ငြိမ်းချမ်းရေး လိုချင်၍ အစိုးရနှင့် တသဘောတည်း ထိုင်ပြီး မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သော် လည်း AA ၊ TNLA ၊ MNDAA တို့ ၃ ဖွဲ့မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ရည်ရွယ်ချက်ရှိပုံ မရကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“သူတို့ရဲ့ (မြောက်ပိုင်း မဟာမိတ်များ) လုပ်ဆောင်ချက်တွေကို ကြည့်ခြင်းအားဖြင့် NCA လက်မှတ်ထိုးဖို့ အတွက် ရည်ရွယ်ချက် ရှိပုံလည်း မရဘူး”ဟု ပြောဆိုသည်။
တပ်မတော်၏ စစ်တိုင်းကြီး ၅ ခုတွင် တဖက်သတ် အပစ်ရပ်ထားခြင်း စက်တင်ဘာလ ၂၁ ရက်တွင် ပြည့်သော်လည်း ထပ်မံ သက်တမ်း တိုးမပေးတော့ဘဲ တပ်မတော် တာဝန်ရှိသူတဦးက ယခုလို ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။
ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန် မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် တို့ (AA)တို့နှင့် အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များ ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့တွင် တွေ့ဆုံခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲ အဆင်ပြေရန် အရေးကြီးသည်ဟု အစိုးရဘက်မှ ကြိုတင်ပြောဆိုခဲ့သော်လည်း တိုက်ပွဲများ ရပ်တန့်ရေး ဆက်လက် ဆွေးနွေးမည်ဟု သဘောတူညီမှုမှအပ သိသာတိုးတက်သည့် ဆွေးနွေးပွဲ ရလဒ်များ မထွက်ပေါ်ခဲ့ပေ။
“ဘာရလဒ်မှ မယ်မယ်ရရ ထွက်ခဲ့တာ မရှိဘူးဆိုတာလည်း တွေ့ရပါလိမ့်မယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အကျိုး သက်ရောက်မှု ရှိနိုင်မယ့် ရလဒ် မထွက်ခဲ့ဘူးဆိုတာ သိရလိမ့်မယ်”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။
ထို့ပြင် စက်တင်ဘာလ ၂၀ ရက်က ညီနောင် မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် AA ၊ TNLA ၊ MNDAA တို့သည် တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာချက်ထုတ်ပြီး နာရီပိုင်းအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်ရှိ တပ်ဌာနချုပ်အား လက်နက် ကြီးဖြင့် လာပစ်ခြင်းကို တပ်မတော်က စိတ်ဆိုးခဲ့ပြီး ၎င်းတို့၏ အပစ်ရပ် သက်တမ်းတိုးမှု ရပ်ဆိုင်းရန် အကြောင်းရင်း ဖြစ်စေခဲ့သည်ဟု ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“တပ်မတော်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေရတဲ့ တရားဝင် အဖွဲ့ အစည်း ဖြစ်တယ်။ သူတို့ လုပ်သလို ကြေညာချက်ထုတ်တာက တခြား၊ လက်တွေ့ ဆောင်ရွက်မှုက တခြား လုပ်ဆောင် လို့ မရဘူး။ သူတို့လို ဗလောင်းဗလဲ လုပ်လို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ လိမ်လည်လို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ဖို့ အစီအစဉ် မျိုး မရှိတော့ ဘူး”ဟု ဆက်ပြောသည်။
မြောက်ပိုင်းအဖွဲ့များက ၂၀၁၉ ခုနှစ်ကုန်ပိုင်း အထိ အပစ်ရပ်ကြောင်း ကြေညာခြင်းမှာ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိ နှိုင်းမှု လွယ်ကူစေရန်၊ ပိုပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်း၊ တပ်မတော်၏ အပစ်ရပ် သက်တမ်း တိုးသည် ဖြစ်စေ၊ မတိုးသည် ဖြစ်စေ ၎င်းတို့ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောဆိုသည်။
“အရင်ကလည်း ကျနော်တို့ဒေသမှာက တိုက်ပွဲက မဖြစ်သလောက်ကို မရှိဘူး။ တောက်လျှောက် ဖြစ်နေတာပဲ။ တိုက်ပွဲ တွေက လုံးဝ ရပ်သွားတာ မရှိဘူး။ ကြေညာချက် ထုတ်ထုတ်၊ မထုတ်ထုတ် သူတို့ဘက်က လိုက်တိုက်နေရင် တိုက်ပွဲက ဆက်ဖြစ်နေမှာပဲ”ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်း အဖွဲ့များ၏ သဘောထားမှာ NCA ကို တရားဝင် မဆွေးနွေးရသေးကြောင်း၊ လက်ရှိတွင် Bilateral ထိုးနိုင် ရေး အရင် ဆွေးနွေးနေပြီး ယခု စာချုပ်ကို တဖွဲ့ချင်း ဖြစ်စေ၊ ၄ ဖွဲ့စလုံး ဖြစ်စေ မည်သို့ပင် လက်မှတ်ရေးထိုး စေကာမူ တရက်တည်း တနေရာတည်းတွင် ရေးထိုးမည် ဖြစ်ကြောင်း TNLA ပြောခွင့်ရသူက ပြောပြသည်။
