရသေးဘူးပေါ့။ လက်ရှိအချိန်မှာ လုပ်ပေးနိုင်တဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေတော့ လုပ်လာနိုင်ပါတယ်။ ပြည်သူအတွက် ကြိုးစားပေးနိုင်ခဲ့ပါတယ်” ဟု ဆိုသည်။
ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင်လည်း ပြည်သူအများ၏ တခဲနက်ထောက်ခံမှု ရရှိမည်ဟု တထစ်ချ ယုံကြည်ထားကြောင်း၊ အဓိက လုပ်ဆောင်ရမည်က ရွေးကောက်ပွဲအောင်နိုင်ရေးကို သေသေချာချာ လုပ်ဆောင်ရမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များမှ မိမိတို့ အဖွဲ့ချုပ်တာဝန်ရှိသူများက ပေးပို့သည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အချက်အလက်များ ရရှိသည့်အခါ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ဖွဲ့စည်းပြီးလျှင် မဟာဗျူဟာများ ချမှတ်ပြီးမှ မည်ကဲ့သို့ လုပ်ဆောင်မည်ကို ပြော၍ရမည်ဟု သူက ဆက်ဆိုသည်။
စက်တင်ဘာ ၂၂ ရက်နေ့က ဒုတိယ ဗဟိုကော်မတီ အစည်းအဝေးတွင် စွမ်းရည်မြှင့် သင်တန်းများပေးခြင်း၊ တွေ့ဆုံပွဲများဖြင့် အစိုးရ၊ လွှတ်တော်၊ ပါတီတို့ ဟန်ချက်ညီညီ ဆောင်ရွက်ခြင်း၊ လယ်ယာမြေကိစ္စကို သက်ဆိုင်ရာ အစိုးရကို တိုက်တွန်းခြင်း၊ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များမှ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ပေးပို့စေပြီး နောက်ရွေးကောက်ပွဲအတွက် မဟာဗျူဟာရေးဆွဲစေခြင်း၊ တိုင်းရင်းသားရေးရာ ကော်မတီကို ဖွဲ့စည်းစေခြင်း စသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။
ထို့အပြင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်ရေး၊ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပါတီဝင်များအကြား ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး စသည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။
တိုင်းရင်းသားရေးရာ ကော်မတီကို ဖွဲ့စည်းလိုက်ရခြင်းသည် တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှု ဖွံ့ဖြိုးစေရေး၊ တိုင်းရင်းသားအချင်းချင်း နားလည်မှု မြင့်မားစေရေးအတွက် ဖွဲ့စည်းခြင်းဖြစ်ပြီး ထိုသို့ ဖွဲ့စည်းရန် ယခင်နှစ်များကတည်းက စီစဉ်ထားခြင်းဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက NLD အနေဖြင့် တတိုင်းတပြည်လုံးမှ လူထုထောက်ခံမှုကို ရရှိခဲ့ခြင်းသည် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများ၏ စွမ်းဆောင်မှု အားနည်းချက်များကြောင့် ဖြစ်ခဲ့ပြီး ယနေ့အချိန်တွင် တိုင်းရင်းသား ပါတီများသည် နိုင်ငံရေးနိုးကြားလာပြီး ကိုယ့်ပြည်သူလူထုအပေါ် အားစိုက်လာသည့်အတွက် တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသားပါတီများသည် အားကောင်းလာပြီဟု
ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းမှ ဥက္ကဌ ဖြစ်သူ ဦးမြတ်သူက သုံးသပ်သည်။
သို့ရာတွင် ဗမာလူမျိုးများ အများစုရှိနေသည့် နေရာတွင်တော့ ကနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာက အားကောင်းနေဆဲဖြစ်သော်လည်း မြန်မာပြည်သူလူထု၏ အဓိကလိုအပ်ချက်ဖြစ်သည့် စီးပွားရေးကဏ္ဍ တိုးတက်မှုသည် နေ့စဉ်ဘဝ ဖြတ်သန်းနေကြရသည့် ပြည်သူလူထုအထိ မရောက်ရှိသေးဟု သူက ပြောသည်။
ထို့အပြင် မိမိတို့လို နိုင်ငံရေးလှုပ်ရှားသူများ၏ အဓိက မျှော်လင့်ချက်သည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဖြစ်သော်လည်း သာမန်ပြည်သူများ၏ အဓိက လိုအပ်ချက်သည် လွယ်ကူချောင်ချိသည့် စီးပွားရေး အဆင်ပြေမှုဖြစ်သဖြင့် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲရလိုလျှင် သူတို့၏ ဘဝတိုးတက်အောင် လုပ်ပေးရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။
ဦးမြတ်သူက “နောက်တချက်က ဗျူရိုကရေစီယန္တရားက အခုချိန်ထိ စနစ်ဟောင်းအတိုင်း ရှိနေတုန်းပဲ။ ပြည်သူကို ဝန်ဆောင်မှု ပေးရမယ်ဆိုတဲ့ အသိ သူတို့မှာ မရှိသေးဘူး။ ဒီဟာတွေကို ပြုပြင်ဖို့ လိုတယ်။ ပြည်သူ့ရဲဖြစ်ဖြစ် ဝန်ကြီးဌာန အဆင့်ဆင့်မှာဖြစ်ဖြစ် သူတို့ရဲ့ ဆက်ဆံရေး၊ လုပ်ထုံးလုပ်နည်းတွေဟာ ပြည်သူကို ဖော်ရွေပျူငှာတဲ့ ဝန်ဆောင်မှု ပေးဖို့လိုတယ်။ စီးပွားရေးမှာလည်း သာမန်ပြည်သူတွေရဲ့ လုပ်ခလစာ တိုးတက်အဆင်ပြေအောင် လုပ်ဖို့လိုတယ်။ နောက် အခြေခံကျတဲ့ ကျန်းမာရေး၊ ပညာရေးတို့ရောပဲ။ နောက်တခုက လျှပ်စစ်မီး။ မီတာခ တိုးကောက်ထားတယ်။ ၂ဝ၂ဝ ခုနှစ် ဧပြီလလောက်မှာ လျှပ်စစ်မီးက ပြတ်နေဦးမယ်ဆိုရင်တော့ ရွေးကောက်ပွဲမှာ တိုက်ရိုက် သက်ရောက်မယ်လို့ ကျနော်မြင်တယ်” ဟု ဆိုသည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အောက်ခြေလူထုနှင့် တိုက်ရိုက် ထိစပ်နေသည့် လူထုအစိုးရ၏ လက်အောက်နှင့် ကင်းလွတ်နေသည့် တပ်မတော်၊ ရဲတပ်ဖွဲ့အပြင် တရားရေးဌာနတို့ ပါဝင်သည်ကို တချို့ သိသော်လည်း တချို့မှာ မသိသည့်အတွက် NLD အစိုးရအနေဖြင့် ထိုဒဏ်ကိုလည်း ခံစားရနိုင်သလို ပညာတတ် လူတန်းစားများတွင်လည်း ထိုကဲ့သို့ နေရာဌာနများကို NLD ၏ ထိန်းချုပ်မရသည်ကို အားမလို အားမရ ဖြစ်နိုင်ကြောင်း သူက ဆက်ဆိုသည်။
ဆက်စက်ဖတ်ရှုရန်
ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီ ဆုံးဖြတ်ချက် NLD သဘောထားဖြစ်နေဟု တပ်မတော် ပြော
၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ အနိုင်ရမည် ဟုဆို
“ပရမ်းပတာ ဒီမိုကရေစီ” မဖြစ်ဖို့ လိုဟု တပ်မတော် ပြော