“တပ်နေရာချထားရေးမှာလည်း အသေးစိတ် မဆွေးနွေးရသေးဘူး။ ပြီးခဲ့တဲ့ ကျိုင်းတုံဆွေးနွေးပွဲမှာတော့ တပ်မတော် ရဲ့ ပြောဆိုမှု တချို့ ရှိတယ်။ ကျနေ်ာတို့ ပြောတာက နယ်မြေ ပိုင်းခြားရေး၊ တပ်နေရာ ချထားရေးတို့ပေါ့။ သူတို့ဘက် က နယ်မြေ ပိုင်းခြားရေးကို မဆွေးနွေးဘူး။ တပ်နေရာချထားရေးပဲ ဆွေးနွေးမယ်လို့ ပြောတယ်”ဟု ဗိုလ်မှူး မိုင်းအိုက် ကျော် က ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို စောင့်ကြည့်လေ့လာသူ ဦးမောင်မောင်စိုးကမူ တပ်မတော်က အပစ်ရပ် သက်တမ်း မတိုး သော်လည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပါက တိုက်ပွဲများ ပိုပြင်းမလာနိုင်ကြောင်း၊ သို့သော် တိုက်ပွဲများ ရပ်တန့် နိုင်ရေးသည် ကျိုင်းတုံ ဆွေးနွေးပွဲ သဘောတူညီချက်တွင် ပါဝင်သည့် တပ်နေရာချထားရေး ကိစ္စကို မြန်မြန် ဆွေးနွေး နိုင်ရန် လိုကြောင်း ပြောဆိုသည်။
ဦးမောင်မောင်စိုးက“အဲဒီအချက်ကို မြန်မြန်ဆန်ဆန် ဆွေးနွေးပြီး သဘောတူညီချက် မရမချင်းကတော့ တိုက်ပွဲတွေ ကတော့ ရှိနေမှာပဲ။ သံသယတွေနဲ့ မယုံကြည်မှုတွေကလည်း ရှိနေမှာပဲ။ ဆွေးနွေးတဲ့နည်းနဲ့ပဲ ဖြေရှင်းလို့ရမှာ။ အဲဒီ အချက် ၃ ကို မဖြေရှင်းနိုင်သရွေ့ ကတော့ တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲနေကြမှာပဲ”ဟု ပြောသည်။
တပ်မတော်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းခြင်းကို ရခိုင်ဒေသမှ လွဲ၍ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံတိုင်းတို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး ၂ လ တကြိမ် အပစ်ရပ် သက်တမ်း တိုးပေးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး သက်တမ်းတိုးမှုမှာ သြဂုတ်လ ၃၁ ရက်နေ့ မြောက်ပိုင်း မဟာမိတ်များနှင့် အစိုးရတို့ကြား တွေ့ဆုံခဲ့သည့် ကျိုင်းတုံ ဆွေးနွေးပွဲ အပြီးတွင် ယင်းရလဒ်အပေါ် မူတည်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အထိ ဖြစ်သည်။ သို့သော် ယခု ဆက်မတိုးတော့ပေ။
TNLA ၊ AA နှင့် MNDAA တို့ ညီနောင် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်က နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင် ရေး တရပ် ပြုလုပ်ခဲ့ပြီး ရခိုင်တွင် AA သည် စစ်ရေးအရ ဖိအားပေးခံနေရသဖြင့် နောက်စစ်မျက်နှာတခု အသစ် ဖွင့်ရ ခြင်း ဖြစ်သည်ဟု အကြောင်းပြသည်။
ယင်းနောက်ပိုင်း မူဆယ်-မန္တလေးကြား ကုန်သွယ်လျက်ရှိသော ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နောင်ချို မြို့ ဂုတ်တွင်း တံတားကို လည်း ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အခြား တံတား ၃ စင်းကို ဖျက်ဆီးခြင်း၊ အရပ်သားကားများကို မီးရှို့ ခြင်းများ ဆက်ရှိခဲ့သဖြင့် တပ်မတော်နှင့် နှစ်ဖက် တိုက်ပွဲများ ရင်ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။
နောက်ပိုင်းတွင် တရုတ်-မြန်မာ ကုန်သွယ်ရေး ထိခိုက်လာခြင်း၊ တရုတ်-မြန်မာ နယ်စပ် မတည်ငြိမ်တော့ခြင်းတို့ ကြောင့် တရုတ်သည် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဝင်ရောက် ကူညီဆောင် ရွက်မှု များ ပြုလုပ်ခဲ့သည်။
တရုတ်၏ ကြားဝင် ညှိနှိုင်းမှုကြောင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာ သော်လည်း ရလဒ် မယ်မယ်ရရ ထွက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။
You may also like these stories:
တပ်မတော် အပစ်ရပ် သက်တမ်းတိုးဖို့ မသေချာတော့
ဘူးသီးတောင် တပ်မဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်
NCA ထိုး လက်နက်ကိုင်များ ပြည်ပထောက်ပံ့မှု ယူလိုက အစိုးရထံ ခွင့်တောင်းရမည်
”စွန့်လွှတ်အနစ်နာ မခံဘဲ ငြိမ်းချမ်းရေး မရဘူး”